ကရင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကို ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းအား ဆက်သွယ်မေးမြန်းခြင်း

ကရင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကို ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းအား ဆက်သွယ်မေးမြန်းခြင်း
by -
စအိုင်ဆူး
ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း
ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း

ကရင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းအား ကေအိုင်စီ သတင်းထောက် စအိုင်ဆူး ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

ကေအိုင်စီ။    ။  ဒီလိုမိုးကြီး ရေလျှံမှုတွေဖြစ်ပေါ်တဲ့အခါ ပြည်သူတွေအတွက် ဆောင်ရန် ရှောင်ရန် အချက်တွေကို ရှင်းပြပေး ပါလား။

ဒေါက်တာထွန်းမင်း။  ။ ရေကြီးတဲ့အချိန်မှာ အဓိက ဆရာတို့ ကြုံတွေ့နေရတာက ရေနစ်သေဆုံးတာပေါ့။ ရေနစ်သေဆုံးတာ ကရင်ပြည်နယ် ထဲမှာ ၁၉ဦးတောင် ရှိတယ်။ အဓိက အကြံပြုချင်တာက ရေကူးတတ်တဲ့သူတွေကတော့ သိပ်ပြဿနာ မရှိဘူး။ ရေမကူးတတ် တဲ့သူတွေက တစ်နေရာနဲ့ တစ်နေရာ ကူးသန်းသွားလာတဲ့အခါ သက်ကယ်အကျႌတွေပါတဲ့ လှေတွေ ဒါမှမဟုတ်လည်း ဘော/ တာယာကျွတ်တို့ ရေပေါ် ပေါ်နိုင်တဲ့ ပစ္စည်းတစ်ခုခုပေါ့။ အခုသေဆုံးတဲ့ဖြစ်စဉ်တွေ ကြည့်လိုက်ရင် အားလုံး ဝိုင်းတားတဲ့ကြား ကနေ ရေကို အတင်းဖြတ်တာတွေ၊ အရက်သေစာ သောက်စားပြီး ဖြတ်တာတွေ အဲ့ဒါမျိုးတွေကြောင့် ဖြစ်တာများတယ်။ အဓိက ပြောချင်တာက ကူးသန်းသွားလာတဲ့အခါမှာ တချို့က အရဲစွန့်ပြီး ရေငုပ်ပြီးတော့ ပစ္စည်းတွေယူတာတို့ ဆိုင်ကယ်နဲ့အတင်းဖြတ် တာတို့ အဲ့ဒါတွေကိုလုပ်တဲ့အခါ သတိထားရမယ်။ 

နောက်တစ်ချက်က မြွေကိုက်တာပေါ့။ ရေကြီးတော့ မြွေတွေက ရေနဲ့ အတူပါလာတာပေါ့။ ရေကြီးတဲ့အခါကျတော့ ကိုယ့်အိမ်တွေထဲမှာ ချောင်ကျတဲ့နေရာ၊ ထမင်းဟင်းချက်တဲ့နေရာ၊ အိပ်ယာတို့ ပစ္စည်းထားတဲ့နေရာမျိုးတွေမှာ မြွေအန္တရာယ် တွေ သတိပြုရမယ်။ မြွေတွေ ဘာတွေ အကိုက်ခံရတဲ့အခါ ချက်ချင်းပေါ့။ ဒီမှာဆို အနီးစပ်ဆုံး ဆေးရုံတွေကိုပို့ပြီးတော့ မြွေဆိပ် ဖြေဆေးတွေ ထိုးဖို့လိုတယ်။ ဒီမှာဆိုရင် မြွေကိုက်ခံရတာ ၁ဝယောက်ကျော်လောက် ရှိတယ်။ ဒါပေမဲ့ အချိန်မီရောက်လာတဲ့အ တွက်မို့ အသက်ဆုံးရှုံးတာ မရှိဘူး။ ဒီအချိန်မှာ တခြားအန္တရာယ်ရှိနိုင်တာကလည်း ဓါတ်လိုက်တဲ့ဟာပေါ့။ ရေကမြုပ်နေတော့ ဓါတ်တိုင်တွေ၊ ဓါတ်ကြိုးတွေက အန္တရာယ်ရှိတာပေါ့။ လျှပ်စစ်ဌာနကတော့ ရေနစ်မြုပ်တဲ့ ရပ်ကွက်တွေကို ဓါတ်အားလိုင်းတွေ ဖြတ်တောက်ထားတာတော့ ရှိတာပေါ့။ သို့သော်လည်း တခါတလေကျရင် မိုးကလည်းရွာတယ်။ ဓါတ်ကြိုးတွေ ဘာတွေပြတ်ကျ တယ်။ လေတွေ ဘာတွေတိုက်တယ်။ အဲ့ဒါမျိုးတွေကျတော့ လျှပ်စစ်ဓါတ်အားကနေတဆင့် ဓါတ်လိုက်တဲ့ အန္တရာယ်ကိုလည်း သတိထားပြီးရှောင်ဖို့လိုတယ်။ ဒါကလည်း ဒီလိုမျိုးအချိန်မှာ ဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။

