ကရင်ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးသိန်းရွှေနှင့် တွေ့ဆုံးမေးမြန်းခြင်း

ကရင်ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးသိန်းရွှေနှင့် တွေ့ဆုံးမေးမြန်းခြင်း

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နေ့စဉ် မီးပြတ်တောက်မှုများ ရှိလာခဲ့သည့်အတွက် အိမ်မှုကိစ္စများ လုပ်ဆောင်ရာတွင် အခက်အခဲ ဖြစ်စေတယ်လို့ မြို့ခံပြည်သူများ ပြောပြချက်အပေါ် ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဒုတိယ အင်ဂျင်နီယာမှူး ဦးသိန်းရွှေကို ကေအိုင်စီသတင်းဌာနမှ သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ပြည်နယ်လျှပ်စစ်ဌာနအနေနဲ့ ပြည်နယ်တစ်ခုလုံးကို မီးဖြန့်ဝေပေးမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကရင်ပြည်နယ်မှာဆိုရင် လျှပ်စစ်ဓါတ်အားစနစ်ကနေပြီးတော့ မြို့နယ် ၃မြို့နယ်မှာ လျှပ်စစ်ဓါတ်အား system တွေ ရရှိပါတယ်။ ဖားအံမြို့နယ်ရယ်၊ လှိုင်းဘွဲမြို့နယ်ရယ် နောက်ပြီး သံတောင်မြို့နယ်ဖြစ်ပါတယ်။ သံတောင်ဆိုတော့ သံတောင် လေး၊ သံတောင်ကြီး၊ ဘောဂလိ၊ လိပ်သိုပေါ့။ အဲ့ဒီ အဓိက မြို့သုံးမြို့ကို ဓါတ်အားစနစ်ကနေ လျှပ်စစ်ရရှိပါတယ်။ ဓါတ်အားဖြန့် ဖြူးတာကိုတော့ ကျနော်တို့ဓါတ်အားကို 230-66 KV သထုံဓါတ်အားပေးစက်ရုံ၊ သထုံခွဲရုံကနေတစ်ဆင့် 66KV ဓါတ်အားလိုင်းနဲ့ ကျနော်တို့ ဖားအံ 66-11KV ဖားအံ ဓါတ်(အား)ခွဲရုံကို ရောက်ရှိပါတယ်။ သထုံက ပို့လွှတ်လိုက်တဲ့ 66KV ဓါတ်အားလိုင်းကို ဖားအံဓါတ်ခွဲရုံက လက်ခံပြီးတော့ နောက် 66-11 Transformer ကနေတဆင့် မြို့တွင်းကို 11KV လိုင်းနဲ့ Filter ၈ခုနဲ့ ဖားအံမြို့ တွင်းကို ဓါတ်အားဖြန့်ဖြူးလျက်ရှိပါတယ်။

အလားတူပဲ လှိုင်းဘွဲကိုလည်း ကျနော်တို့ လှိုင်းဘွဲ ခွဲရုံပေါ့နော်။ 230-66KVလိုင်းကနေတဆင့် လှိုင်းဘွဲမြို့ကို 11KV လိုင်းနဲ့ ဖားအံလိုပဲ 66-11 KVကနေ တစ်ဆင့် 11 KV လိုင်းကနေ ဓါတ်အားများကို ဖြန့်ဖြူးပါတယ်။ အလားတူ သံတောင်ကျ တော့ ကျနော်တို့ တောင်ငူဘက်ကနေ 33KVလိုင်းကနေ သွယ်တန်းပြီးတော့ 33-11 Transformer ကနေတဆင့် 11KV လိုင်းနဲ့ သံတောင်မြို့နယ် ကျေးရွာပတ်ဝန်းကျင်ကို ဓါတ်အားဖြန့်ဖြူးသွားပါတယ်။

မေး။ ။ ဖားအံမြို့တွင်း မီးပျက်မှုတွေ နေ့စဉ် အချိန် သတ်မှတ်လို့မရဘဲ ဖြစ်နေတာတွေက ဘယ်လိုအခြေအနေကြောင့်ပါလဲ။

