၂၀၁၈ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ၏ တတိယအစည်းအဝေးအပြီးတွင် စီစစ်ဝေဖန်သုံးသပ်ထောက်ပြသံများ သောသောညံခဲ့ပါသည်။ နိုင်ငံရေးသုတေသီများ၊ အသိ ပညာရှင်များ၊ စာရေးဆရာကြီးများနှင့် လူမှုမီဒီယာ အသီးသီးမှ ပုဂ္ဂိုလ်များသည် ကဲ့ရဲ့ရှုတ်ချသံ၊ ချီးမွမ်းထောပနာပြုသံတို့ဖြင့် ဘက်ပေါင်းစုံ၊ ရှုထောင့်မျိုးစုံမှ ရေးသားဝေဖန်သုံးသပ်ခဲ့ကြပါသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၏ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးအဖြစ် အဆိုပါငြိမ်းချမ်းရေးညီလာခံသို့ တရားဝင် တက်ရောက်ခွင့်ရခဲ့သော စာရေးသူ၏ ရင်ထဲ၌လည်း ဖွင့်ဟ အန်ချချင်သော အကြောင်းချင်းရာ မြောက်မြားစွာရှိနေသည့်အထဲမှ အချို့ကို တင်ပြပါရလျှင်-အစည်းအဝေး၏ ပထမဖွင့်ပွဲနေ့ (၁၁.၇.၂၀၁၈)နံနက်ပိုင်းတွင် နိုင်ငံတော်အကြီးအကဲများဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်းကောင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူစေးဖိုးကလည်းကောင်း၊ ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ ဒေါ်အေး နုစိန်ကလည်းကောင်း အသီးသီး အမှာစကားပြော မိန့်ခွန်းခြွေသွားကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများအနက် အချက်နှစ်ချက်ကို တင်ပြလိုပါသည်။
“ပိုမို ကွဲလွဲနိုင်တာကို သတိပြုရှောင်ရှားပြီး ပိုမိုဆုံဆည်း၊ ပိုမိုစုစည်းစေနိုင်မဲ့ အခြေအနေတွေကို ဦးတည်ပြီးတော့ အားလုံးလက် ခံနိုင်တဲ့ အဖြေတစ်ခုကို ဝိုင်းဝန်းကြိုးစား ရှာဖွေပေးကြဖို့”ဆိုပြီး တိုက်တွန်းပြောကြားသွားသည့် စကား၏ ရှင်းလင်းသော အဓိပ္ပါယ်မှာ အမြင်ချင်းဖလှယ်ပြီး ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် စည်းလုံးညီညွတ်၊ စုစည်းညီညာကြရန်ပင် ဖြစ်သည်ဟု နားလည် ရပါသည်။
ထိုထက် ပိုမိုရှင်းလင်းပြတ်သား နားလည်ရလွယ်သည့် ၎င်း၏ဖခင် မိန့်မှာခဲ့သောစကားမူကား “တိုင်းရင်းသားတွေကို မကွဲထွက် စေချင်ရင် တိုင်းရင်းသားတွေ မခွဲထွက်ချင်အောင် မိမိတို့ စီမံဖန်တီးပေးရမယ်” ဟူသတည်း။
တိုင်းရင်းသားတွေ လိုလားတောင့်တနေသည်ကား အဘယ်နည်း… ရက်၊ လ၊ နှစ်ပေါင်းများစွာ အသည်းနှလုံးကို ဖွင့်ဟလှစ်ပြ သွားခဲ့ကြပြီး ဖြစ်သည်။ ယနေ့အချိန်တွင် တိုင်းရင်းသားတို့ ၏ လိုလားချက်တို့ မည်သည့်အတိုင်းအတာအထိ လိုက်လျော ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်သနည်း… “ပြည်ထောင်စု မပြိုကွဲရေး” ဟူသည်ကို တိုင်းရင်းသားတို့ လက်ခံသဘောတူပြီး ဖြစ်သော် လည်း အဘယ်ကြောင့် ပြည်ထောင်စု သဘောတူညီချက်စာချုပ်တွင် "ခွဲမထွက်ရ" ဟူသည့်အချက်ကို ထည့်သွင်းနေရသေးသ နည်း။ ငြိမ်းချမ်းရေးခရီးကို တမင်ပိတ်ဆို့ချင်နေ၍လော…
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းများအနက် အမှတ်ရဖွယ် နောက်တစ်ချက်မှာ “ငြိမ်းချမ်းရေးကို ဘယ်သူတွေက ပိုမိုလို လားကြသလဲဆိုတာ မကြာမီ အဖြေပေါ်လာပါလိမ့်မယ်”ဟူ၍ ….
