BGF အမှတ်(၁၀၂၂)တပ်နယ်မှူးဗိုလ်မှူးစောမုတ်သုန်နှင့် တွေ့ဆုံမေးမြန်း

BGF အမှတ်(၁၀၂၂)တပ်နယ်မှူးဗိုလ်မှူးစောမုတ်သုန်နှင့် တွေ့ဆုံမေးမြန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲကနယ်ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၁ရက်နေ့က ကျင်းပပြုလုပ်သည့် နယ်ခြားစောင့် တပ်၏ (၈)နှစ်ပြည့်တပ်နှစ်ပတ်လည်နေ့တွင်၎င်းတို့၏ရပ်တည်ချက်အမြင်သဘောထားများနှင့် ပတ်သက်၍ BGF အမှတ်(၁၀၂၂)တပ်နယ်မှူးဗိုလ်မှူးစောမုတ်သုန်နှင့်ကေအိုင်စီတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ရွေးကောက်ပွဲမတိုင်ခင်ကာလတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)မှနယ်ခြားစောင့်တပ်(BGF)အဖြစ်သို့ အသွင်ကူးပြောင်းကာဖွဲ့စည်းခဲ့ရာကရင်ပြည်နယ်တွင် BGF တပ်ရင်း ၁၃ရင်း ရှိလာခဲ့ပြီး ၎င်းတို့ ၏ သတ်မှတ်နယ်မြေများ၌ အခြေစိုက် ရပ်တည်လျှက်ရှိကြသည်။

မေး- နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းတည်ထောင်ခြင်း (၈)နှစ်ပြည့်မြောက်နေ့မှာဘယ်လိုသတင်းစကားများပြောကြားချင်ပါ သလဲ။

ကျနော်ပြောချင်တာကကျနော်တို့ကရင်ပြည်နယ်မှာပိုးကရင်၊စကောကရင်တွေနဲ့လက်နက်ကိုင်အဖွဲ့အစည်းအများကြီးရှိတယ်။ရှိနေသော်လည်းပဲကျနော့်အနေနဲ့ပြောချင်တာကကရင်လူမျိုးအချင်းချင်းတွေပဲဖြစ်တယ်။လက်နက်ကိုင်ပြီးယူနီဖောင်းဝတ်ကာကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက်ပဲလုပ်ဆောင်နေကြတာဖြစ်တယ်။ကျနော်ဖြစ်စေချင်တာကကျနော်တို့အချင်းချင်းကြားချစ်ခင်ရမယ်၊နားလည်မှုရှိရမယ်။အချင်းချင်းပစ်ခတ်သတ်ဖြတ်ကြမယ်ဆိုရင်ပိုးကရင်သေလည်းကရင်သေတာပဲ။စကောကရင်သေလည်းကရင်သေတာပဲ။ဒါကြောင့်ကရင်အမျိုးသားအချင်းချင်းနားလည်မှုမရှိရင်ပိုပြီးသေကြေပျက်စီးကြမှာပဲ။ဒါကြောင့်ကျနော်ပြောချင်တာကကရင်ပြည်သူလူထုမိဘဘိုးဘွားဆရာသမားတွေအနေနဲ့ကျနော်တို့ရဲ့သဘောထားခံယူချက်တွေကိုလေ့လာကြည့်ပါ။အဓိကကတော့ကျနော်တို့တိုင်းပြည်တစ်ခုထဲမှာအတူတကွနေထိုင်ကြတဲ့ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊သျှမ်း(ရှမ်း) ချစ်ခင်ကြမယ်။စည်းလုံးကြမယ်ဆိုမှတိုင်းပြည်ကဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်။

မေး- DKBA ကနေနယ်ခြားစောင့်တပ်အသွင်ပြောင်းသွားတဲ့ကာလတစ်လျောက်မှာဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။

