ဒေသခံအတွက်ဝန်ပိစေသော ဘက်စုံဖွံ့ဖြိုးရေးကို အလိုမရှိ

ဒေသခံအတွက်ဝန်ပိစေသော ဘက်စုံဖွံ့ဖြိုးရေးကို အလိုမရှိ
by -
ဗညားအောင်
မွန်ပြည်နယ်အစိုးရနှင့် Bedok ကုမ္ပဏီ MoU လက်မှတ်ရေးထိုးခဲ့စဉ်(photo/Internet)
မွန်ပြည်နယ်အစိုးရနှင့် Bedok ကုမ္ပဏီ MoU လက်မှတ်ရေးထိုးခဲ့စဉ်(photo/Internet)

ဘက်စုံဖွံ့ဖြိုးရေး

ယခင်မြန်မာ့လမ်းစဉ်ဆိုရှယ်လစ်ပါတီ-မဆလအစိုးရလက်ထက်မှာ စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများကို ဒေသခံများမှစက်လှေကြီးများဖြင့် တိုက်ရိုက်ကုန်သွယ်ခဲ့သည့် မှောင်ခိုဒေသအဖြစ် နာမည်ကြီးခဲ့သော မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းတခွင် လမိုင်း(မြို့)၊ မော့ကနင်၊နှစ်ကရင်၊ ကော့ဒွတ်၊ သောင်ပြင်၊  တောင်ပုံကျေးရွာတို့တွင် Southern Myanmar Development Co.,Ltd.(SMD) လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ထုတ်လုပ်ရေးကုမ္ပဏီက ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးတော့မည် ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့က ရေးမြို့ရွှေဆံတော်ဓမ္မာရုံ၌ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပူပူနွေးနွေး မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာအေးဇံမှ ရေးမြို့နယ်တစ်ခုလုံး၁၈ လအတွင်း လျှပ်စစ်မီးလင်းစေရမည်ဟု ကတိပေးခဲ့သည်ကို ဒေသခံပြည်သူများ ဝမ်းသာပီတီဖြစ်ရပါသည်။

မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ပထမဦးစားပေးလုပ်ငန်းအဖြစ်  အမေရိကန်ဒေါ်လာ(၂၆,၄၅၇)သန်း ရင်းနှီးမြှုပ်နှံ၍  ရေးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် Southern Myanmar Development co.ltd ၏(1.4 MW) Generator(၇)လုံး၊ (0.8MW) Generator(၁)လုံး စုစုပေါင်းဓါတ်အားထုတ်လုပ်မှု(10 MW) လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်ကျေးရွာတွင်ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်ကို သတင်းများကနေတဆင့် မြင်တွေ့ရသည်။

ကုလားဂုတ်ကျွန်း၏အရှေ့ဘက်အရပ်ရှိ သပြေရွာသစ်ကိုအခြေပြု၍ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ပြည်နယ်စက်မှုဇုံ၊ ငါးလုပ်ငန်းဇုံ၊ အထူးစီးပွားရေးဇုံ၊ အိမ်ယာစီမံကိန်းဇုံနှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုံတို့ကို မွန်ပြည်နယ်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Bedok Construction & Engineering Co.,Ltd ဥက္ကဌတို့ ၂၀၁၇ ခုနှစ်၊ မတ်လ (၉) ရက်နေ့က နားလည်မှုစာချွန်လွှာ MoU ကို လက်မှတ်ရေးထိုးခဲ့ ခြင်း ဖြစ်သည်။

ထို့နောက် လျှပ်စစ်ထုတ်လုပ်ရေးအပိုင်းကို မွန်ပြည်နယ်လွှတ်တော်ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရှိရသည်။  

အဆိုပါ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်လာသောအခါ Bedok Construction & Engineering Co.,Ltd. အမည်နေရာတွင် စင်္ကာပူနိုင်ငံသားက (၃၃)ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသားက (၃၃) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားက (၃၄)ရာခိုင်နှုန်းထည့်သွင်း၍ အကျိုးတူပူးပေါင်းရင်းနှီးမြှုပ်နှံ တည်ထောင်ထားသည့် Southern Myanmar Development –SMD နာမည်သစ်ဖြစ်လာသော်လည်း ကုမ္ပဏီဥက္ကဌမှာ တစ်ဦးတည်း အတူတူပင်ဖြစ်သည််ဟု ဒေသခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှသိရသည်။