မိမိတို့မသိပါ။ မိမိတို့နားမလည်နိုင်သေးပါ။ ငြိမ်းချမ်းရေးကို လိုချင်ကြ၍ အစည်းအဝေးဆွေးနွေးပွဲများ တက်ရောက်နေကြခြင်း မဟုတ်လော ဟူ၍ ရိုးသားစွာပင် တွေးထင်မိပါသည်။ ဆွေးနွေးပြောဆိုခွင့်ရသည့်တိုင် မြောက်ပိုင်းအဖွဲ့များ လာရောက်လေ့လာ နေကြပြီ မဟုတ်လော… သို့နှယ်ဖြစ်နေချိန်၌ ထင်ယောင်ထင်မှား သံသ ယများစေနိုင်သည့်စကားအတွက် တိုင်းရင်းသားများ ကြား သို့လော သို့လော ဖြစ်နေကြပါသည်။ မငြိမ်းချမ်းသည့်အတွက် အခံရဆုံးသူများမှာ တိုင်းရင်းသားလယ်သမား၊ အလုပ်သ မား၊ ဆင်းရဲသားများပင် ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ပိုမိုလိုလားသူ မည်သူဖြစ်မည်ဆိုသည်မှာ မေးမြန်းစရာပင် လိုမည် မဟုတ်ဟု ထင်ပါသည်။
ဆက်လက်ပြီး တင်ပြလိုပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းမှာ အတန်ငယ်ရှည်လျားသဖြင့် တပ်ချုပ်၏ မိန့်ခွန်း ပြောသည့်အလှည့် ရောက်သောအခါ ငိုက်စိုက်စိုက်ဖြစ်ချင်လာသည်။ ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်နေချိန် အသံရှင်းရှင်း အောင်အောင်နှင့် ပြောလိုက်သည့် စကားစုတစ်ရပ်အပေါ်လုံးဝ အိပ်ချင်စိတ်ပြေသွားပြီး ရှည်ဝေးလှသော အတွေးသံသရာနယ် ထဲသို့ နက်ရှိုင်းစွာ ရောက်ရှိသွားသည်။
“ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေခြင်းဟာ ကျနော်တို့ မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်” အမျိုးမျိုးသော အဓိပ္ပါယ်ကောက်ယူနိုင်သည့် စကားရပ်ဖြစ်ပါ သည်။ အစိုးရနှင့် တပ်မတော်က ငြိမ််းချမ်းရေး တက်ကြွစွာ လုပ်ဆောင်နေတာ အင်အားချိနဲ့နေလို့မဟုတ်ရင် တိုင်းရင်းသားတွေ က ငြိမ်းချမ်းရေးကို လုပ်နေရတာ အင်အားချိနဲ့နေလို့ အညံ့ခံ အရှုံးပေးဆွေးနွေးနေသည့်သဘောဟု ယူဆနိုင်သလို တပ်ချုပ်က “မင်းတို့ကို ငါမလုပ်ချင်လို့ ငါလုပ်ရင် ပွဲပြီးတာကြာပြီး”ဟုလည်း အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။ မှန်ပါသည်။
လက်တွေ့အခြေအနေအရ တပ်မတော်၏ စစ်လက်နက်နှင့် လူအင်အား လွန်စွာတောင့်တင်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အင်အားနှင့် မနှိုင်းယှဉ်သာပါ။ သို့ရာတွင် တိုင်းရင်းသားတို့၏ ခံစားမှုအပိုင်း၊ စိတ်ဓါတ်ရေးရာအပိုင်းတို့ကို စေ့စေ့ငုငု လေ့လာသုံးသပ်မိလျှင် တပ်ချုပ်ကြီးသည် ထိုစကားပြောဖြစ်ချင်မှ ပြောဖြစ်ပါလိမ့်မည်။ နှစ် ရဝနီးပါးဖြစ်ပွားခဲ့ပြီးသော ပြည်တွင်းစစ်သံသရာတွင် မည်သူမျှမနိုင်၊ မည်သူမျှ မရှုံးသေးသည့် အခြေအနေက ရှိပြီးသားဖြစ်နေသဖြင့် ငိုက်မျဉ်းနေရာမှ တပ်ချုပ်မိန့်ခွန်းကို ကြားရသောအခါ အလန့်တကြား နိုးထလာမိခြင်း ဖြစ်ပေလိမ့်မည်။
