အလံကိစ္စ ဥပဒေအနားသတ်ဖြင့် ပညတ်ပါ

အလံကိစ္စ ဥပဒေအနားသတ်ဖြင့် ပညတ်ပါ

မွန်ပြည်နယ်ကို ကိုယ်စားပြုမည့် အလံအသစ်ကို ခန့်မှန်းချိန် ၂၄ နာရီအတွင်း မွန်ပြည်နယ်လွှတ်တော်က ရွေးချယ်လိုက်သည်။ အဆိုတင်သွင်းပြီး နောက်တစ်ရက်အကြာတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းပင်။

ပြည်နယ်အတွင်းရှိ စုစုပေါင်း လူဦးရေ နှစ်သန်းကျော်ကို ကိုယ်စားပြု၍ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေအာဏာတို့အား ကိုင်စွဲကျင့်သုံးပိုင်ခွင့်ရှိသည့် အမတ် ၃၁ ဦး၏အဆုံးအဖြတ်ဖြစ်ပါသည်။

ပြည်သူတို့သိပါ၏လော။ ယင်းကိစ္စ ဆွေးနွေးစဉ်အတွင်း အမတ်အချို့က ထိုအချက်ကိုထောက်ပြသံကြားရ၏။

အချို့က ပြည်နယ်အခြေစိုက် သတင်းမီဒီယာတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နာရီ ၂၀ ပင်မပြည့်လိုက်သော ဆန္ဒမဲတောင်းခံမှုရလဒ်ကို ထောက်ရှု၍ အနီရောင်အောက်ခံ၏အလယ်တွင် ရွှေရောင်ဟင်္သာအဖိုရုပ်ပုံပါ အလံသည် တစ်ခုတည်းသော ရွေးချယ်ရာသဘောပြောကြ၏။

မည်သို့ပင်ရှိစေ။ ဟင်္သာက ထင်ရှားစေလိုသည်မှာအလံအရောင်ကိစ္စမဟုတ်။ မွန်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်သူ၊ ပြည်နယ်သားအများစု မဲပေးရွေးချယ်မှုဖြင့် ကိုယ်စားပြုခွင့်ရနေသည့် အမတ်တို့၏ ဆုံးဖြတ်ချက်ကို သဘောတူခြင်း၊ မတူခြင်း၊ ပြည်သူ့ဆန္ဒခံယူသင့်၊ မယူသင့်ကိုထောက်ပြလိုရင်းလည်းမဟုတ်ပါ။

သို့သော် ယခုသို့သောကိစ္စမျိုးသည် မဲဆန္ဒရှင်တို့အား ရှင်းပြထိုက်သည့်အကြောင်းဟု ဟင်္သာက ယုံကြည်သည်။

ထို့ပြင် ပြည်နယ်၏ ကိုယ်စားပြုအမှတ်တံဆိပ်ကို ဝန်ကြီးချုပ်တစ်ဦးက တာဝန်ယူ တာဝန်ခံသည်ဆိုရုံမျှဖြင့်၊ အမတ်တို့ ဆန္ဒရှိရုံမျှဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ခြင်းအပေါ် အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပြီဖြစ်ကြောင်း သတိပေးလိုသည်။

သူ့ခေတ်တွင် သူ့ခေတ် သူ့အလံ၊ ငါ့ခေတ် ငါ့အလံဟူ၍ အားကျမခံဆောင်ရွက်ပိုင်ခွင့်ကို ဆက်လက်သယ် ဆောင်နိုင်ခြေရှိသည့် ဥပဒေအနားသတ်မရှိခြင်းအပေါ် ထောက်ပြလိုရင်းပင်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...