ဖြေ။ ။ ဖားအံအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့ Filter ၈ခုရှိပါတယ်။ Filter ၈ခုမှာ သုံးစွဲမှုကတော့ ဖားအံ ပတ်ဝန်းကျင်မှာ ၁၈၊ ၂ဝမဂ္ဂါဝပ်လောက် ရှိပါတယ်။ ၂ဝမဂ္ဂါဝပ်လောက်ရှိတဲ့အချိန်မှာ ကျနော်တို့က ကျနော်တို့ ၁ဝမဂ္ဂါဝပ်ပဲ ပေးသုံးတဲ့အတွက် ကြောင့် လျှပ်စစ်ဝန်အား ထက်ဝက်ကို လျော့ချရပါတယ်။ သို့အတွက်ကြောင့် Filter ၈ခု ရှိတဲ့အထဲမှာ Filter ၄ခု(ဓါတ်အားလိုင်း ၄ခု)ကို ယာယီ ပိတ်ပြီးတော့ ခေတ္တ ဓါတ်အား ဖြတ်တောက်ရခြင်းဖြစ်ပါတယ်။

အဲ့လို ဖြတ်တောက်တဲ့အချိန်မှာ ကျနော်တို့က ဘာကိုဦးစားပေးရလဲဆိုတော့ အဓိကကျတဲ့ မြို့တွင်း လိုင်းဟောင်း Filter နောက်ပြီးတော့ သက်ဆိုင်ရာ ရုံးသုံးလိုင်းဟောင်း Filter ၊ တက္ကသိုလ် Filter စသည်ဖြင့် အဲ့ Filter လေးတွေကိုတော့ ဦးစားပေး ထားပေးရပါတယ်။ ဆိုလိုတာက ကျနော်တို့ မြို့တွင်း Filter ဆိုရင် စစ်တပ်ပါပါတယ်။ ပြီးရင် လျှပ်စစ်ရုံး ပါပါတယ်။ မြို့မရဲစခန်း ပါပါတယ်။ နောက်ပြီး ဖားအံ ပြည်သူ့ဆေးရုံကြီးပါပါတယ်။ အဲ့လိုနေရာလေးတွေကျ ကျနော်တို့က ဦးစားပေးအနေ နဲ့ ဓါတ်အားကို ပို့လွှတ်ထားခြင်းဖြစ်ပါတယ်။ အလားတူပဲ ပြည်နယ်အစိုးရ၊ လွှတ်တော် ပြီးလို့ရှိရင် သက်ဆိုင်ရာ ဌာနဆိုင်ရာ ရုံးတွေ နောက် ရပ်ကွက်အချို့လည်း ရတာပေါ့နော်။ အဲ့လိုလေးတွေနဲ့ ကျနော်တို့ မျှတပြီးတော့ အရေးကြီးရင်ကြီးသလို ပေးပြီး တော့ နည်းနည်း ဖြစ်နိုင်တဲ့အချိန်မှာ တခြား Filter လေးခုကို ပိတ်ထားရခြင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့က ဌာနချုပ်နဲ့ အဆက်မပြတ် ဆက်သွယ်နေပြီးတော့ ဌာနချုပ်က ကျန်တဲ့ Filter တွေ ပြန်တည်လို့ရပါပြီးဆိုရင် ကျနော်တို့ ချက်ချင်းပြန်တည် ပေးပါတယ်။

မေး။ ။ ဖားအံမြို့နယ်အတွင်းမှာကော ရပ်ကွက်အလိုက် မီးတွေပေးနေတာ အလှည့်ကျစနစ်မျိုးလား။

ဖြေ။ ။ကျနော်တို့ အလှည့်ကျ ပေးဖို့ဆိုတာကျတော့လည်း ကျနော်တို့မှာ အခက်အခဲရှိပါတယ်။ ရှိတယ်ဆိုတာက ခုနကလို လမ်းမီးတွေ ပါတယ်၊ ဆေးရုံတွေပါတယ်။ ရဲစခန်း၊ တပ်တွေပါတဲ့လိုင်းကို ပိတ်ပြီးတော့ စောစောက ပိတ်ထားတဲ့ Filter တွေကို ပြန် တည်ပေးမယ်ဆိုရင် ဒါက ကျနော်တို့ အခက်အခဲတွေရှိတယ်။ လုံခြုံရေးရှုထောင့်၊ ကျန်းမာရေးရှုထောင့်ကလည်း ပါတဲ့အ တွက်ကြောင့် ကျနော်တို့  ဒီဓါတ်အားလိုင်းတွေ အလှည့်ကျပေးဖို့ အခက်အခဲရှိပါတယ်။ နောက်ပြီးရင် ဓါတ်အားလိုင်း တစ်ခုနဲ့ တစ်ခုကလည်း ဝန်အားချင်းမတူပါဘူး။ ဇွဲကပင် Filter ဆိုရင် ဝန်အားများပါတယ်။ ၃.၁ရမဂ္ဂါဝပ်လောက်ရှိပါတယ်။ သူသည် လည်း နည်းပညာတက္ကသိုလ်တို့ ကျနော်တို့ ပညာရေး နည်းပညာ အ.ထ.ကတို့ နောက်ပြီးရင် ဌာနဆိုင်ရာတို့လည်း ပါပါတယ်။ 