တပ်ချုပ်ကြီး၏ နောက်စကားတစ်ခွန်းမှာ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၅၂သန်းသော တိုင်းရင်းသားပြည် သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ နိုင်ငံရေးပါတီများသည်လည်း ၎င်းတို့ကို ထောက်ခံသူများကိုသာ ကိုယ် စားပြုခြင်းဖြစ်ကြောင်း မိမိတို့တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သည် နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူလူထုကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ကြောင်း” ထပ်မံ ပြောကြားခြင်းဖြစ်သည်။
ထိုစကားကို NLD ပါတီမှ ဦးဉာဏ်ဝင်းက ချက်ချင်းပယ်ချကြောင်း သိရသည်။ အချို့ကလည်း တစ်စိတ်တစ်ပိုင်း လက်ခံသည်။ မျိုးနွယ်စုပေါင်းစုံနှင့် နေရပ်ဒေသ ကွဲပြားစွာရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်သူအားလုံးကို မည်သို့ လွှမ်းခြုံနေနိုင်အံ့နည်း။ မိမိနှင့် ဆိုင်ရာဆိုင်ရာ အရပ်ဒေသ၊ လူမျိုးအစုအဖွဲ့များလောက်ကိုသာ ဆက်စပ်လွှမ်းခြုံနေနိုင် မည် ဖြစ်ပါသည်။ ပါတီတစ်ရပ်သည် မိမိကို မဲပေးခဲ့သူကိုသာ ကိုယ်စားပြုသည်ဆိုပါလျှင် တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်သည်ပဲ ဖြစ်စေ၊ ပါတီများစုပေါင်း၍ အစိုးရဖွဲ့ပြီး တိုင်းပြည်ကိုအုပ်ချုပ်လျှင်ဖြစ်စေ ထိုသို့သော အဖွဲ့အစည်းကို မည်သို့သတ်မှတ်မည်နည်း။ မိမိကိုထောက်ခံသူများကိုသာ အုပ်ချုပ်သည်ဟုဆိုမည်လော… တပ်ချုပ်၏ သုံးသပ်ချက်သည် ဖြစ်ရပ်မှန်နှင့် အနည်းငယ် လွဲ ချော်နေသည်ဟု ယူဆမိပါသည်။
တပ်မတော်ထဲတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်နေရုံနှင့် ပြည်သူလူထုကို မည်သို့မည်ပုံ ကိုယ်စားပြုနေသနည်း. တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်စေ၊ နိုင်ငံရေးပါတီများဖြစ်စေ၊ တပ်မတော်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကိုယ်စားပြု/မပြု စိစစ်သုံးသပ်ရာ၌ ထောက်ခံမဲရရှိမှု / မရှိမှု၊ တိုင်းရင်းသားပေါင်းစုံပါဝင်မှု/ မပါဝင်မှု စသည်များထက် ထိုအဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် ပြည်သူလူထုကို မည်သည့်အတိုင်းအတာအထိ အကျိုးပြု သယ်ပိုးဆောင်ရွက်နေပါသနည်း…
ပြည်သူလူထုအတွက် မည်သည့်အနစ်နာခံ၊ အပင်ပမ်းခံ ဆောင်ရွက်မှု ရှိနေပါသနည်း.. ဟူသည့် ပေတံဖြင့်သာ တိုင်းတာရမည် ထင်ပါသည်။ တိုင်းရင်းသားတို့အဖို့ တပ်မတော်တွင် လွတ်လပ်ရေးရခါစနှင့် လွတ်လပ်ရေးရပြီးစ အခါသမယများ၌ တစ်စုံတစ်ခု သော အတိုင်းအတာအထိ နေရာရခဲ့ကြပြီး တိုင်းရင်းသားတပ်ရင်း၊ တပ်ဖွဲ့များ တည်ရှိခဲ့သည်ဟူသည့် သမိုင်းဖြစ်ရပ်မှန်ကို မမေ့ သင့်ပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်၏ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ်သည် ကရင်တိုင်းရင်းသား ဗိုလ်ချုပ် စောစမစ်ဒွန်း ဖြစ်ခဲ့ပြီးနောက် ၁၉၅ဝခုနှစ်မှ ယခုကာလအထိနှစ်ပေါင်း (၇၀)နီးပါးရှိလာချိန်တွင် တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်သည် မည်သည့်တိုင်းရင်းသားဖြစ်နေသနည်း… ထိုအချက်သည်လည်း တိုင်းရင်းသားပြည်သူလူထုများအား ကိုယ်စား ပြုမှုအပိုင်း၌ ညီမျှှမှု၊ တန်းတူမှု၊ နားလည် အလေးထားမှု ရှိနေသင့်သည့်သဘော မီးမောင်းထိုးပြနေခြင်းပင် ဖြစ်ပါသည်။