ဝန်ထုတ်ဝန်ပိုးများ

လျှပ်စစ်မီးကိစ္စအကောင်အထည်ဖော်ဆောင်နိုင်ရန် ကုမ္ပဏီဥက္ကဌကိုယ်တိုင် ဒေသခံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်ကာလများ၌ ထိုအချိန်စက်သုံးလောင်စာဆီစျေးနှုန်းအရ ကုမ္ပဏီမှ တစ်ယူနစ် ၂၈၅ ကျပ်ခန့် အကြမ်းဖျဉ်းသတ်မှတ်ပြောဆိုခဲ့သဖြင့် လက်ရှိ မိမိတို့ဒေသတွင် လည်ပတ်နေသည့် ကိုယ်ထူကိုယ်ထ မီးစက်ကြီးများထက် အခွင့်အလမ်းပိုမိုကောင်းမွန်လာမည်ဟု ယူဆစရာရှိပါသည်။ 

ပြီးခဲ့သည့် နွေရာသီကာလအတောအတွင်း သပြေရွာသစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လမိုင်းဓါတ်အားခွဲရုံးသို့ ဓါတ်တိုင်များစိုက်ထူပြီး လျှပ်စစ်ကေဘယ်လ်ဓါတ်အားကြိုးများသွယ်တန်းခဲ့ရာတွင် နစ်နာဆုံးရှုံးခံရသည့်လယ်ယာမြေ လျော်ကြေးတောင်းဆိုမှုကိစ္စ၊ သောင်ပြင်နှင့် တောင်ဘုံရွာအကြား အနှစ် ၁၀၀ နီးပါးရှိ သက်တမ်းရင့်ထန်းပင်အချို့ ခုတ်လှဲရမည့်ကိစ္စတွင် ကြေလည်မှုမရသေးပါ။ 

ယခုအခါ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရန် အနေအထားရောက်ရှိလာသည့်အခါ လျှပ်စစ်ယူနစ်စျေးနှုန်း သတ်မှတ်ရေးကို တရားဝင်ဖွဲ့စည်းထားသော လျှပ်စစ်ညှိနှိုင်းရေးကော်မတီနှင့်ညှိနှိုင်းမှုမရှိခြင်း၊ စာချုပ်တွင်မီတာထိန်းသိမ်းခ ကင်းလွတ်ရမည်ဆိုသော်လည်း ဝန်ဆောင်ခ ၅၀၀ ကျပ်ကောက်ခံခြင်း၊ စာချုပ်တွင် မိမိတို့မီးသုံးစွဲသည့်ယူနစ်အတိုင်း ငွေကြေးပေးဆောင်ရန် ချုပ်ဆိုခဲ့သော်လည်း လမ်းမီးခခေါင်းစဉ်ဖြင့် ၄၂၅၀ ကျပ်ကောက်ခံခြင်းအပေါ် ဒေသခံများလုံးဝလက်မခံနိုင်ဖြစ်လာသည့်အတွက်  မွန်ပြည်နယ်လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်လာရသည်။ 

ဇူလိုင်လ ၃၀ ရက်နေ့က အထက်ပါ မွန်ပြည်နယ်လွှတ်တော်ညှိနှိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၊ ပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဥက္ကဌအဖြစ်ဆောင်ရွက်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးကြီးကြပ်ရေးကော်မတီ (၅) ဦး၊ ရေးမြို့နယ်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးသည့်ကုမ္ပဏီ ၃ ခု၊ ဒေသခံရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံလျှပ်စစ်ညှိနှိုင်းရေးကော်မတီများ တက်ရောက်ဆွေးနွေးညှှိနှိုင်းကြရာတွင် ယခင်က တစ်ယူနစ် ၂၈၅ ကျပ်ခန့် အကြမ်းဖျဉ်းသတ်မှတ်ပြောဆိုခဲ့သည့် SMD ကုမ္ပဏီဘက်မှ အဓိကအဆုံးအဖြတ်ပေးနိုင်သည့် ဥက္ကဌ မတက်ရောက်နိုင်ခဲ့ပါ။  