ကေအိုင်စီ။    ။ ဒီလို ရေကြီးရေလျှံမှုကြောင့် ဘယ်လိုကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ပြီးတော့ ဘယ်လိုကြိုတင် ကာကွယ်မှု တွေ လုပ်သင့်သလဲ။

ဒေါက်တာထွန်းမင်း။  ။ ဒီအချိန်မှာကျတော့ ဝမ်းပျက်ဝမ်းလျှော  ဝမ်းကိုက်ပေါ့။ ရေမသန့်လို့ ကူးတဲ့ ရောဂါတွေပေါ့။ အသည်းရောင် အသားဝါ လည်း ဖြစ်တတ်တယ်။ နောက်ပြီး ရေထဲမှာ သွားရင်းလာရင်းနဲ့ Leptospirosis (ကြွက်အညစ်အကြေးနဲ့ဆိုင်တဲ့) ရောဂါတွေ လည်း ဖြစ်တတ်တယ်။ အဲ့ဒါတွေကတော့ အဓိကအားဖြင့် မသန့်တဲ့ရေတွေကို ချိုးတာတို့ သွားတာတို့ အဲ့ဒါမျိုးတွေကို ရှောင်ရ မယ်။ ခန္ဓာကိုယ်ကိုလည်း အထူးသဖြင့် အစာစားခါနီးတို့ အိမ်သာကနေဆင်းတဲ့အချိန်ဆိုရင် ဆပ်ပြာတွေ ဘာတွေ သန့်သန့်ရှင်း ရှင်း ဆေးပေါ့နော်။ အိမ်သာတွေကလည်း တော်တော်များများက ရေမြုပ်ကုန်တဲ့အခါ ရေမမြုပ်တဲ့ အိမ်သာတွေမှာ သုံးတာ အကောင်းဆုံးပေါ့။ မဟုတ်ရင် ရေမြုပ်တဲ့ အိမ်သာတွေဆိုရင် တခါတလေကျရင် ကိုယ်အညစ်အကြေးစွန့်တာတွေက ရေထဲပါ သွားပြီး တခြားနေရာမှာ ကူးစက်ရောဂါတွေ ဖြစ်တတ်တာပေါ့။ 

