̔တိုင်းရင်းသားတွေရဲ့စာပေနှင့်ယဉ်ကျေးမှုတွေကိုထိန်းသိမ်းမြှင့်တင်ပြီးတော့အခွင့်အရေးတွေကိုကာကွယ် စောင့်ရှောက်မယ်။̕ -- ညွှန်ကြားရေးမှူးစောကျော်မင်းထွဋ်နှင့် တွေ့ဆုံခြင်း

̔တိုင်းရင်းသားတွေရဲ့စာပေနှင့်ယဉ်ကျေးမှုတွေကိုထိန်းသိမ်းမြှင့်တင်ပြီးတော့အခွင့်အရေးတွေကိုကာကွယ် စောင့်ရှောက်မယ်။̕ -- ညွှန်ကြားရေးမှူးစောကျော်မင်းထွဋ်နှင့် တွေ့ဆုံခြင်း
ညွှန်ကြားရေးမှူး စောကျော်မင်းထွဋ် (Photo_KIC)
ညွှန်ကြားရေးမှူး စောကျော်မင်းထွဋ် (Photo_KIC)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ၂ဝ၁၆ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီးလက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင်ညွှန်ကြားရေးမှူးရုံးများဖွင့်လှစ်ထားသည်။ 

ကရင်ပြည်နယ်အတွက် ညွှန်ကြားရေးမှူးရုံးကိုယခုနှစ် ဇွန်လ ၂၈ရက်နေ့ကဖားအံမြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းဝန်ကြီးဌာန၏ လတ်တလောလုပ်ငန်းဆောင်တာများ၊ လုပ်ငန်းဆောင်ရွက်မှုတွင် ကြုံတွေ့နေရသောအခက်အခဲ၊ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးစောကျော်မင်းထွဋ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကိုဖော်ပြလိုက်ပါသည်။ 

မေး။ ။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖြစ်ပေါ်လာပုံကိုပြောပြပေးပါ။ 

မြန်မာနိုင်ငံဟာတိုင်းရင်းသားတွေအားလုံးစုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းကတိုင်းရင်းသားတွေဟာဒီအခွင့်အရေးကိုတန်းတူမရကြဘူးဆိုပြီးတော့ သမိုင်းအကြောင်းအရာပဋိပက္ခလေးတွေ ရှိိခဲ့ကြတာပေါ့။ ဒီအတွက် တိုင်းရင်းသားတွေ အားလုံးဟာဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားအခွင့်အရေးအားလုံးအခွင့်အရေးတွေကိုတန်းတူရဖို့ဆိုပြီးတော့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြဌာန်းခဲ့ကြတယ်။ အဲ့ဒီဥပဒေအရပဲယခုအစိုးရလက်ထက် ၂၀၁၆ခုနှစ်၊ မတ်လ ၃ဝရက်နေ့မှာကျနော်တို့ သမ္မတရုံးရဲ့ကြေညာချက်အမှတ် (၁/၂၀၁၆)နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့တယ်။ 

ဒါပေမယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကကျနော်တို့ ဥပဒေမှာပါတဲ့ နာမည်နဲ့ နည်းနည်းလေးကွဲလွဲနေတယ်။ တိုင်းရင်းသားလူမျိုးများဆိုင်ရာအခွင့်အရေးစောင့်ရှောက်ရေးဥပဒေမှာပါတာနဲ့ နည်းနည်းလေးကွဲလွဲနေတော့  ဒီနာမည်ပြောင်းဖို့ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုတင်ပြပြီးသဘောတူညီချက် ရယူပြီးတော့ ကျနော်တို့ ဒီ ၂၅. ၅.၂၀၁၆ ရက်မှာ နိုင်ငံတော် သမ္မတရုံးရဲ့ကြေညာစာအမှတ် ၂၀/၂၀၁၆ နဲ့ တိုင်းရင်းသားလူမျိိုးများရေးရာဝန်ကြီးဌာနဆိုပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ 

မေး။ ။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှာဌာနဘယ်နှစ်ခုရှိလဲ။ ပြီးတော့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံးကကရင်ပြည်နယ်အပြင် အခြားဘယ်ပြည်နယ်နဲ့တိုင်းတွေမှာဖွင့်လှစ်ထားတာရှိပါသလဲ။

    