ဒေသခံများက (၁) ဒီဇယ်တစ်ဂါလံစျေးနှုန်းကို ၁၂ ယူနစ်သတ်မှတ်ပေးရန်။ (၂) ဝန်ဆောင်ခ ၅၀၀ ကျပ် မကောက်ခံရန်။(၃) လမ်းမီးခ လစဉ်တစ်အိမ် ၁၀၀၀ ကျပ်သာ ကောက်ခံရန်။ (၄) ဒီဇယ်စျေးနှုန်း ၂၀% အပြောင်းအလဲဖြစ်မှသာ လျှပ်စစ်ညှိနှိုင်းရေးကော်မတီနှင့် လျှပ်စစ်ယူနစ်စျေးနှုန်း ပြန်လည်သတ်မှတ်ရန် စသည့် အချက်(၄) ချက် တင်ပြသော်လည်း SMD ဘက်က လက်မခံပေ။ 

လက်ရှိတွင် သောင်ပြင်နှင့် တောင်ပုံကျေးရွာတို့တွင် လျှပ်စစ်မီတာများအဆင်သင့် ချိတ်ဆက်ထားပြီး ဖြစ်သော်လည်း SMD ထံမှ လျှပ်စစ််ဓါတ်အားပေးပို့မှုကို လက်မခံရသေးပေ။

အဆိုပါမကြေလည်မှုများကို လမိုင်း၊ မော့ကနင်၊ နှစ်ကရင်၊ ကော့ဒွတ်နှင့် သပြေရွာသစ်မှ ဒေသခံများစုစည်း၍ သြဂုတ်လ ၉ ရက်နေ့က လမိုင်းမြို့မွန်ဓမ္မာရုံ၌ လူထုတွေ့ဆုံပွဲတရပ်ဆက်လက်ပြုလုပ်ခဲ့ကြပြီး တောင်းဆိုချက် ၉ ချက်(စာကြွင်းပါတောင်းဆိုချက်များ) ကို ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးကြီးကြပ်ရေးကော်မတီထံသို့ ပေးပို့ခဲ့သည်။

အဆိုပါတောင်းဆိုချက် ၉ ချက်ကို သက်ဆိုင်ရာ ကုမ္ပဏီ၊ ပြည်နယ်အစိုးရနှင့် ဝန်ကြီးချုပ်၊ ပြည်ထောင်စုအစိုးရ၊ နိုင်ငံတော်သမ္မတထံသို့ အဆင့်ဆင့်တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ တင်ပြရာတွင် တစ်စုံတစ်ရာ ရလဒ်မထွက်ရှိပါက ဆန္ဒထုတ်ဖော်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် လျှပ်စစ်မီတာပြန်အပ်ကာ မိမိတို့တွင် ရှိပြီးသား ကိုယ်ထူကိုယ်ထမီးစက်များကို ပြန်လည်အသုံးပြုမည်ဟု ဆုံးဖြတ်ထားသည်ဟုလည်း ဆိုသည်။

တခြား တဖက်ဖြစ် ချိန်ထိုးကြည့်ပါကလည်း လျှပ်စစ်ဓါတ်အားကို တစ်နေ့လျှင် ၂၄ နာရီထုတ်လုပ်ဖြန့်ဖြူးသည့် ပုဂ္ဂလိကကုမ္ပဏီချင်းအတူတူ မြတ်သူရထွန်းကုမ္မဏီသည် ၂၀၀၉ခုနှစ်မှစတင်၍ ရေးမြို့ပေါ် (၉) ရပ်ကွက်အပါအဝင် ချောင်းတောင်၊ အစင်၊ ဓမင်းဆိပ်၊ အဘော်၊ ဇီးဖြူသောင်နှင့် ဒူရားရွာတို့တွင် အိမ်ခြေပေါင်း (၈၀၀၀) ကျော်ကို လျှပ်စစ်မီးများဖြန့်ဖြူးခဲ့ရာတွင် လမ်းမီးအသုံးပြုခများ လုံးဝကောက်ခံခြင်းမရှိခဲ့ပေ။

၁၀ နှစ်နီးပါးခန့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော မြတ်သူရထွန်းကုမ္ပဏီအနေဖြင့် ယခုအခါ တစ်ယူနစ် ၄၅၀ ကျပ်ကောက်ခံနေသော်လည်း စက်သုံးဆီစျေးနှုန်းမြင့်မားသည့်ကာလတွင် တစ်ယူနစ် ၈၀၀ ကျပ်ကောက်ခံခြင်းရှိခဲ့သလို စက်သုံးဆီစျေးကျသည့်ကာလတွင်လည်း တစ်ယူနစ် ၃၅၀ ကျပ်အထိ လျော့ကျကောက်ခံခဲ့သဖြင့် လျှပ်စစ်မီးသုံးစွဲသူ ဒေသခံများနှင့် အဆင်ပြေလိုက်လျောညီထွေမှု ရှိနေသည်။