ကျနော်တို့နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားခါစတုန်းကကျနော်တို့ကရင်အမျိုးသားတွေကကျနော်တို့ကိုအမျိုးမျိုးမြင်ကြပါတယ်။ကျနော်တို့အပွင့်တွေပြောင်းလဲတတ်လိုက်တော့ကျနော်တို့ကိုစစ်တပ်ရဲ့လက်ကိုင်တုတ်အနေနဲ့လည်းမြင်ကြတယ်။တချို့ကဗမာတွေရဲ့ခွေးအဖြစ်မြင်ကြတာလည်းရှိတယ်။ဘယ်လိုမြင်ပြီးပြောပါစေမလိုဘူး။ကျနော်ကအထဲမှာနေပြီးတော့မှကျနော့်အမျိုးသားတွေကိုကာကွယ်ပေးနိုင်တာပဲ။ဒီအလုပ်ကိုမှကျနော်မလုပ်ရင်ကျနော့်ကြောင့်ကျနော့်လူမျိုးတွေထိခိုက်နစ်နာမှာဖြစ်တယ်။ကိုယ့်ကိုယ်ကိုသန္ဒိဌာန်ချပြီးတော့ကျနော့်တိုင်းပြည်နဲ့ကျနော့်လူမျိုးအတွက်လုပ်နေတယ်။လုပ်တဲ့နေရာမှာလည်းကျနော့်ကိုယ်ပိုင်တပ်၊ကိုယ်ပိုင်နယ်မြေ၊ကိုယ့်လက်နက်ကကိုယ့်လက်ထဲမှာပဲရှိတယ်။

မေး- နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းအားဖြင့်ကောကိုယ့်လူမျိုးတွေရဲ့အကျိုးစီးပွားကိုဘယ်လောက်ထိဖြစ်ထွန်းအောင်လုပ်ဆောင်ပေးနိုင်တာရှိလာလဲ။

ဘယ်လိုအကျိုးဖြစ်ထွန်းလဲဆိုတာဒါကတော့ကိုယ့်ရဲ့ခံယူချက်သဘောထားအပေါ်မှာပဲမူတည်တယ်။လက်နက်တွေကိုယ်စီကိုင်ပြီးတော့ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက်လုပ်ဆောင်တဲ့နေရာမှာအရင်ကကျနော်တို့ DKBAဘဝတုန်းကလည်းပဲဘာသာ၊ သာသနာတိုးတက်ဖို့ကျနော်တို့လုပ်ဆောင်နိုင်တယ်။ကျနော်တို့ကိုယ့်လူမျိုးအတွက်ဘယ်လောက်လုပ်ဆောင်နိုင်သလဲဘယ်လောက်မလုပ်ဆောင်နိုင်လဲဆိုတာဒီလိုနေ့မျိုးမှာအားလုံးမြင်တွေ့တဲ့အတိုင်းဒီကရှိတဲ့နို့ဖိုး၊ထီးမူးထ၊မဲကနယ်စတဲ့ဒီမှာရှိတဲ့ဒေသပေါင်းစုံကတိုင်းရင်းသားတွေနဲ့အားလုံးပါဝင်နေတာနောက်ပြီးနိုင်ငံခေါင်းဆောင်တွေနဲ့အဆင်ပြေအောင်လို့ညှိနှိုင်းဆွေးနွေးပြီးတော့အတူတကွပူးပေါင်းလုပ်ဆောင်ရတာပဲ။

မေး- ကွဲပြားနေတဲ့ကရင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကြားစည်းလုံးညီညွတ်မှုပြန်လည်ရရှိဖို့ကိုကောဘယ်လိုတိုက်တွန်းပြောဆိုချင်လဲ။