ကျနော်တို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှာပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု ဦးစီးဌာနရယ်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဆိုပြီးတော့ ဝန်ကြီးရုံးနဲ့ ဦးစီးဌာန နှစ်ခုတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးရုံးကိုတိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄)ခုလုံးမှာဒီရုံးတွေ ဖွင့်လှစ်ထားတယ်။မွန်ပြည်နယ် မော်လမြိုင်မြို့ မှာ ၁၉.၃.၂၀၁၈ ရက်နေ့ ၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၁၈.၆.၂၀၁၈ ရက်နေ့၊ နဲ့ ဒီကရင်ပြည်နယ် ဖားအံမြို့မှာ (၂၈.၆.၂၀၁၈)ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်။ ရန်ကုန်တိုင်းမှာတော့ ရုံးအကြီးစားအဆောက်အအုံပြန်ပြီးတော့ ပြင်ဆင်တယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာရုံးအဆောက်အအုံသစ် တည်ဆောက်ဖို့လုပ်ဆောင်နေပြီ ဖြစ်တယ်။

မေး။ ။ ဒီရုံးနဲ့ ဦးစီးဌာန နှစ်ခုရဲ့ တစ်ခုချင်းစီကဘယ်လိုလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပါသလဲ။ 

ကျနော်တို့ ဝန်ကြီးဌာနကသူ့ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု တွေကိုထိန်းသိမ်းမြှင့်တင်မယ်။ အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက် ပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်ကိုတိုးတက်ခိုင်မာစေပြီးတော့ တိုင်းရင်းသားတွေရဲ့ လူမှုဘဝကိုဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်မှန်းချက်နဲ့  ပြည်ထောင်စုဝန်ကြီးရုံးကတိုင်းရင်းသားရေးရာဆိုင်ရာမူဝါဒတွေ ချမှတ်ပေးတယ်။ အဲ့ဒီမူဝါဒတွေကိုကျနော်တို့ ဦးစီးဌာန နှစ်ခုစလုံးကသူ့သက်ဆိုင်ရာဌာနအလိုက် ကနေပြီးတော့ အကောင်အထည်ဖော်  ဆောင်ရွက်ရမှာ ဖြစ်တယ်။ဝန်ကြီးရုံးကအခြားဌာနတွေလည်းဒီတိုင်းရင်းသားရေးရာကိစ္စတွေ ဆောင်ရွက် တဲ့နေရာမှာဆက်စပ်ပြီးတော့ ဝန်ကြီးဌာနအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေလည်းရှိတယ်။ ဒါကဝန်ကြီးရုံးရဲ့ လုပ်ငန်းပေါ့နော်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနအနေနဲ့ကတော့ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိိုးသားရေးလက္ခဏာသမိုင်းအမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ရမှာပေါ့။ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမှာပေါ့။ နောက်ပြီးတော့ ဒီတိုင်းရင်းသားအချင်းချင်းချစ်ကြည်လေးစားပြီးစည်းလုံးညီညွတ်စွာနဲ့ အချင်းချင်းရိုင်းပင်းကူညီကြဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ပညာရေး ၊ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ လူမှုဖွ့ံဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်မှာပေါ့။

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေနဲ့ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေမှာပါတဲ့ တိုင်းရင်းသားလူမျိိုးများရဲ့ အခွင့်အရေးတွေကိုဥပဒေနဲ့ အညီအပြည့်အဝရရှိစေဖို့ ကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့ တိုင်းရင်းသားလူမျိုးတွေ ကြားမျာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ ပေါင်းစပ်ညှိနှိုင်း ပြီးတော့ ဖြေရှင်းခြင်းတွေကိုဆောင်ရွက်သွားမှာ ဖြစ်တယ်။

မေး။ ။ယခုလက်ရှိအနေအထားအရကရင်ပြည်နယ်မှာဆိုရင် ဘာလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နေပြီလဲ။

