ကုန်သွယ်ရေး အဓိကလမ်းပိုင်း ကော့ကရိတ်-အိန္ဒုလမ်း အမြန်ပြုပြင်ပေးသင့်ပြီ

ကုန်သွယ်ရေး အဓိကလမ်းပိုင်း ကော့ကရိတ်-အိန္ဒုလမ်း အမြန်ပြုပြင်ပေးသင့်ပြီ

ဇူလိုင်လကုန်ပိုင်း မိုးများ၊ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ကော့ကရိတ်-အိန္ဒု လမ်းပိုင်းမှာ ယခုအခါ ဆိုးရွားစွာ ပျက်စီးနေပြီး ကား သေးများ သွားလာ၍မရတော့သလို ကားကြီးများလည်း အသည်းအသန် ရုန်းကန်သွားလာနေရသည့် အခြေအနေ ဖြစ်ပေါ်နေ သည်။ အဆိုပါလမ်းပိုင်းသည် ကရင်ပြည်နယ်အတွင်း သွားလာ၊ သယ်ယူပို့ဆောင်ရေးတွင် အားထားရသည့်လမ်းဖြစ်သည့်အ ပြင် နယ်စပ်နှင့် ဆက်သွယ်လျှက်ရှိသည့်လမ်းလည်း ဖြစ်သည်။ ထိုလမ်းကို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြု လျှက်ရှိရာ ထိုင်းနိုင်ငံထွက် လူသုံးပစ္စည်းများ၊ အလှကုန်များ၊ စက်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်း စသည်များကို ဤလမ်းကြောင်း အတိုင်း သယ်ယူပို့ဆောင်နေရသည်။ 

ယင်းကုန်ပစ္စည်းများကို ကရင်ပြည်နယ်မှတဆင့် ပဲခူး၊ ရန်ကုန်တိုင်းဒေသများအထိ တင်ပို့ပေးရာတွင်လည်း အချိန်တိုအတွင်း ရောက်ရှိပြီး ကုန်ကျစရိတ် သက်သာသော ကုန်သွယ်မှု လမ်းကြောင်းလည်းဖြစ်သည်။ အလားတူ ပြည်တွင်းမှ စားသောက်ကုန် များ၊ ရေထွက်ကုန်များနှင့် ကုန်စည်အချို့ကို ထိုင်းနိုင်ငံသို့ ပြန်လည် တင်ပို့ရာတွင်လည်း ယင်းလမ်းကြောင်းကိုပင် အဓိကအသုံး ပြုနေကြရသည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဓိက သွားလာကြသည့် ပြည်နယ်အတွင်း တစ်ခုတည်းသောလမ်းကြောင်း ဖြစ်နေပြန်သည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေကို ကြည့်မည်ဆိုလျှင် ၂၀၁၂-၁၃ဘဏ္ဍာရေးနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၄၅သန်းခန့်ရှိရာမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၉၄၂သန်းကျော်ထိ တိုးမြှင့်လာသည်။ ယခု ဘဏ္ဍာရေးနှစ်၏ ပထမ သုံးလပတ် ဇွန်လကုန်ထိ အမေရိကန်ဒေါ်လာ ၂၁၆သန်းကျော်ထိရှိကာ မူဆယ် နယ်စပ်ကုန်သွယ် ရေးစခန်းပြီးလျှင် ဒုတိယ အများဆုံး ကုန်သွယ်ရေးစခန်း ဖြစ်သည်ကို စီးပွားကူးသန်းက ထုတ်ပြန်သည့် တရားဝင် ကုန်သွယ် ရေး စာရင်းဇယားများအရ သိရသည်။

ကုန်သွယ်ရေးလုပ်ငန်းတွင် အဓိကအားဖြင့် အခြေခံလိုအပ်ချက်မှာ လမ်းပမ်းဆက်သွယ်ရေးပင်ဖြစ်သည်။ ယခုလို ကုန်သွယ်ရေး အတွက် အဓိက အသုံးပြုနေသည့် ယင်းလမ်းကြောသည် နဂိုကတည်းက ဝန်နှင့် အား မမျှ ဖြစ်သည့်အနေအထားတွင် ရာသီဥ တုဒဏ်ကို ခံလိုက်ရပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ရသည်။ လက်ရှိလမ်းပိုင်းကို ADB ဘဏ်မှ ချေးငွေထုတ်ပေးပြီး ဆောက် လုပ်ရေးဝန်ကြီးဌာနမှ မဟာမဲခေါင်ဒေသခွဲ အရှေ့- အနောက် စီးပွားရေး စကြံ င်္လမ်း၊ ကော့ကရိတ်-အိန္ဒုလမ်းပိုင်းအဖြစ် China Road and Bridge Corporation -CRBC ကုမ္ပဏီက ဖောက်လုပ်နေစဉ်တွင် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့လာခဲ့ရသည်။