နောက်ပြီးအစားအသောက်တွေကို ဒီအချိန်မှာ သန့်ရှင်းဖို့ လိုအပ်တယ်။ သေချာကျက်အောင် ချက်ပြုတ်ပြီးတော့ စားဖို့ လိုတယ်။ အစားအသောက်ကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်ပြင်ဆင်ဖို့လိုတယ်။ တခါတလေကျတော့ မိုးရေက အထိုက်အ လျောက်တော့ သန့်ရှင်းတယ်။ တွင်းရေတို့ ကန်ရေတို့မှာကျတော့ ရေမြုပ်ကုန်တာတွေရှိတယ်။ တကယ်လို့ ရေသန့်ရှင်းမှုက သိပ်အားနည်းနေတယ်ဆိုရင် ဆရာတို့ ရေသန့်ဆေးပြားလေးတွေကို ဝေထားတာရှိတယ်။ ရေသန့်ဗူးတစ်ဗူးကို ဆေးပြားတစ် ပြား ထည့်ပြီးတော့ ဖျော်လိုက်ရင် အထိုက်အလျှောက် ပိုးသတ်ထားတဲ့ရေကို ရတာပေါ့။ အဲ့ဒီရေနဲ့ အနည်းဆုံးတော့ ပန်းကန ဆေးတာတို့၊ အစားအသောက်တွေ ဆေးကြောတာတို့ လုပ်လို့ရတယ်။ တချို့ရေရှားတဲ့နေရာမှာကျတော့ သောက်တယ်။ ဒါပေ မဲ့ အခုကျတော့ ရေသန့်ဗူးတွေများတော့ ရေသန့်ဗူးကိုပဲ သောက်ကြတာများတယ်။ 

နောက်ပြီးတော့ အမှိုက်၊ အညစ်အကြေး စွန့်ပစ်တာတွေက အရေးကြီးတယ်။ တခါတလေကျတော့ ရေက တက်နေ တော့ ကိုယ်စွန့်ပစ်တဲ့အညစ်အကြေးတွေက ရေနဲ့မျောပြီးတော့ ပိုပြီး ရေညစ်ညမ်းမှုကို ဖြစ်စေတယ်။ အဲ့ဒါမျိုးတွေကိုလည်း သေချာဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုတယ်။ နောက်ပြီး အခုရာသီက တုပ်ကွေးဖြစ်တတ်တာကြောင့် နွေးနွေးထွေးထွေးနေဖို့ အစာစား ရင်လည်း ပူပူနွေးနွေးပေါ့။ ဒါမျိုးစားသောက်ဖို့လိုတယ်။

ကေအိုင်စီ။    ။ လတ်တလော ပြည်နယ်အဝန်း ရေကြီးမှုကြောင့် ကျန်းမာရေးဆိုင်ရာ စီမံဆောင်ရွက်ပေးနေမှုနဲ့ ညွန်ကြား ထားမှုတွေကို ဘယ်လို စီမံဆောင်ရွက်ထားပါသလဲ။

ဒေါက်တာထွန်းမင်း။  ။ ဆရာတို့ကတော့ ဒီရေမကြီးခင် မေလလောက်ကတည်းက စပြီး တကယ်လို့ သဘာဝဘေးအန္တရာယ်ဖြစ်ရင် တုန့်ပြန် ပြီး ဆောင်ရွက်ဖို့ အဖွဲ့လေးတွေကို ပြည်နယ်မှာလည်း ဖွဲ့တယ်။ ခရိုင်မှာလည်းဖွဲ့တယ်။ မြို့နယ်အဆင့်ဆင့်မှာလည်း ဖွဲ့တယ်။ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနတွေမှာလည်း သူတို့ အဆင်သင့် ပြင်ဆင်ထားတယ်။ နောက်ပြီး ရေသန့်ဆေးပြားတွေ အထိုက်အလျောက်ပေါ့၊ ဝေပေးထားတာရှိတယ်။ ဆေးဝါးတွေလည်း မြွေဆိပ်ဖြေဆေးကအစပေါ့ အထိုက်အလျောက်ပေါ့။ ဖြည့် ဆည်းပေးထားတယ်။ 