ကာကွယ်ရေးဦးစီးချုပ်၏ ၂၁ရာစုပင်လုံတတိယအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်များသည် တိုင်းရင်းသားများအဖို့ ဟတ်(heart)ထိသောစကား၊ အသဲနှလုံးကြားသို့ စူးနစ်ဝင်ရောက်သွားသော စကားများဟု တိုင်းရင်းသားများ ပြောဆိုဝေဖန် ထောက်ပြသံများကို ကြားသိရပါသည်။
“ကျနော်တို့နိုင်ငံမှာ ဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇစ်မြစ်ကို လေ့ လာကြည့်ရင် ကိုလိုနီခေတ် ဗြိတိသျှ နယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နှင့် နိုင်ငံရေး အယူဝါဒ၊ လူမျိုးရေး ဘာသာရေး ကွဲပြားခြားနားမှုတွေကြောင့်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် တပ်မတော်ရဲ့အကြားမှာ ပြဿနာကြီးငယ် တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနှင့် လက်နက်ကိုင်အဖွဲ့အ စည်းများအကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရမှာဖြစ်တယ်။” သည်စကားကျတော့လည်း တစ်မျိုးနားလည်ရခက်ပါသည်။
တည့်တည့်ဆိုလျှင် “လက်နက်ကိုင်ပဋိပက္ခဖြစ်ရတာ တပ်နဲ့မဆိုင်ဘူး၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ ဆိုင်တယ်” ဟူ၍ ပြောရမလိုဖြစ်နေပါသည်။ အစိုးရတစ်ရပ်တွင် တပ်မတော်ဟူသည့် အင်စတီကျူးရှှုင်း (Institution)တစ်ရပ် ပူးတွဲပါရှိရ မည်ဟူ၍ နားလည်ထားပါသည်။ ယနေ့ကမ္ဘာမှာ တပ်မတော်မရှိသည့်နိုင်ငံ မရှိဟု သိရပါသည်။ တစ်နိုင်ငံမရှိဘူးဟု ကြားဘူး သည်။ ဘယ်လ်ဂျီယံလား၊ ဆွစ်ဇာလန်လားပဲ၊ မည်သို့ဆိုစေ အစိုးရနှင့် တပ်မတော်ဆိုသည်မှာ တစ်သားတည်း ဖြစ်နေရမှာ ဖြစ် သည်။
သို့ကြောင့် ပြဿနာတစ်ရပ်ပေါ်လာပြီဆိုလျှင် ထိုနှစ်ခုလုံးနှင့်ဆိုင်သည်ဟု နားလည်ထားရပါမည်။ အလွယ်ဆုံး ဥပမာ ပြောရ လျှင် ယနေ့ နိုင်ငံမြောက်ဘက်အခြမ်းမှ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် “ဒါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်နဲ့ ဖြစ် နေတဲ့ တိုက်ပွဲပဲ” “ငါတို့အစိုးရနှင့် မဆိုင်ဘူး”ဟူ၍ ပြော၍မရပါ။ အရှင်းဆုံးသာဓကပင် ဖြစ်ပါသည်။
အနည်းငယ် ထပ်မံ တင်ပြလိုသည်မှာ စာရေးသူအနေဖြင့် ၂၁ရာစုပင်လုံတတိယအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNU ၏ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးအဖြစ် တရားဝင် တက်ရောက်ပြောဆို ဆွေးနွေးခွင့်ရခဲ့ ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပါဝင်ရသည့်ကဏ္ဍမှာ နိုင်ငံရေးကဏ္ဍဖြစ်သည်။ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးညှိနှိုင်းရမည့် ခေါင်းစဉ်မှာ ကျား၊မ တန်းတူညီမျှရေးဟူသည့် Gender Equality ဖြစ်သည်။