ထို့ကြောင့် ယခုအခါ စီမံကိန်းတည်ဆောက်ဆဲကာလဖြစ်သည့် SMD ကုမ္ပဏီအနေဖြင့် လမ်းမီးခတစ်အိမ် ၄၂၅၀ ကျပ်ကောက်ခံမည်ဆိုသည့်အတွက် မော့ကနင်၊ နှစ်ကရင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ပုံကျေးရွာအုပ်စု ၅ ခုနှင့် လမိုင်းမြို့မတို့တွင် စုစုပေါင်းအိမ်ခြေ ၁၃,၅၀၀ ခန့် လျှပ်စစ်မီးတာတပ်ဆင်မည်ဆိုပါက ကုမ္ပဏီအတွက် လမ်းမီးခလစဉ်ငွေကျပ် ၅၇ ဒဿမ ၃၇၅ သန်းခန့်(သို့မဟုတ်) တစ်နှစ်လျင်ငွေကျပ် ၆၈၈၅ သိန်းခန့် ပေးသွင်းရမည့်ငွေကြေးပမာဏမှာ ဒေသခံများအတွက် ဝန်ထုတ်ဝန်ပိုး အလွန်ပိစေသော ဘက်စုံဖွံ့ဖြိုးရေးဆိုသည်ကို လက်ခံနိုင်စရာမရှိကြောင်း မြင်သာစေပါသည်။

စာကြွင်း

လမိုင်းဒေသခံများတောင်းဆိုမှု(၉) ချက်

၁။ ကုမ္ပဏီမှ ကောက်ခံသော ဝန်ဆောင်ခံ (၅၀၀) ကျပ်ကို ပယ်ဖျက်ပေးရန်။

၂။ ယူနစ်စျေးသတ်မှတ်ရာတွင် ဒေသဒီဇယ်ပေါက်စျေးဖြင့် တစ်ဂါလံ (၁၀) ယူနစ်နှုန်း တွက်ချက်ကောက်ခံပြီး လမ်းမီးကို သီးခြားကောက်ခံခြင်းမပြုရန်။

၃။ လမ်းမီးကို ည(၆) နာရီမှ မနက် (၆) နာရီအထိ ရွာတွင်းရှိလျှပ်စစ်ဓါတ်တိုင်တိုင်းတွင် လမ်းမီးလင်းနေအောင် ထွန်းပေးရန်။

၄။ ဒီဇယ်စျေး(၂၀) ရာခိုင်နှုန်းအပြောင်းအလဲဖြစ်ပါက ကော်မတီနှင့် အင်္ဂလိပ်ရက် (၁၅) ရက်နေ့တွင် ဒေသပေါက်စျေးကို စုံစမ်းညှိနှိုင်းအတည်ပြုပြီးမှ ယူနစ်စျေးကိုပြောင်းလဲအတည်ပြုရန်။

၅။ လမ်းမီးလုံးများကို အနည်းဆုံး (၄၀) ဝပ်မီးလုံးများ တပ်ဆင်ပေးရန်။

၆။ လျှပ်စစ်ဓါတ်အားကို တည်ဆောက်ရေးကာလမှအပ (၂၄) နာရီ မီးပေးရန်။

၇။ အိမ်သုံးမီတာယူနစ်ကို ကော်မတီက မည်သည့်အချိန်အခါတွင်မဆို စစ်ဆေးပိုင်ခွင့်ပြုရန်။

၈။ အထက်ပါတောင်းဆိုချက်များအား ၁-၇-၂၀၁၈ ရက်နေ့မှ ကုမ္ပဏီ ငွေတောင်းခံလွှာကောက်ခံခဲ့သည့် သပြေ၊ နှစ်ကရင်ရွာက လူထုအားလုံး အကျိုးခံစားခွင့်ပြုရန်။

၉။ အထက်ပါ တောင်းဆိုချက်များအတိုင်း မီးပေးကုမ္ပဏီနှင့် လမိုင်းဒေသလျှပ်စစ်ညှိနှိုင်းဦးဆောင်မှု ကော်မတီနှင့် လုပ်ငန်းသဘောတူညီမှုစာချုပ်တရပ် ချုပ်ဆိုရန်။

ညွှန်း

-ဆက်သွယ်မေးမြန်းချက်များ

-သတင်းမှတ်တမ်းများ

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...