နောက်ပြီးရင် သူနဲ့ဆက်စပ်တဲ့ အမှတ်(၆)၊ အမှတ်(၇) ကျေးရွာတွေ ပါပါတယ်။ နောက်ပြီးရင် ထုံးအိုင်အထိ ပါတယ်။ သူကျတော့ မဂ္ဂါဝပ် များတယ်။ မဂ္ဂါဝပ်များတဲ့အတွက်ကြောင့် မဂ္ဂါဝပ်နည်းတဲ့ လိုင်းတစ်လိုင်းကိုပိတ်ပြီးတော့ မဂ္ဂါဝပ်များတဲ့ ဓါတ် အားလိုင်းကို သွားပေးမယ်ဆိုရင် အဲ့ဒါလည်း မဖြစ်နိုင်ဘူး။ ပေးလိုက်လို့ ၁ဝမဂ္ဂါဝပ်ထက်ပိုသုံးရင် ၁၂မဂ္ဂါဝပ်၊ ၁၅မဂ္ဂါဝပ် ဖြစ်သွား ရင် ကျနော်တို့ ဓါတ်အားစနစ်ကို ထိခိုက်လာနိုင်ပါတယ်။ 

ဓါတ်အားလိုင်းစနစ် ထိခိုက်လာရင် ကျနော်တို့ မလိုလားအပ်တဲ့ တစ်နိုင်ငံလုံး System Break down ဖြစ်သွားရင် ကျနော်တို့ အခက်အခဲရှိတာကတော့ စက်တစ်လုံးပြန်မောင်းဖို့ နာရီဝက်လောက်ကြာတော့ ဒီ System break down ဖြစ်သွား ရင်၊ တစ်နိုင်ငံလုံးမှောင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဆူပူသောင်းကျန်းမှုတွေ ဖောက်ခွဲဖျက်ဆီးမှုတွေ ရှိလာမှာကို လည်း အခက်အခဲတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ သတ်မှတ်ဝန်အားထက် ပိုမသုံးပါဘူး။ ပြီးလို့ရှိရင် System break down မဖြစ်အောင်လည်း ကျနော်တို့က တစ်ဖက်တစ်လမ်းက ဝိုင်းကူညီတဲ့အနေနဲ့ သတ်မှတ်ပေးထားတဲ့ မဂ္ဂါဝပ်အတိုင်းပဲ သုံးစွဲခြင်း ဖြစ်ပါတယ်။

မေး။ ။ မီးပြတ်မယ်ဆိုတဲ့အကြောင်းကို လူထုထံ ဘယ်လိုပုံစံနဲ့ ကြိုတင်အသိပေးမှုတွေ လုပ်ဆောင်နေတာရှိပါသလဲ။

ဖြေ။ ။ ဒီ ဓါတ်အားပြတ်တောက်မဲ့အချိန်ကို ကျနော်တို့က ဥပမာ ပလန်ချပြီးတော့ setting ဆွဲပြီးတော့ ဘယ်နေ့မှာ ဘာလုပ်မလဲ။ သစ်ပင်တွေ ခုတ်မယ်၊ ဓါတ်ကြိုးတွေ လဲမယ်၊ ဓါတ်တိုင်တွေလဲမယ်။ အဲ့လိုမျိုးကျလို့ရှိရင် ကျနော်တို့ ပြည်သူတွေကိုလည်း အသိပေးပါတယ်။ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကိုလည်း ရယူပါတယ်။ နောက်ပြီး ဌာနချုပ်ရဲ့ ခွင့်ပြုချက်ကိုလည်း ရယူပါတယ်။ ကျနော်တို့ ဘယ်နေ့ ဘယ်အချိန်ကနေပြီးတော့ ဘယ်အချိန်ထိကို ဘယ်အလုပ်ငန်းကို ဘယ်နေရာမှာ လုပ်ပါမယ် ဆိုတာကို သက်ဆိုင်ရာဌာနချုပ် ခွင့်ပြုချက်ကိုလည်း တောင်းပါတယ်။ သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်ကိုလည်း စောင့်ပါတယ်။ 

