သဘာဝဘေးအလွန် မေးခွန်းများကို ကြိုတင်အဖြေရှာ

သဘာဝဘေးအလွန် မေးခွန်းများကို ကြိုတင်အဖြေရှာ

ယမန်နှစ် ၂၀၁၇ ခုက ယခုလို ဇွန်၊ ဇူလိုင်လများတွင် မိုးသည်းထန်သော၊ မြစ်ရေကြီးသော၊ ပင်လယ်ဒီရေ ထောက်သော ဒေသများတွင် စိုက်ပျိုးပြီး မိုးစပါးဧက ၁၄ သန်းကျော်၌ ဧက ငါးသိန်းကျော် ရေမြုပ်၍ ဧက ၈ သောင်းကျော် ပျက်စီးခဲ့ရသည်။

အစားထိုးပြန်လည် စိုက်ပျိုးရန် နှိုးဆော်ခဲ့သလို မိုးစပါး မစိုက်ပျိုးနိုင်တော့ပြီဖြစ်သော ဒေသများကိုလည်း မိမိတို့ ရေမြေသဘာဝနှင့် လျော်ကန်ညီညွတ်သည့် စပါးအမျိုးအစားဖြင့် အစားထိုးကြရန် အကြံပြုတိုက်တွန်းစကားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ပြောသံဆိုသံ တသောသော ဆူညံခဲ့သေးသည်။

ယခု ၂၀၁၈ တွင် ဇွန်လအစောပိုင်းက စတင်ကာ မွန်၊ ကရင်၊ တနင်္သာရီဒေသတို့၌ နေ့စဉ်ရက်ဆက်နီးပါး မိုးသည်းထန်ခဲ့ပြန်၏။

ပမာဆောင် ထုတ်နုတ်တင်ပြရသော် ပြီးခဲ့သည့် ဇွန်လလယ်တွင် သံလွင်မြစ်ရေ အတက်ကြမ်းချိန် ပင်လယ်ဒီရေထောက်ကာ နှစ် ၃၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်လမြိုင်၌ ရေကြီးရေလျှံခဲ့ရသည်။

ယခု ဇူလိုင်တတိယပတ်တွင်လည်း မြစ်ရေ၊ တောင်ကျရေ၊ ပင်လယ်ဒီရေတို့ စုဆုံကာ ဘားအံအပါအဝင် ကရင်ပြည်နယ်တစ်လွှားတွင် ယခင်က မကြုံစဖူးသော အနေအထားအထိ ရေကြီးရေလျှံမှု ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဇူလိုင် ၂၆ ရက်တွင် ဘားအံသို့ မော်လမြိုင်ကတစ်ဆင့် လာရောက်ကာ ဒေသခံ ရေဘေးသင့်ပြည်သူများနှင့်ရော ပြည်နယ်အစိုးရအဖွဲ့နှင့်ပါ တွေ့ဆုံမှု ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အိမ်ရာ၊ အဆောက်အဦ၊ လမ်း၊ တံတား ပျက်စီးမှု ပိတ်ဆို့မှုများ အလွန်ဝယ် မိုးစပါးအပါအဝင် ဥယျာဉ်ခြံသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်ပင်စသည့် စိုက်ပျိုးရေးကဏ္ဍအထွေထွေ ထိခိုက်နစ်နာဆုံးရှုံးမှုများ မလွဲမသွေ ပေါ်ပေါက်လာတော့မည်မှာ ဧကန်ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်အလွန် ထူထောင်ရေးကာလ ရောက်ပါက ပျက်စီးခဲ့သော စိုက်ဧကများကို မည်သို့ ပြန်လှန်တွက်ချက်သုံးသပ်မည်၊ စာရင်းပြုစုအဖြေရှာမည်၊ အစားထိုး စိုက်ပျိုးမည်စသည်တို့မှာ ပြည်နယ်အစိုးရအသီးသီးအပါအဝင် ပြည်ထောင်အစိုးရ၏ ပုခုံးပေါ်ထိပါ ကျရောက်လာဦးမည့် တာဝန်လည်း ဖြစ်လေတော့သည်။

မေးလည်းမေးမြန်းရ၊ ဖြေလည်းဖြေဆိုရဦးမည့် မေးခွန်းများကိုကား အစိုးရထံ သဘာဝဘေးက ဆောင်ကြဉ်းလာပေတော့မည်။

တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်းအတော်များများကို ရေဖုံးလွှမ်းနေချိန်မှာ ယခုနှစ်အတွက် မိုးစပါးဧက မည်မျှ စိုက်ပျိုးပြီးခဲ့ပြီနည်း၊ ရေဘေးက မည်မျှ တိုက်စားသွားသနည်း၊ အစားထိုးစိုက်ပျိုးရမည့် ဧကမည်မျှရှိသနည်းစသည်တို့ကို စာရင်းဇယားအမှန် အတိအကျ (စာရင်းဇယားအမှန် အတိအကျ) သိရှိဖို့ လိုအပ်ပေလိမ့်မည်။ ယင်းအပြင် ရေမလွှမ်းမိုးဘဲ စပါးစိုက်ပျိုးနိုင်သည့်ဒေသများရှိ လယ်သမားများ အမြန်ဆုံး ဖြည့်စွက်စိုက်ပျိုးနိုင်ရန် အစိုးရချင်း ချိတ်ဆက်၍ မည်သို့သော အကူအညီများ ပံ့ပိုးမည်နည်း၊ အဘယ်သို့သော အစီအမံများ ချမှတ်ရန် လျာထားသနည်း။

သဘာဝဘေးအန္တရာယ်များအလွန်တွင် စဉ်ဆက်မပြတ် ရောက်ရှိလာတော့မည့် မေးခွန်းများကို ဖြေဆိုရန် အစိုးရအနေဖြင့်သတိချပ် ဆင်ခြင်ကာ ကြိုတင်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း အစဖော်လျက် ဟင်္သာက ရေးသားတိုက်တွန်းလိုရင်းဖြစ်သည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...