လာမည့် နိုဝင်ဘာလ ရရက်နေ့တွင် ကျရောက်မည့် ၆၃နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဒုံးအဖွဲ့များမှာယခုနှစ် အလွန်နည်းပါးနေကြောင်း ပြည်နယ်နေ့အခမ်းအနားကိုဦးဆောင်ကျင်းပသူများထံမှ သိရသည်။
ပြိုင်ပွဲဝင်ဒုံးများအနေဖြင့် အောက်တိုဘာလ ၁၅ရက်နေ့အထိ ရှေးဟောင်းသုတေသန နှင့် ယဉ်ကျေးမှု ပြတိုက်တွင်စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်းစာထုတ်ထားသော်လည်းယမန်နေ့(အောက်တိုဘာ ၁၁ ရက်) အထိတရားဝင်စာရင်းလာသွင်းထားသော ပြိုင်ပွဲဝင် ဒုံးအဖွဲ့မှာ ၆ဖွဲ့သာ ရှိသေးကြောင်းဒိုင်ချုပ်စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြောသည်။
ပြိုင်ပွဲဝင် ဒုံးအဖွဲ့များလျော့နည်းလာရခြင်းနှင့် ပတ်သက်ပြီးစောခင်မောင်မြင့်က“ဒုံးတစ်ဒုံးဖြစ်ဖို့ကသိန်းငါးဆယ်၊ ခြောက်ဆယ်လောက် ကုန်တယ်။ ပြန်လည် ရရှိတဲ့ ဆုတွေနဲ့ကမကာမိဘူး။ ဒါပေမဲ့လည်းကိုယ့်ရဲ့ ပြည်နယ်ပွဲဆိုတော့ စည်ကားသိုက်မြိုက်အောင် ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့ သဘောပါပဲ။ တစ်ချို့ကလည်းဒီလောက်အထိကုန်ကျစရိတ်ကိုကျေးရွာအုပ်စုတစ်ခုနဲ့ မတတ်နိုင်တဲ့ အခါကျတော့ ဒုံးတွေ လျော့နည်းလာတာဖြစ်တယ် ”ဟုပြောသည်။
ပြိုင်ပွဲဝင် ဒုံးတစ်ဒုံးဖြစ်မြောက်ရန် တစ်နေရာစီမှလူစုရပြီးရက်၂ဝကျော် သင်ကြားရသည့်အတွက် နေစရိတ်၊ စားစရိတ်များအပြင် ဒုံးဝတ်စုံများအတွက်ပါအကုန်အကျများခြင်းစသည့်အခက်အခဲများကြောင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှ အပြည့်အဝထောက်ပံ့ကြေးပေးနိုင်မည်ဆိုပါကဒုံးအရေအတွက် ပိုများလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ယခုနှစ် ကရင်ရိုးရာဒုံးအက ပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ် စောခင်မောင်မြင့် ၊ ဒုဒိုင်ချုပ်အဖြစ် လှိုင်းဘွဲမြို့နယ်မှ ဆရာဦးစောအုန်းတင်နှင့်စောဝင်းကျော်ကျော်တို့မှအကဲဖြတ်ပေးမည်ဖြစ်ပြီးပထမဆုကျပ်သိန်း(၂၀) ၊ ဒုတိယဆုကျပ်(၁၅)သိန်း၊ တတိယဆုကျပ်(၁၀)သိန်းအပါအဝင် နှစ်သိမ့်ဆုနှင့် အခြားဆုများကိုလည်းချီးမြှင့်ပေးသွားမည်ဟု ပြိုင်ပွဲတာဝန်ရှိသူများကပြောသည်။
ယခင်နှစ် ၆၂နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် ကရင်ရိုးရာဒုံးအကဝင်ရောက်ယှဉ်ပြိုင်သည့် ဒုံးအဖွဲ့ ၁၆ဖွဲ့ ရှိခဲ့ပြီး နိုဝင်ဘာလရရက်မှ ၁ဝရက်နေ့အထိ ၄ရက်တာ ယှဉ်ပြိုင်ခဲ့ကာကော့ပရံကျေးရွာယဉ်ကျေးမှု စုပေါင်းဒုံးအဖွဲ့မှ ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။