ကျနော်တို့ ဒီကရင်ပြည်နယ်ရုံးကို ၇.၄.၂၀၁၇ မှာယာယီစပြီးတော့ ဖွင့်လှစ်ခဲ့တာပေါ့။ ပြည်နယ် အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကျနော်တို့ ရုံးကိုဖွင့်လှစ်ခဲ့တယ်။ အခုရုံးအသစ်ကိုတော့ ၂၈.၆.၂၀၁၈မှာ ဒီရုံးအဆောက်အအုံအသစ် ဖွင့်ပွဲကျင်းပခဲ့တယ်။ကျနော်တို့ ကရင်ပြည်နယ်မှာဖွင့်တာသိပ်မကြာသေးဘူး။ ဒီကာလမှာကျနော်တို့ ပြည်နယ် ဝန်ကြီးအဖွဲ့ရဲ့ ပံ့ပိုးမှု၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အနီးကပ် လမ်းညွှန်မှု နဲ့ ကျနော်တို့ကဒီတိုင်းရင်းသားစာပေယဉ်ကျေးမှု အသင်းတွေ မှတ်ပုံတင် ဆောင်ရွက်ခြင်းတွေ ကိုလုပ်ဆောင်ပေးတယ်။ နောက်ပြီးတော့ ဒီတိုင်းရင်းသားဘာသာသင်တဲ့ နေ့စားလပေးသင်ဆရာမ TA ( Teacher Assistant) တွေကိုထပ်ပြီးတော့ ခန့်ထားပေးနိုင်တယ်။ တိုင်းရင်းသားကလေးငယ်တွေ မြန်မာစာပေသင်တဲ့အခါမှာနားမလည်တာတွေ ရှိမယ်။ အဲ့ဒါ ဆရာမတွေကသူတို့ဘာသာနဲ့ နားလည်အောင် သင်ပြပေးဖို့ သင်ထောက်ကူဆရာမ TA တွေကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ၅၄၅ဦးကို ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ခန့်ထားပေးနိုင်ခဲ့တယ်။ 

ပြီးတော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွေကထုတ်တဲ့ စာအုပ်စာတမ်းတွေ အခွေတွေတွေကိုလည်းစုဆောင်းထားတယ်။ အဲ့ဒါတွေကိုလာပြီးတော့ လေ့လာလို့လည်းရတယ်။ကိုးကားချင်လည်းကိုးကားလို့ရတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ ဖားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ် နဲ့ လှိုင်းဘွဲ မြို့နယ်တွေမှာရှိတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းတွေ တိုင်းရင်းသားဘာသာသင် ဆရာမတွေကိုကျနော်တို့ရဲ့ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြားခြင်းတွေလည်း ပြုလုပ်ခဲ့တယ်။ ကရင်ပြည်နယ်မှာတိုင်းရင်းသားဘာသာသင်ရိုး ညွှန်းတမ်းရေးဆွဲတာကိုပါဝင်ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လူမျိုးတွေအပြင် မွန် ၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးဆိုင်ရာတွေ အကုန်လုံးနဲ့ သက်ဆိုင်တယ်။ကျနော်တို့ကလည်းတိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အနီးကပ်လမ်းညွှန်မှုနဲ့ အဓိကလုပ်ဆောင်တာဖြစ်ပြီးဒီရုံးကလည်းတိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ ရုံးသဘောမျိုးဖြစ်တဲ့အတွက် တိုင်းရင်းသားရေးရာကိစ္စတွေကိုသူတို့နဲ့ အကုန် ပူးပေါင်းလုပ်ဆောင်ကြတယ်။

မေး ။ ။လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတာတွေ ရှိပါသလဲ။

ဝန်ကြီးဌာနကိုစတင်ဖွင့်လှစ်တာ နှစ်နှစ်ကျော် ကာလပဲရှိတဲ့အတွက် ဝန်ကြီးဌာနအသစ်လို ဖြစ်နေပါတယ်။ ရုံးအသစ်မှာလုပ်ငန်းဆောင်ရွက်ဖို့ အတွက် ဝန်ထမ်းတွေကိုစုဖွဲ့ရတယ်။ လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်တဲ့ နေရာမှာလုပ်ငန်းအသစ်ဖြစ်တဲ့ အတွက် အခက်အခဲလေးတွေတော့ ကြုံတွေ့ရပါတယ်။ 

တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနည်းဥပဒေကို ပြုစုတဲ့ နေရာမှာလည်းအခက်အခဲတွေ ရှိတယ်။ နည်းဥပဒေကို ပြုစုခဲ့ပြီးလုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုရှေ့နေချုပ်ရုံးကစိစစ်ရာမှာနည်းဥပဒေမူကြမ်းမှာပါတဲ့ အချို့အချက်တွေကဥပဒေမှာ ပြဌာန်းထားခြင်းမရှိိတဲ့အတွက် နည်းဥပဒေမူကြမ်းကို ပြန်လည်ပြုစုရတာတွေကြောင့် ယခုအချိန်ထိနည်းဥပဒေကိုမထုတ်ပြန်နိုင်သေးတဲ့ အခက်အခဲနဲ့ နည်းဥပဒေကိုကျောထောက်နောက်ခံပြုပြီးအလုပ်လုပ်ရမယ့် အပိုင်းတွေအတွက် အခက်အခဲတွေ ရှိပါတယ်။

