သတင်းအပေါ် စိတ်တော်မထားတတ်သမျှ စပ်ဖျင်းနေဦးမည်ပ

သတင်းအပေါ် စိတ်တော်မထားတတ်သမျှ စပ်ဖျင်းနေဦးမည်ပ

“တစ်ချို့ဂျာနယ်တွေ ငါဖတ်ကြည့်တယ်၊ ခြောက်လပြည့်အောင်ဖတ်လည်း အကောင်းတစ်ခုမှ မပြောဘူး။ အဲဒီလိုဟာမျိုး မွန်ပြည်နယ်မှာရှိတယ်၊ ဒီလောက်လောက်ဆိုသိပြီပေ့ါ”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောလိုက်ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်ခန်းမအတွင်းပြုလုပ်သော စက်တင်ဘာ ၂၀ ရက် အစည်း အဝေးအပြီးသတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြောခြင်းဖြစ်၏။

မည်သည်ကို ရည်ညွှန်းကြောင်း ဝန်ကြီးချုပ်က တိတိပပမဆိုသော်လည်း ပြည်နယ်အစိုးရ အဖွဲ့ရုံး စိုက်ရာ မော်လမြိုင်မြို့၌ ပုဂ္ဂလိက ဂျာနယ်အဖြစ် အပတ်စဉ်ထုတ်ဝေလျှက်ရှိသည်မှာ လက်ရှိအချိန်၌ ဟင်္သာတစ်စောင် တည်းသာ ရှိပါသည်။

ဤနေရာတွင် ကနဦးအားဖြင့် ရှင်းလင်းအောင် အသိပေးထားလိုသည်မှာ ဝန်ကြီးချုပ်၏ အထက်ပါ ပြောစကားကို ဟင်္သာသို့ပြောကြောင်း တထစ်ချ မှတ်ယူ၍ ယခုအာဘော်ဖြင့် ချေပရေးသားခြင်းမဟုတ်ပါ။

သို့သော် လူကြီးမင်းတို့ တည်ဆောက်နေပါသည်ဆိုသော ဒီမိုကရေစီစနစ်တွင် မဖြစ်မနေ အတူယှဉ်တွဲ လိုက်ပါ ရမည့် ပုဂ္ဂလိကသတင်းမီဒီယာ၏ အခန်း ကဏ္ဍနှင့် စစ်မှန်သော သတင်းထောက်ကောင်းဖြစ်လာစေရန် ကိုယ့် ခွန်ကိုယ့် အားဖြင့် ရုန်းကန်နေရသော သတင်းထောက်တို့၏ သဘောသဘာဝကို အကျဉ်းချုံး ရှင်းပြရန် ရည်ရွယ်ပါသည်။

လွတ်လပ်သော ပုဂ္ဂလိကမီဒီယာ၏အနှစ်သာရမှာ ပြည်သူများသိရန် လိုအပ်သော အဖြစ်အပျက် အကြောင်းအရာများကို သိရှိနားလည်စေပြီး သူတို့ဘဝ နေထိုင် စားသောက်မှုတွင် ဆုံးဖြတ်လုပ်ဆောင်နိုင်ရေး သတင်း အချက်အလက်များပေးရန်ဖြစ်သည်။

သတင်းဟူရာတွင် ပြောစကားတစ်ခုရရုံဖြင့်မပြီး သတင်းအချက်အလက်များကို တိုက်ဆိုင် စစ်ဆေးရန်၊ မတူညီသောအမြင်ရှုထောင့်နှင့် ဖြည့်စွက်စဉ်းစားသင့် သောကိစ္စများ တတ်နိုင်သမျှပါဝင်နိုင်ရေးကို အချိန်ရသမျှ ကြိုးစားတင်ဆက်ရန် တာဝန်ရှိ၏။

အကောင်းမရေးဘူးဟု ဝန်ကြီးချုပ်ပြောသော မီဒီယာတွေ့ဆုံမှုအတွင်း ရရှိသည့် သတင်းအချက်အလက်တစ်ခုကို ဤနေရာတွင် နမူနာအားဖြင့် ထုတ်နုတ်ပြလိုပါသည်။