ပြီးရင် တနင်္ဂနွေနေ့လုပ်မယ်ဆိုရင် ကျနော်တို့ စနေနေ့ ညနေမှာ ကျနော်တို့ (Loud Speaker)အသံချဲ့စက်နဲ့ မြို့တွင်း မှာ သက်ဆိုင်ရာ မီးပျက်မဲ့ ရပ်ကွက်တွေ၊ လိုင်းတွေကို လိုက်လံပြီးတော့ ကျနော်တို့ ပြည်သူတွေ အသိပေး ဆော်သြပေးပါ တယ်။ နောက် Facebook ကနေတဆင့်လည်း ဘယ်နေ့ကနေ ဘယ်နေ့အထိ ဓါတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကို ဆောင်ရွက်မှာဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်ထားမှာကို သီးခံပြီးတော့ ခွင့်လွှတ်ပေးဖို့ နားလည်ပေး ဖို့ဆိုတာကို အသံချဲ့စက်တွေနဲ့ လှည့်လည်ပြီးအော်ပါတယ်။ ပြီးတော့ Facebook ကနေပြီးတော့ တင်ပြပြီးတော့ ပြည်သူတွေသိ အောင် အသိပေးပါတယ်။

မေး။ ။ ပြည်သူလူထုများကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ EPC ဝန်ထမ်းတစ်ယောက်အနေနဲ့ မီးပျက်မှာကို အကြောက်ဆုံးပဲ။ ပြည်သူတွေ စိုးရိမ်သလို ကျနော်တို့လည်း စိုးရိမ်ပါ တယ်။ မီးပျက်ရင် ကျနော်တို့လည်း အဓိက မနေရတာ ကျနော်တို့ပါ။ ကျနော်ထင်တာ ရေအားလျှပ်စစ်ထုတ်လုပ်မှုက ရေ(Level) နည်းနေတဲ့အတွက်ကြောင့် ဒီကျနော်တို့ ဇွန်လလယ်လောက် မိုးရေတွေစလာပြီးဆိုရင်တော့ ကျနော်တို့ ရေအား လျှပ်စစ်စက်ရုံရဲ့ ရေလှောင်ကန်တွေ၊ Dam တွေမှာ ရေ Level တွေပြည့်လာပါလိမ့်မယ်။ ရေ Level တွေပြည့်လာပြီးဆိုရင် သူ့ မူလ သတ်မှတ် တပ်ဆင်အင်အားအတိုင်း ဓါတ်အားထုတ်လုပ်နိုင်လာမယ် ဖြစ်ပါတယ်။ အဲ့လို ဓါတ်အားထုတ်လုပ်လာနိုင်ရင် ကျနော်တို့ အရင်လိုပဲ ပုံမှန် မီးပြန်ရမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ 

လတ်တလောမှာ ကျနော်တို့ အခက်အခဲဖြစ်တာ ရေ Level ကျလို့ ဓါတ်အားထုတ်လုပ်မှုကျတယ်။ ရာသီဥတုက ပူ တယ်။ ပြည်သူလူထုက ပိုသုံးတယ်။ ထုတ်လုပ်မှုလျော့တဲ့အချိန်မှာ သုံးစွဲမှုက မလျော့လာဘူး။ ပြောင်းပြန် ပြန်ဖြစ်နေတယ်။ ပူတော့ လူတွေက လေအေးစက်၊ ပန်ကာတွေဖွင့်မယ်။ အဲ့လိုတွေရှိတော့ ထုတ်လုပ်မှုက ကျတယ်။ ရာသီဥတုက ပူတော့ မီးအား ပိုသုံးတယ်။ အဲ့ဒါလေးတွေလည်း တစ်ချက် ပါဝင်ပါတယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...