မေး။ ။တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ရောဒီဌာနနဲ့ကဘယ်လိုဆက်စပ်မှုတွေရှိလဲ။

ဆက်စပ်မှုကတော့ ရှိပါတယ်။ ဥပဒေမှာကတည်းက ပါပြီးသားလေ။ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ တိုင်းရင်းသားတွေကသူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်ဆိုရင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဆီကိုတိုက်ရိုက် တင်ပြရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကသူတို့ရဲ့ သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးတွေကိုတာဝန်ပေးတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေကသွားပြီးတော့ ဆုံးရှုံးမှု ရှိမရှိဆန်းစစ်ပြီးတော့ စိစစ်တွေ့ရှိချက်ကို ပြည်နယ်အစိုးရကို ပြန်ပြီးတော့ တင်ပြရတယ်။ ပြည်နယ်အစိုးရကစိစစ်ပြီးတော့ ပြည်နယ်အဆင့်နဲ့ မရတော့ဘူးဆိုရင် ပြည်ထောင်စုအဆင့်နဲ့ ညှိနှိုင်းဆောင်ရွက်မှ ရမယ်ဆိုပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်လည်တင်ပြရတယ်။ အဲ့လိုမျိုးအဆင့်ဆင့် ဆက်စပ်နေတယ်။ ဒီတိုင်းရင်းသားလူမျိုးရေးရာဌာနနဲ့လည်းပူးပေါင်းဆောင်ရွက်ရတာတွေ ရှိတယ် ။ အကုန်လုံးကဆက်စပ်နေတာပဲပေါ့။

မေး။ ။ တိုင်းရင်းသားအရေးကိုဆောင်ရွက်ရာမှာဘယ်လိုမူဝါဒတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားတွေရဲ့ စာပေနှင့် ယဉ်ကျေးမှုတွေကိုထိန်းသိမ်းမြှင့်တင်ပြီးတော့ အခွင့်အရေးတွေကိုကာကွယ်စောင့်ရှောက်မယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာက်ကိုတိုးတက်ခိုင်မာစေပြီးတော့တိုင်းရင်းသားတွေရဲ့ လူနေမှု ဘဝမြင့်မားတိုးတက်စေဖို့ မျှော်မှန်းချက်တွေနဲ့ ချမှတ်ဆောင်ရွက်တာတွေ ရှိတယ်။

တိုင်းရင်းသားလူမျိုုးတွေအားလုံးတန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေးများနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကိုအပြည့်အဝရရှိစေဖို့၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ဖို့ ချစ်ကြည်လေးစားကြဖို့ နဲ့ အချင်းချင်းရိုင်းပင်းကူညီကြဖို့ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီးတော့ အတူတကွ လက်တွဲနေထိုင်ကြဖို့၊ တိုင်းရင်းသားတွေရဲ့ စာပေ ၊ ရိုးရာယဉ်ကျေးမှုတွေ၊ သမိုင်းအမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့တွေ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသေးတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မူဝါဒတွေ ချမှတ်ပြီးတော့ တိုင်းရင်းသားရေးရာကိစ္စတွေကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

မေး။ ။ ဆရာတို့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုမျိုးကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ဖို့တွေ ရှိပါသလဲ။

ကျနော်တို့ အနေနဲ့ ဒီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတိုင်းရင်းသားလူမျိိုးတွေရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့  ဒီညွှန်မှူးရုံးတွေဖွင့်ဖို့ရှိတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝန်ထမ်းအသစ်တွေ ထပ်ပြီးတော့ ခန့်ဖို့ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ Documentary တွေကိုလုပ်သွားဖို့ရှိိတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သုတေသနလုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ တိုင်းရင်းသားဝန်ကြီးဌာန Website လုပ်ပြီးတော့ လွှင့်တင်ဖို့ ရှိတယ်။ တိုင်းရင်းသားကလေးငယ်တွေ စာသင်တဲ့နေရာမှာလွယ်ကူစေဖို့ တိုင်းရင်းသားရိုးရာပုံပြင်တွေ စာအုပ်တွေကိုထုတ်ဝေသွားဖို့တွေ ရှိတယ်။

ကျနော်တို့ ကရင်ပြည်နယ်ရုံးအနေနဲ့ ဝန်ကြီးဌာနကချပေးတဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ပြီးတော့ အစိုးရအဖွဲ့တွေ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားလွှတ်တော်ကော်မတီ၊တိုင်းရင်းသားစာပေအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တိုင်းရင်းသားရေးရာကိစ္စတွေကိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...