ရေကြီး ရေလျှံမှုတွေ ဖြစ်တဲ့အခါ လိုက်နာဆောင်ရွက်ရမဲ့ အချက်(၁၈)ချက်ပေါ့။ ဒါကိုလည်း မြို့နယ်အားလုံးကို လမ်း ညွန်ထားတယ်။ အခုလောလောဆယ်တော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ဆေးခန်းတွေဖွင့်ထားပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆရာ၊ ဆရာမတွေကို တာဝန်ချထားတာတွေရှိတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ကူးစက်တဲ့ ရောဂါတွေ မဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ရမလဲဆိုတာကို ညွန်ကြားထားတာရှိတယ်။ အဲ့မှာလည်း လိုအပ် တဲ့ဆေးဝါးပစ္စည်းတွေကို နောက်ကနေ ထောက်ပံ့ပေးထားတယ်။ 

တစ်ခုခုနေမကောင်းတာဖြစ်ရင် ဆရာတို့ဆေးခန်းတွေမှာ ပြလို့ ရတယ်။ ဆေးခန်းနဲ့မှ မသက်သာဖူးဆိုရင် ဆေးရုံတွေ မှာ အဆင်သင့် အရေးပေါ်လူနာတွေကို စောင့်ကြည့်ကုသပေးဖို့ ဆောင်ရွက်ထားတာတွေ ရှိတယ်။ အခုချိန်ထိတော့ အအေးမိ တာတို့၊ နှာစေးချောင်းဆိုးတာတို့လောက်ပဲ ရှိတယ်။ အခုလည်း ရေဘေးစခန်းတွေမှာ ကျန်းမာရေး ပညာပေး ဟောပြောဆွေး နွေးတာတွေလည်း လုပ်ပေးပါတယ်။ နောက်ပြီး ရေပြန်ကျသွားရင်လည်း ရေတွင်းရေကန်တွေမှာ လူတွေ မသုံးရင်ပေါ့။ ကလို ရင်းဆေးခတ်ပြီး ပိုးသတ်ပေးဖို့ ဆရာတို့ ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်ထားတာရှိတယ်။  တကယ်လို့ ခြင်တွေ အရမ်း ပေါက်ပွားရင်လည်း ခြင်ဆေးမှုတ်ပေးဖို့ စီစဉ်ထားတာ ရှိတယ်။

ကေအိုင်စီ။    ။ ရေပြန်ကျသွားရင် ဖြစ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအတွက်လည်း ဘယ်လို ပြင်ဆင်ဆောင်ရွက်သင့် ပါသလဲ။ 

ဒေါက်တာထွန်းမင်း။  ။ အဓိက ကတော့ ရေကျသွားတဲ့အချိန်မှာ ပြည်သူလူထုတွေအနေနဲ့ အဓိက ဆောင်ရွက်ဖို့လိုတာက စုပေါင်းပြီးတော့ ကိုယ့်ရဲ့အိမ်တွေ မကဘူး။ ကိုယ့်ရဲ့ ရပ်ကွက်၊ လမ်း သန့်ရှင်းအောင် အမှိုက်သရိုက်တွေကို သန့်ရှင်းအောင် လုပ်ဖို့လိုတယ်။ နောက်ပြီး ပျက်စီးသွားတဲ့ အိမ်သာတွေရှိရင်လည်း ယင်လုံအောင် အိမ်သာတွေကို ပြန်ပြီး ပြုပြင်ဖို့လိုတယ်။ အစားအသောက် တွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာလည်း ကူးစက်ရောဂါမဖြစ်အောင် ဂရုစိုက်ပြီးတော့ ချက်ပြုတ်စားသောက်ဖို့လိုတယ်။ နောက် ပြီး ရောဂါတစ်ခုခုဖြစ်ရင် ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ စောစောစီးစီး ကုသမှုခံယူဖို့လိုတယ်။ ဒါမှ ရေကြီးတဲ့ နောက်ဆက်တွဲ ကူးစက်ရောဂါတွေကို ဆရာတို့ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...