ကျနော်တို့အချင်းချင်းကြားမှာလိုက်ချိတ်ဆက်နေဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့သူလက်နက်ကိုင်တဲ့သဘောထားကဘယ်လိုလဲ။နိုင်ငံရဲ့ဥပဒေကဘယ်လိုရှိနေလဲဆိုတာကိုရင်းနှီးညှိနှိုင်းရယူပြီးတော့မှမကြာမကြာတွေ့ကြမယ်ဆိုရင်တော့အကောင်းဘက်ကိုဦးတည်မှာပဲ။ဝေးဝေးသွားမယ်ဆိုရင်တော့အဆိုးဘက်ကိုဦးတည်သွားမှာပဲ။အချင်းချင်းကြားမှာသွေးထိုးမှုတွေရှိလာရင်လည်းအဆင်မပြေမှုတွေရှိလာမယ်။ပြဿနာတက်လို့တပ်အချင်းချင်းပစ်ကြခတ်ကြတာဘာမှမဖြစ်ပေမဲ့တကယ်တမ်းကျတော့ပြည်သူလူထုတွေကထိခိုက်နစ်နာတာပဲ။ကိုယ့်ကိုယ်ကိုလူမျိုးအတွက်အလုပ်လုပ်နေတယ်လို့ ပြောတဲ့နေရာမှာကိုယ့်လူမျိုးကဘယ်လိုဖြစ်ချင်တာလဲ။ကိုယ့်ပြည်သူကငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးကိုလိုချင်ကြတယ်။ဒါကြောင့်ကျနော်တို့လက်နက်ကိုင်တဲ့အဖွဲ့တွေအနေနဲ့ညှိနှိုင်းတွေ့ဆုံတာမလုပ်ဘူး။မချစ်ကြဘူး။ပူးပေါင်းမလုပ်ဆောင်ကြဘူးဆိုရင်ဘယ်လိုလုပ်မလဲ။

မေး- ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးချမှတ်ခဲ့တဲ့မူ(၄)ချက်အပေါ်မှာကောဘယ်လိုသဘောထားခံယူချက်မျိုးရှိနေသေးလဲ။

ကရင့်လက်နက်ကရင့်လက်ထဲမှာရှိရမယ်ဆိုတဲ့အတိုင်းအခုကျနော်လုပ်နေတာလည်းကျနော့်ရဲဘော်ကျနော့်လက်နက်၊ကျနော့်လက်ထဲမှာပဲရှိနေတုန်းပဲဆိုတာမျက်မြင်ကိုယ်တွေ့ပဲ။ဝတ်စုံကတော့နိုင်ငံတော်ဝတ်စုံပဲ။ဒါပေမဲ့နိုင်ငံတော်အလုပ်ကိုလုပ်ဆောင်နေပေမဲ့လည်းကျနော်တတ်သလောက်တော့ကြိုးစားလုပ်ဆောင်နေတာပဲ။အဓိကကတော့ဝေဖန်တာတစ်ခုထဲမဟုတ်ဘဲနဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့၊စည်းလုံးနိုင်ဖို့နဲ့ဖိနှိပ်မှုတွေကိုအတူတကွနည်းလမ်းရှာဖို့ကအဓိကဖြစ်တယ်။

မေး- လက်ရှိဖော်ဆောင်နေဆဲငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အပေါ်မှာကောဘယ်လိုသဘောထားအမြင်ရှိပါသလဲ။

ငြိမ်းချမ်းရေးကိုတကယ်လိုလားရင်တစ်ဦးနဲ့တစ်ဦးချစ်ခင်မှုရှိရမယ်။နားလည်မှုရှိရမယ်။ဘယ်နိုင်ငံပဲဖြစ်ဖြစ်သူတို့မှာဥပဒေဆိုတာရှိတာပဲ။ဒီနိုင်ငံမှာနေပြီးဒီနိုင်ငံရဲ့ဥပဒေကိုမလိုက်နာဘူး။ဒီဥပဒေအတိုင်းမသွားနိုင်ဘူးဆိုရင်စိတ်ဝမ်းကွဲမှုတွေနဲ့ပြည်သူလူထုတွေပဲထိခိုက်နစ်နာမှာဖြစ်တယ်။ရာထူးနေရာကအဓိကမဟုတ်ဘူး။အဓိကလုပ်ရမှာကစည်းလုံးညီညွတ်ဖို့နဲ့ကိုယ့်ပြည်သူလူထုကိုချစ်မြတ်နိုးဖို့ဖြစ်တယ်။ကိုယ့်တိုင်းပြည်ကိုယ့်ပြည်နယ်အေးချမ်းမှပဲနိုင်ငံတကာကရောက်လာပြီးပူးပေါင်းလုပ်ဆောင်နိုင်မှာဖြစ်တယ်။နိုင်ငံတကာကပူးပေါင်းလုပ်ဆောင်မှပဲကိုယ့်နိုင်ငံကတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်တယ်။ဖွ့ံဖြိုးတိုးတက်မှုရှိမှပဲကိုယ့်အမျိုးသားရေးအတွက်လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...