စာရေးသူနည်းနည်းတော့ အံ့သြမိသည်။ နိုင်ငံရေးနှင့် ကျား၊မ တန်းတူရေး အဘယ်သို့ ဆက်စပ်နေသနည်း။ လူမှုရေးကဏ္ဍဆို လျှင် ဟုတ်သေးပေါ့။ နိုင်ငံရေးကဏ္ဍတွင် တိုင်းရင်းသားများအဖို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ နိုင်ငံသားအခွင့်အရေးတို့ စသည့်ခေါင်း စဉ်များကို ဆွေးနွေးသင့်ပါလျှက် ထိုအကြောင်းအချက်များ မပါဝင်ပါ။ နောက်မှသိရသည်မှာ တိုင်းရင်းသားများက ဆွေးနွေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ပယ်ချခြင်းခံရသည်ဟု သိရပါသည်။ ရှိစေတော့…
ကျား၊မ တန်းတူရေးနှင့် ပတ်သက်၍ UPDJC က အောက်ပါအချက်(၄)ချက်ကို ဆွေးနွေးရန် ချပြပေးထားပါသည် --
(၁) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်ထောင်စု၏ မည်သည့်နိုင်ငံသား ကိုမျှ ကျား၊မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒ ချမှတ်ရမည်။
(၂) ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်
(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသည် ကျား၊မရေး ရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်
(၄) ကျား၊မ ဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးရမည်။ အမျိုး သမီးများ၏ အခန်းကဏ္ဍကို နှိမ့်ချလို၍ မဟုတ်ပါ။ နိုင်ငံရေးကဏ္ဍတွင် ထိုသည်များထက် အဆပေါင်းများစွာ အရေးကြီးသော အကြောင်းအချက်များရှိပါလျက် သိမ်မွေ့နူးညံ့နက်နဲပြီး ညှိနှိုင်းရန် ခက်ခဲနိုင်သည် ဟူသည့်အကြောင်းပြချက်များဖြင့် အရေးကြီး အကြောင်းအရာတစ်ခုမျှ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိကြောင်း သိရပါသည်။
ဖော်ပြပါနိုင်ငံရေး ကဏ္ဍအချက်(၄)ချက် စာရေးသူတို့ကို တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဆွေးနွေးထောက်ပြ ဝေဖန်သုံးသပ်ခဲ့ကြပါသည်။ ထို့နောက်(၁၃-၇-၂၀၁၈)ရက်နေ့တွင် အခြားအစုအဖွဲ့များဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ဆက်လက်ညှိနှိုင်းသောအခါ အချုပ်တင်ပြရပါက အစုအဖွဲ့(၅)ဖွဲ့အနက် အစုအဖွဲ့(၄)ဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား၊လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များက ဖေါ်ပြပါအချက်(၄) ချက်ကို သဘောတူညီခဲ့ကြသော်လည်း တပ်မတော်အစုအဖွဲ့က သဘောမတူညီခဲ့ပါ။
သဘောမတူညီသည့် အချက်များမှာ အမှတ်စဉ်(၁)နှင့် (၃)တို့တွင် “ပြည်ထောင်စု၏” ဟူသည့်စကားရပ်ထဲ၌ “ပြည်ထောင်စု မြန်မာနိုင်ငံတော်၏” ဟူသည်ကို ဖြည့်စွက်ထည့်သွင်းလိုခြင်းဖြစ်သည်။ အစုအဖွဲ့ (၅)ဖွဲ့အနက် (၄)ဖွဲ့က သဘောတူသော်လည်း တစ်ဖွဲ့က သဘောမတူလျှင် ဆုံးဖြတ်ချက် မချနိုင်သည့်ကိစ္စတွင် ဒီမိုကရေစီ၏ သဘောသဘာဝ သက်ရောက်မှုရှိ/ မရှိ မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဦးဆောင်အဖွဲ့ဖြစ်သော PPST ၏ လမ်းညွှန်သဘောတူညီမှုဖြင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏” ဟူသောစကားရပ်ကို ထည့်သွင်းသဘောတူခဲ့ကြပါ သည်။
