လယ်မူပလောဖြစ်ရပ်က ပေးတဲ့ လက်တွေ့သင်ခန်းစာ

လယ်မူပလောဖြစ်ရပ်က ပေးတဲ့ လက်တွေ့သင်ခန်းစာ
by -
မောင်ကျော်စွာ

ပထမဦးစွာ စကားလုံး “အသုံးအနှုန်း” ကိစ္စလေးတွေကနေ စတင်ပြီး တင်ပြချင်ပါတယ်။

သူတို့ မလိုလား ခါးသီးနေတဲ့အခါ (ဒါက မပြောင်းမလဲရှိတဲ့ စစ်တပ်ရဲ့မူလသဘောထားလည်း ဖြစ်တယ်) “KNU ငမြ”လို့ သူတို့ မီဒီယာတွေမှာ သုံးတယ်။ လှည့်စားအယုံသွင်းဖို့ ခြေလှမ်းပြင်တဲ့ အခိုက်အတန့် ကာလတွေမှာဆိုရင်တော့ ယာယီ အသုံးအနှုန်း အဖြစ် “စောဘိုမြ (ဝါ) ဖထီး”လို့ သုံးလေ့ခေါ်လေ့ရှိတယ်။ (နဝတ - နအဖ) စစ်အစိုးရခေတ်ကာလ သတင်းစာတွေကို ပြန်လှန် ကြည့်နိုင်ပါတယ်။

ဒါက (KNU) တဖွဲ့ထဲအပေါ်ထားတဲ့သဘာထား မဟုတ်ဘူး။ စစ်အုပ်စုကို လက််နက်စွဲကိုင်တော်လှန်နေတဲ့ အင်အားစုမှန်သမျှ အပေါ်တန်းတူထားရှိတဲ့ “တပ်မတော်ရဲ့သဘောထားအမှန်” ဖြစ်ပါတယ်။ သတင်းစာတွေမှာလို “အထူးဒေသ” ဘာညာတွေ သုံး နေပေမယ့် စစ်သုံးကြေးနန်းတွေမှာတော့ စစ်တပ်က သူတို့ သဘောထားအမှန်တိုင်းသာ သုံးမြဲသုံးတယ်။ ဟိုတလောကပဲ သတင်းစာထဲမှာ (ယွက်စစ်အဖွဲ့)လို့သုံးတာ တွေ့လိုက်ရသေးတယ်။ အခုလောလာဆယ် (KIO/KIA) နဲ့ပတ်သက်ပြီး မြဝတီ သတင်းစာက ဘယ်လိုသုံးနေသလဲ ကြည့်ပါ။ အဲဒါ တပ်မတော်ရဲ့သဘောထားအမှန်၊ စိတ်ရင်းအမှန်ပဲ။ 

ဆိုလိုချင်တာက စကားလုံးနဲ့ အသုံးအနှုန်းဆိုတာ သူတို့ လိုအင်ဆန္ဒသဘောထားအပေါ် မူတည်နေတယ်၊ တိုက်ရိုက်ထင်ဟပ် နေတာဖြစ်တယ်လို့ ပြောလိုတာပါ။ “တအူတုံဆင်း ညီအစ်ကိုအရင်း” ဆိုတာ အယုံသွင်းပြီး နဘန်ကျင်းဖို့ အချိုသပ် ခေါ်နေတာ ဖြစ်တယ် ဆိုတာ (သာယာကျေနပ် မသွားကြဘဲ) သတိရှိကြဖို့ပါ။

ဒီလိုတွေ ပြောလိုက်လို့ (KNU) နဲ့ စစ်တပ်ကို သွေးခွဲရန်တိုက်ပေးနေတာဖြစ်တယ်လို့ ပြောဖို့ ပါးစပ်ပြင်နေသူတွေ ရှိတယ်။ အဲဒီ လိုသာဆိုရင် (KNU)နဲ့ စစ်တပ်က လူတွေကို သူငယ်နှပ်စားလေးတွေလို့ သဘောထားသလို ဖြစ်နေတော့မှာပေါ့။ ထားပါတော့။ 

ပူပူနွေးနွေး လက်တွေ့ဖြစ်ရပ်ဖြစ်တဲ့ “လယ်မူပလောဖြစ်ရပ်”ကို ကြည့်ကြပါစို့။ ဒီမှာလည်း မတူတဲ့ အသုံးအနှုန်းကို အထင်အရှား တွေ့ရလိမ့်မယ်။ (KNU)နဲ့ စစ်တပ်အကြားမှာ နားလည်မှု သဘောတူညီမှုမရှိတာကို မြင်နိုင်တယ်။ ဒီအထဲမှာ ပိုင်နက် နယ်မြေ ကိစ္စလည်းပါသလို၊ အခေါ်အဝေါ်ကိစ္စလည်း ပါတယ်။ အခေါ်အဝေါ်ကိစ္စကလည်း သူ့အုပ်ချုပ်ရေး / ငါ့အုပ်ချုပ်ရေးဆိုတဲ့ အချက် ကို ဖော်ပြနေတာပါ။ အခေါ်အဝေါ် အသုံးအနှုန်းတွေကို ကြည့်ပါ။

(KNU)ဘက်က အသုံးအနှုန်းက ဒီလိုဖြစ်တယ်။ “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ မူတရော်ခရိုင် တပ်မဟာ (၅) လယ်မူပလောဒေသ”လို့ ရေးသားဖော်ပြသုံးစွဲတယ်။ 

    

စစ်တပ်ဘက်က အသုံးအနှုန်းက ဒီလို။ “ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှု”တဲ့။ 

