မူးယစ်ဆေးသည် မွန်လူမျိုးတို့၏ အနာဂတ်ကို ခြိမ်းခြောက်နေပြီ

မူးယစ်ဆေးသည် မွန်လူမျိုးတို့၏ အနာဂတ်ကို ခြိမ်းခြောက်နေပြီ

မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနကို ဖွင့်လှစ်ထားပြီး လုံခြုံစိတ်ချစွာတိုင်ကြားနိုင်သည်ဟု နိုင်ငံတော်သမ္မတရုံးက ကြေညာခဲ့သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး မဟာဗျူဟာတစ်ရပ်အဖြစ် သတင်းပေးသူကို တရားခံများ၏ ပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးသည့်အဖွဲ့ကို ၂၀ ရာခိုင်နှုန်းချီးမြှင့်ရန် ကနဦးစဉ်းစားထားပြီး လိုအပ်သည့် ဥပဒေပြုရေးကိစ္စများ ဆောင်ရွက်ရန်လည်း ပြင်ဆင်နေပါပြီ။

တိုင်းပြည်အတွင်း ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရေး ပြည်ထောင်စုအစိုးရ၏ အဆိုပါ ခြေလှမ်းသစ်များအကြောင်း အများစိတ်ဝင်စားနေသည့်နည်းတူ ယင်းကဏ္ဍ၌ မွန်လူမျိုးတို့ ရင်ဆိုင်နေရသော အခြေအနေကိုလည်း ပြည်နယ်အစိုးရတို့ အထူးသတိပြုမိစေရန် ဟင်္သာက ဆန္ဒရှိ၏။

တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းကောက်ယူခဲ့သော စစ်တမ်းအရ မွန်နှင့် ကရင်ပြည်နယ်အတွင်းနေထိုင်သော မွန်လူငယ် ၇၃ ရာခိုင်နှုန်းသည် မူးယစ်ဆေးသုံးစွဲနေကြောင်း သိရ၍ဖြစ်ပါသည်။

မွန်လူငယ်များအပြင် ပရိယတ္တိစာပေ လေ့လာသင်ယူ နေသော ရဟန်းသံဃာ၊ ကိုရင်ငယ်လေးများပါ မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု ပါဝင်၏။ အချက်အလက်အားဖြင့် နှစ်ရာခိုင်နှုန်းဟုပင်ဆိုသည်။

ဤအခြေအနေအတွင်း ဟင်္သာက အထူးထောက်ပြလိုသည်မှာ လက်ရှိဥပဒေများရှိလျက်၊ မူးယစ်တိုက်ဖျက်ရေးစီမံချက်၊ စီမံကိန်းများရှိပါလျက် ပြည်နယ်အစိုးရတို့ အဘယ်ကြောင့် မတားနိုင်မဆီးနိုင်ဖြစ်နေရပါသနည်း။

ယင်းကိုထောက်ရှု၍ ပြည်ထောင်စုအစိုးရက ချမှတ်ရန် ပြင်ဆင်နေသော မဟာဗျူဟာသစ် မက်လုံးမျိုးဖြင့် တိုင်းနှင့်ပြည်နယ်များတွင် ရင်ဆိုင်နေရသည့် မူးယစ်ဆေးအန္တရာယ်ကို ကျော်လွန် လွှမ်းမိုးနိုင်ပါမည်လောကို လည်း စောကြောလို၏။

ဗဟိုအစိုးရက မဟာဗျူဟာမျိုးချချ တိုင်းနှင့်ပြည်နယ်များ၌ ဒုံရင်း ဒုံရင်းဆိုလျှင် မူးယစ်ဆေးအရှိန်မြှင့် တိုက်ဖျက်ရေးအောင်မြင်ရန်မှာ အနာနဲ့ ဆေးဝေးဆဲဖြစ်၍ တိုင်းပြည်အနာဂတ်မှာလည်း နွံနစ်မြဲဖြစ်နေမည်သာ။

ထို့ကြောင့် ပြည်ထောင်စုအဆင့် မူးယစ်တိုက်ဖျက်ရေး ခြေလှမ်းသစ်မှာ မွန်လူမျိုးတို့၏ အနာဂတ်အတွက် ရင်လေးဖွယ်အခြေအနေသို့ ဆိုက်နေပြီဖြစ်သော မူးယစ်ဆေးအန္တရာယ်ကြီးကို ပြည်နယ်အစိုးရက ဖြေရှင်းပေး နိုင်စွမ်းရှိမရှိနှင့် တိုက်ရိုက်သက်ဆိုင်မည်မဟုတ်ပါကြောင်း ဟင်္သာက ထောက်ပြလို၏။

လက်ရှိဥပဒေ၊ စီမံချက်များဖြင့်ပင် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုတင်ဖြေရှင်းပြသင့်၊ ဖြေရှင်းနိုင်သင့်ပါသည်။

ဒါသည်ပင်လျှင် ဗဟိုအစိုးရ၏ မူးယစ်တိုက်ဖျက်ရေး မဟာဗျူဟာသစ်ကို မွန်ပြည်နယ်က လှိုက်လှဲစွာကြိုဆိုခြင်းမည်ပါကြောင်းနှင့် မွန်တိုင်းရင်းသားတို့၏ရှေ့ရေးကို ကာကွယ် စောင့်ရှောက်ခြင်းဖြစ်ပါကြောင်း ဟင်္သာက ညွှန်းဆိုလို၏။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...