ဆိုလိုသည်မှာ ကိုယ်စားလှယ်(၇၀၀)ကျော်အနက် အများစု၏ သဘောထားထက် အနည်းစုဖြစ်သော PPST, UPDJC တို့၏ သဘောထားများဖြင့်သာ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၂)အဖြစ် အချက်(၁၄)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ ကိုယ်စားလှယ် (၇၀၀)အပြင် အထူးဖိတ်ကြားထားသူ (၂၉)ဦး၊ လေ့လာသူ (၂၀၄)ဦး၊ အကျိုးဆောင် (၂၇)ဦးနှင့် အထောက်အကူပြု (၁၅၂)ဦး၊ စုစုပေါင်း (၁၁၁၂)ဦးအတွက် အစည်းအဝေး ခြောက်ရက်တာ သွားလာနေထိုင်စားသောက်နှင့် အခြားကုန်ကျစရိတ်များဖြင့် ရရှိသော ရလဒ်မှာ မျှတပါရဲ့လားဟူသည်မှာ စဉ်းစားစရာဖြစ်နေသည်။ ထို့အပြင်အများစု၏ ဆွေး နွေး အကြံပေး ထောက်ပြမှုများထက် အနည်းစု၏ အစီအစဉ်အတိုင်း သွားနေလေသလား ဟူသည့် သံသယစိတ်လည်း ဝင်မိပါ သည်။
KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ညီလာခံဖွင့်ရက် အမှာစကားအရ ဆိုလျှင် “တိုင်းရင်း သား စည်းလုံးညီညွတ်ရေးသည်သာ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြားအာဏာ တည်တ့ံခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာ ကွယ်နိုင်မည်ဖြစ်သည်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တိုင်းရင်းသားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု တရားမျှတမှု အခြေခံတရားများဖြင့်သာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟူ၍ တင်ပြသွားသည့်အပေါ် စာရေးသူက လှိုက်လှဲ စွာ ကြိုဆိုထောက်ခံပါသည်။ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ခြင်းကြောင့် မဟုတ်မူဘဲ ကျန်အခြားတိုင်းရင်းသားများကလည်း လက်ခံကြိုဆိုလိမ့်မည်ဟု ယုံကြည်ပါသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂ဝပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန်” အလေးထား တိုက်တွန်းခဲ့ သေးသည်ကိုလည်း တွေ့ရပါသည်။ ၂၀၁၈ခုတွင် တစ်ကြိမ်၊ ၂၀၁၉ခုတွင် နှစ်ကြိမ် ကျင်းပရန် လျာထားခဲ့ပေရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် လျာထားချက်အတိုင်း ဖြစ်ပေါ်လာရေးနှင့် လေးနက်ခိုင်မာသည့် အကြောင်းအချက်များ ပါဝင်ရေး လိုအပ် နေပေသည်။ ငြိမ်းချမ်းရေးကို အားလုံးက အမြန်ရရှိလိုကြသကဲ့သို့ ချက်ချင်းတည်ဆောက်၍ မဖြစ်နိုင်ကြောင်းကိုလည်း နား လည်သဘောပေါက်ကြပါသည်။
ငြိမ်းချမ်းရေးရရှိဖို့အတွက် အချိန်ကာလ တိုတောင်းသည်ဖြစ်စေ၊ ကြာညောင်းသည်ဖြစ်စေ မဖြစ်မနေ ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ထို့ထက်ပို၍ အရေးကြီးသည်က ရရှိလာမည့် ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မာ မြဲမြံသော ငြိမ်းချမ်းရေးဖြစ် ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။