တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်သူအချို့က အခြေခံဥပဒေကို လွှဲချနေဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဆို

တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်သူအချို့က အခြေခံဥပဒေကို လွှဲချနေဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဆို
by -
စိုးသူအောင်
ဓာတ်ပုံ -Union Solidarity and Development Party
ဓာတ်ပုံ -Union Solidarity and Development Party

တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်သူအချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတားအဆီး တစ်ခုအဖြစ်လွှဲချနေကြသည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ USDP ပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် အလုပ်တွေဖြစ်အောင် မလုပ်နိုင်သောပုဂ္ဂိုလ်အချို့က ဒီအခြေခံဥပဒေကြီးကြောင့်ပါလို့ ရမယ်ရှာနေတယ်။ ဒီအခြေခံဥပဒေကြီးဖျက်ပစ်လိုက်မှ အလုပ်ကို အောင် မြင်အောင် လုပ်ပြနိုင်မှာပါလို့ တရားခံရှာနေတဲ့ အဲ့ဒီ ဥပဒေကြီးမှာ ချင်းလူမျိုးတွေ ပညာမသင်ရဘူးလို့လည်း မပြောဘူး။ ချင်းတွေ ဗမာပြည်မှာလာမနေနဲ့လို့လည်းမပြောဘူး။ ချင်းတွေနိုင်ငံရေး မလုပ်ရဘူး လို့လည်း မပြောဘူး။ ချင်းတွေ နိုင်ငံတော် သမ္မတမဖြစ်ရဘူးလို့လည်း ကန့်သတ်မထားဘူး။ အခြေခံဥပဒေထဲမှာ အားလုံးကို အတိအလင်း တစ်ပြေးညီပေးထားတာ။ အားလုံးတန်းတူအခွင့် အရေးရှိတယ်” ဟု ဦးသန်းဌေး ကပြောသည်။

ထို့အပြင်အခြေခံဥပဒေထဲတွင် လူမျိုးကြောင့်ဖြစ်စေ၊ ကျား/မ ကွဲပြားမှုကြောင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာရေးကြောင့်ဖြစ်စေ အခွင့်အရေးခြားနားမှုမရှိ၊ အားလုံးတန်းတူသာဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

“ ဒါကြောင့် အခုအခြေခံဥပဒေကြောင့် တိုင်းပြည်တိုးတက်မှုနှောင့်နှေးတယ်။ အလုပ်လုပ်လို့မရဘူး။ ပြောနေတဲ့စကားတွေကို နားမယောင်ပါနဲ့ ၊သေသေချာချာသိအောင် နားလည်အောင်ဖတ်ကြည့်ကြပါဦး” ဟု ပြည်ထောင်ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒ နယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်များအတွက် ၈ နေရာ စုစုပေါင်း ၁၃ နေရာ လစ်လပ်လျှက်ရှိသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကမူ လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆို ခွင့်ရှိသူများကပြောဆိုထားပြီး USDP ပါတီအနေဖြင့်မှု ၁၀ နေရာ တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...