ဟင်းသီးဟင်းရွက်စိုက်သူများကို မြေတောင်မြှောက်ပေးဖို့ ပထမဆုံး စဉ်းစား လျှင် စိုက်ထားသော အသီးအနှံများကို ရောင်းရန် အဆင့်အတန်းပြည့်မီသော လက်ကားစျေးကြီးတစ်ခုရှိရန် လိုကြောင်း၊ စျေးကွက်ဖန်တီးပေးမှ စိုက်ကြမှာ ဖြစ်ကြောင်း အဓိပ္ပာယ်ရသော စကားစုများကို ဝန်ကြီးချုပ်က ပြောလိုက်ပါ သည်။

အဆိုပါ သတင်းကို အခြေခံသတင်းစာပညာဖြင့် တိတိကျကျလိုက်နာ တင်ဆက်သည့်အခါတွင် လူကြီးမင်း၏ ပြောစကားတစ်ခုတည်းနှင့်ပြီး၍မရ၊ အနိမ့်ဆုံးအားဖြင့် ဟင်းသီးဟင်းရွက်စိုက်သူများ (သို့မဟုတ်) ၄င်းတို့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့တာဝန်ရှိသူတို့ထံ စုံစမ်းမေးမြန်းရာ၏။

ကာယကံရှင်တို့ လိုလား၊ လိုအပ်နေသည့် ပထမဆုံးအကူအညီ အထောက် အပံ့မှာ စျေးသစ်ကြီးတစ်ခု ဟုတ်ပါ၏လော စောကြောရမည်သာ။

ထို့အတူ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်ဖြစ်စေ၊ ပွဲများ အခမ်းအနားများစီစဉ်၍ ဖြစ်စေ အချိန်မရွေး အသံကုန်ဟစ်ခွင့်ရထားသူတို့ထက်စာလျှင် အသံမဲ့ဟု တင်စားခေါ်ဝေါ်ကြသော သာမန် ပြည်သူတို့၏ သဘောထားများကို အာဏာ ပိုင်တို့ကြားနိုင်ရေး တတ်နိုင်သမျှ မြည်ဟီးစေရန်ကိုလည်း ရှေးရှုရပါ၏။

ယင်းသည် သတင်းထောက်တစ်ဦး၏ တာဝန်၊ ဘက်ပေါင်းစုံနှင့် အချက် အလက် များကို တတ်နိုင်သမျှ ပေါင်းစပ်ဖော်ပြရန် ဦးတည်ချက်ရှိသော သတင်းဌာန၏ လုပ်ငန်းစဉ်လည်းဖြစ်ပါသည်။

စစ်မှန်သော သတင်းစာပညာဆိုင်ရာ ရေခံမြေခံစတင်ပွင့်လန်းလာချိန်မကြာ သေးသော ယခုခေတ်တွင် အထက် ပါ ရှင်းလင်းချက်များသည် မျက်စိစပါးမွှေး စူး၊ နားကြားပြင်းကပ်ရန် အခွင့်အလမ်းပိုများပါသည်။

သို့သော် ဒီမိုကရေစီနှင့် လိုက်လျောညီထွေရှိသည့် သတင်းစာ ဆရာကောင်း၊ သတင်းဌာနကောင်းများ ယခုထက်ပိုမို ပေါ်ထွန်း၊ ပေါများ၊ ဖွံ့ဖြိုးတိုးတက်ရေး ရှေးရှုသည်ဆိုလျှင် ယင်းတို့သည် မရှိမဖြစ်လိုအပ်သော နားလည်မှု အခြေခံပင်။

သို့ပါ၍ ပညာသည်ဆန်စေရန် ကျင့်ကြံအားထုတ်နေသော သတင်းဌာနနှင့် သတင်းထောက်တို့မည်သည် ၄င်းတို့ နေ့စဉ်ဆက်ဆံနေရသော သူဌေးမှအစ အာဏာပိုင်ကြီးများအဆုံး သတင်းရင်းမြစ်ပေါင်းစုံထံမှ “ငါပြောတဲ့အတိုင်း မရေးဘူး”ဟူသော အလိုမကျ၊ သဘောမခွေ့မှုများကို ထက်ထက်သန်သန် လက်ခံရယူရန် ယခုရော၊ နောင်ရော ဝန်မလေးပါကြောင်း။

 

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...