ချင်းပြည်နယ် ဟားခါးမြို့တွင် ကားကွင်းသုံးကွင်းအထိ တည်ဆောက်ရန်ပြင်ဆင်နေမှုမှာ ဟားခါးမြို့အတွက် မလိုအပ်ကြောင်း ဟားခါးမြို့မှ အခြားမြို့များသို့ပြေးဆွဲနေသည့် ယဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။
“ကျွန်တော့်အနေနဲ့ကတော့ သုံးခုထိမဟုတ်ဘဲနဲ့ အများဆုံး ကားကွင်းနှစ်ခုဆိုရင် လုံလောက်ပြီလို့မြင်တယ်၊ ရန်ကုန် မန္တလေးလိုမျိုး မြို့ကြီးတွေတောင် ကားကွင်းနှစ်ခုလောက်နဲ့ အဆင်ပြေနေတာဆိုတော့ ဟားခါးမြို့မှာလည်း အများဆုံးနှစ်ခုဆိုရင်လုံလောက်ပြီလို့ထင်တယ်၊ ရန်ကုန်/မန္တလေး ဘက်သွားတဲ့ ကားတွေအတွက်တစ်ကွင်း၊ ထန်တလန်/ကလေး ဘက်သွားတဲ့ ကားတွေအတွက် တစ်ကွင်း စုစုပေါင်း နှစ်ကွင်းဆိုလုံလောက်ပြီလို့မြင်တယ်၊ ဟားခါးမှာ ကားကွင်း ဘယ်နှစ်ကွင်း လုပ်သင့်လဲဆိုတဲ့ကိစ္စကိုတော့ ယဉ်လိုင်းပိုင်ရှင်တွေစုပြီးတော့ အစည်းအဝေးပြန်လုပ်သွားမှာပါ”ဟု ဟားခါး-မန်း ဂိတ်ပိုင်ရှင် ကိုအုပ်သဲမှ ပြောသည်။
ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဟားခါးမြို့အောင်ဆန်းစုကြည်လမ်းတွင် ကားကြီးကွင်းတည်ဆောက်ရန်၊ ဟားခါးမြို့ထန်တလန်လမ်းတွင် ကားကြီးကွင်းတည်ဆောက်ရန်၊ ဟားခါးမြို့ဗန်ကူလ်လမ်းတွင် ကားကြီးကွင်းတည်ဆောက်ရန် စသည့်သုံးနေရာအတွက် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် Developer များပူပေါင်းအကောင်အထည်ဖော်ရန် လျှောက်လွှာခေါ်ယူသည့် စာကို ၂၀၁၈ သြဂုတ်လက ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဟားခါးမြို့တွင် ကားကွင်းတည်ဆောက်မည့် ကိစ္စနှင့် ပါတ်သတ်ပြီး ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်မှ “ဟားခါးကားကြီးကွင်းအနေနှင့် ဂန်ဂေါလမ်းဘက်မှာ အခုလက်ရှိလုပ်နေတယ်၊ နောက်တစ်ခါ ဖလမ်းဘက်တစ်ခု ထန်တလန်ဘက်တစ်ခု ကျွန်တော်တို့စီစဉ်တယ်၊ ဒါပေမယ့် သုံးခုလုံးကြီး တစ်ခါတည်း လုပ်ဖို့ကမလွယ်ပါဘူး၊ ဘတ်ဂျတ်ကလည်းမလွယ်ဘူး၊ အဲဒါကြောင့် လောလောဆယ်တော့ ဂန်ဂေါဘက်က ကားကွင်းကိုဘဲ ဦးတည်ပြီးတော့ လုပ်ပါမယ်၊ ဟိုဘက်ကိုတော့ မြေနေရာအရရာထားတာပါ”ဟု ဖြေကြားခဲ့သည်။
လက်ရှိအနေဖြင့် ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဟားခါးမြို့ ဂန်ဂေါလမ်းဘက် ကားဂိတ်အတွက် မြေညှိခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပြီး၊ မြောင်းဖော်ခြင်းနှင့် အဝင်လမ်းခင်းခြင်းလုပ်ငန်းများကို စည်ပင်ဘတ်ဂျတ်ဖြင့် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကာ ကျန်သည့်လုပ်ငန်းများကို Developer လုပ်ငန်းရှင်များမှ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့ ကားကွင်းသုံးကွင်း ဆောက်လုပ်မည့်ကိစ္စနှင့် ပါတ်သတ်ပြီး တောင်ဇလပ် ယဉ်လိုင်း ပိုင်ရှင်တစ်ဦးဖြစ်သည့် ကို Pa Khual မှ “ကားကွင်းသုံးခုလုပ်တာကမလိုဘူးလို့ထင်တယ်၊ ဘာလို့လဲဆိုရင် ကားကွင်းသုံးခုဖြစ်သွားရင် ကားဂိတ်တွေအနေနဲ့ ဂိတ်တစ်ခုမှာ အနည်းဆုံးဝန်ထမ်းနှစ်ယောက်ထားဖို့လိုလာတယ်၊ အခုဂိတ်တစ်ခုတည်း တောင်မှ နှစ်ယောက်ထားတာ တစ်ယောက်ကို နှစ်သိန်းလောက်ပေးနေရတော့ သုံးနေရာအတွက်ဆိုရင် ယဉ်လိုင်းတွေအတွက် ဒုက္ခရောက်သွားပြီ၊ ဟာခါးမြို့အတွက်ဆိုရင် အချက်အခြာကျ တဲ့နေရာမှာ တစ်ခုတည်းဖွင့်နိုင်ရင်တောင် လုံလောက်မှုရှိပါတယ်၊ အခုတောင်မှ ဆီစျေးတွေတက်နေလို့ ဒုက္ခရောက်နေတဲ့အချိန်မှာ ယဉ်လိုင်းတွေအနေနဲ့ ဂိတ်သုံးနေရာဖွင့်နိုင်ဖို့အတွက် ဝန်ထမ်းထပ်ခန့်မယ်ဆိုရင် ယဉ်လိုင်းတွေ ဆက်လက်ရှင်သန်ဖို့ မလွယ်လောက်ဘူး”ဟု ပြောသည်။