အဆိုပါလမ်းကို အဆင့်မြင့် ဖောက်လုပ်ရန်အတွက် စတင်ချိန်ကတည်းက လမ်းချဲ့မည့် ဧရိယာအတွင်းရှိ လူနေအိမ်၊ ဥယျာဉ်ခြံ စသည့် မလွတ်ကင်းသော နေရာများအတွက် သင့်လျော်သည့် လျော်ကြေးဆိုင်ရာကိစ္စရပ်များ၊ လမ်းခင်းကျောက်ထုတ်လုပ်မှု ကိစ္စများ၊ လမ်းဖောက်လုပ်နေစဉ် လမ်းဘေးပတ်ဝန်းကျင် လေထုညစ်ညမ်းမှုများဆိုင်ရာများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသံ များ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

ယခုလို လမ်းပြုပြင်နေစဉ် အခက်အခဲများကို နားလည်မှုရှိရှိ စောင့်ဆိုင်းပေးရန်လိုသော်လည်း ကုန်စည်စီးဆင်းမှုနှင့် နေ့တဓူဝ ကိစ္စရပ်များမှာ မဖြစ်မနေ သွားလာနေရနေရသည့် ၎င်းလမ်းပျက်စီးမှုသည် ကုန်သည်များအတွက်သာမက အခြေခံလူထုအ တွက် လွန်စွာ ထိခိုက်နစ်နာလျှက်ရှိသည်။ ထို့အတွက် သက်ဆိုင်သူအစိုးရ၏ ကြိုတင် အစီအမံများ အားနည်းချက်ရှိနေပြီး လမ်း စီမံကိန်းဆိုင်ရာ ထုတ်ပြန်မှုကို အများပြည်သူသို့ ရှင်းလင်းချပြနိုင်ခြင်း မရှိသလောက်ဖြစ်နေသည်။

လက်ရှိသက်တမ်းတွင် ကရင်ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စိုက် ပျိုး/မွေးမြူရေး လုပ်ငန်းသုံးခုကို စီမံကိန်းကြီးအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုထားသည်။ ယင်းစီမံကိန်းများအနက် လျှပ်စစ်ထုတ်လုပ်မှုနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းစဉ်မှာ သိသာထင်ရှား သည့် လုပ်ငန်းများဖြစ်သလို လုပ်ငန်းအကောင်အထည်ဖော်မှုတွင် ကြီးမားသော စိန်ခေါ်မှုများ၊ အားနည်းသော ပွင့်လင်းမြင်သာ မှုများ ရှိနေပြီး အစိုးရနှင့် ပြည်သူ အပြန်အလှန် လေးစားသည့် ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်လျှက်ရှိသည်။

သို့သော် မြို့တွင်း၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်းဆက်၊ မြို့ချင်းဆက်လမ်းများကို ဖောက်လုပ်/ပြုပြင်ရေးအတွက် အစိုးရ၏ အားစိုက်လုပ်ဆောင်မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ အလားတူ အဓိကအရေးကြီးသည့် ကုန်သွယ်မှုလမ်းပိုင်းကိုလည်း ပိုမို အားထည့်လုပ်ဆောင်သင့်ပေရာ ကော့ကရိတ်-အိန္ဒုလမ်းပိုင်းကို အဆင့်မြင့်ပြုပြင်ရေးကို ယာယီအားဖြင့် အသုံးပြုနိုင်သည့် ခိုင်မာသော လမ်းလွှဲများဖောက်ခြင်းနှင့်အတူ စနစ်ကျစွာ ဆောင်ရွက်ခြင်းဖြင့် ကားတိမ်းမှောက်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

ယခုအချိန်သည် မည်သူက၊ မည်သည့်အခြေအနေကြောင့်၊ မည်ကဲ့သို့ဖြစ်နေသည်ဟု အပြန်အလှန် အပြစ်တင်နေရမည့် အချိန် မဟုတ်ဘဲ လတ်တလော မည်သို့လုပ်ဆောင်သင့်သည်ကိုသာ အဖြေရှာပြီး နည်းလမ်းကျစွာ ပီပီပြင်ပြင် လုပ်ဆောင်ရန်လို သည်။ ထို့ကြောင့် ရေရှည်အကျိုးကို မျှော်ကိုးကာ လောလောဆယ် လမ်းပြုပြင်နေချိန်နှင့် ရာသီဥတု ဆိုးဝါးနေချိန်တွင် သတ် မှတ်ကုန် စည်ဝန်ပို သယ်ဆောင်နေကြသူများကလည်း မိမိတို့၏ကုန်သွယ်မှုဝန်ကို အနည်းငယ်လျှော့ရင်း အဓိကကျသည့်လမ်း ကြော အဆင်ပြေ ချောမွေ့ရန်အတွက် အစိုးရ၏ ယာယီ စီမံဆောင်ရွက်မှုများနှင့်အတူ လိုက်နာပါဝင်ခြင်းဖြင့် လမ်းကို အမြန်ပြု ပြင်သွားကြရန် တိုက်တွန်းလိုပါသည်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...