ဒီ “လွယ်မူပလောဖြစ်ရပ်” ဟာ မတ်လ ၂ နေ့မှာ စတင်ဖြစ်ပွားလာတာပါ။ ဖြစ်ရတဲ့အကြောင်းရင်းကို (KNU)ဘက်က အခုလို ဖော်ပြ ပြောဆိုပါတယ်။

“တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) လက်အောက်ခံတပ်များက ကေအဲန်ယူ၊ မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ခေးပူ မှ လယ့်မူပလောအထိ သွားမည့်လမ်းကို ဖောက်လုပ်သွားရန်အကြောင်းပြုပြီး သတ်မှတ်နယ်မြေကို တပ်အင်အား အမြောက်အ များဖြင့် ကျော်လွန်ဝင်ရောက်လာခြင်းကြောင့်”

ဒီလို စစ်တပ်က အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် (KNU) တပ်မဟာ (၅) နယ်မြေအတွင်းမှာ မတ်လ ၅ရက်နေ့မှ ရရက် နေ့အထိ သုံးရက်အတွင်း ပစ်ခတ်မှု ၅ကြိမ်ဖြစ်ပွားခဲ့ပြီး မူတရော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူကျေးရွာအုပ်စု နှစ်စုထဲရှိ ကျေးရွာ ၈ရွာမှ ဒေသခံ ရွာသူရွာသား စုစုပေါင်း ၁၇၁၅ဦး စစ်ဘေးလွတ်ရာ ထွက်ပြေးကြရပါတယ်။

ဒီဖြစ်ရပ်အတွင်းမှာ မူတရော်အရေးပေါ်ကူညီရေးအဖွဲ့ (Mutraw Emergency Assistance Team – MEAT) ဒေသခံခေါင်း ဆောင်တစ်ဦးဖြစ်သူ စောအိုမူး စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။ သူဟာ ကလေး ရယောက်ဖခင် ဖြစ်ပါ တယ်။ တိုးဝင်လာတဲ့ စစ်က ကလေး ရယောက်ကို အဖမဲ့ ဖြစ်စေခဲ့ရပြီ။ ဒါဟာ ရက်ပိုင်းကာလလေးထဲက ထိခိုက်ဆုံးရှုံးမှု ဖြစ်ပါ တယ်။

နှစ်ပေါင်း ၇၀ ရှိလာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးထဲမှာ စစ်ကြောင့်ဖြစ်ရတဲ့ သေကြေမှု၊ ဒုက္ခိတဖြစ်မှု၊ မုဆိုးမဖြစ်မှု၊ အမိမဲ့ အဖမဲ့ သားသမီးမဲ့ ဖြစ်ရမှုတွေ၊ အဓမ္မကျင့်ခံရမှုတွေ၊ နေအိမ်၊ ရွာ၊ စပါးစိုက်ခင်းခြံမြေတွေ ဘယ်လောက်ဖျက်ဆီးခံခဲ့ကြရပြီလဲ။ ဘယ် သူဘယ်လို ရေတွက်နိုင်မှာလဲ။ အသက်တွေ၊ သွေးတွေ၊ မျက်ရည်တွေကရော ဧရာဝတီမြစ်ရေ၊ သံလွင်မြစ်ရေတွေ စီးဆင်းသွား သလို စီးဆင်းသွားခဲ့ကြရပြီးပြီ မဟုတ်ပါလား။

ဒါ့ကြောင့် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ဘယ်အခြေခံပေါ်ကပဲကြည့်ကြည့် ချက်ချင်းရပ်စဲကြဖို့လိုပါပြီ။ နောင်မွန်ပူတာအိုကနေ ကော့သောင်းအထိ၊ တာချီလိတ်ကနေ မောင်တောအထိ တစ်တိုင်းတစ်ပြည်လုံးက စစ်ကိုရပ်စဲဖို့ အဆက်မပြတ် အင်တိုက်အား တိုက် တောင်းဆိုလာနေကြပြီ မဟုတ်ပါလား။

လောလောဆယ်မှာတော့ လယ်မူပလောဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုပစ်ခတ်မှုတွေဟာ ယာယီအားဖြင့် ပြေလည်မှုရှိသွား ပြန်ပါပြီ။ ဒီယာယီပြေလည်မှုဟာ ဘယ်လောက်ထိ သက်တမ်းရှိမလဲဆိုတဲ့အချက်ကတော့ လက်တွေ့ဖြစ်ရပ်တွေနဲ့ အလေးထား စောင့်ကြည့်ရအုံးမှာပါ။ ဒီလို ယာယီပြေလည်မှု ရရှိသွားတာနဲ့ပတ်သက်ပြီး (KNU) ဗဟိုဌာနချုပ်ကနေ ၂၀၁၈ခုနှစ်၊ မေလ ၁၇ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပါတယ်။ ထို့အတူ စစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်ပါတယ်။

(KNU)ဘက်က ထုတ်ပြန်ချက်၌ “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ်အဖွဲ့တို့  ၂၀၁၈ခုနှစ်၊ မေလ ၁ရရက်နေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း။

အလွတ်သဘော ဆွေးနွေးပွဲရလဒ်အဖြစ် လက်ရှိ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ မူတရော်ခရိုင် တပ်မဟာ(၅) လယ်မူပလောဒေသတွင် တပ်မတော်မှ ဖောက်လုပ်နေဆဲဖြစ်သော ကားလမ်းအား ဖောက်လုပ်ခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားရန် သဘောတူပြီး ကားလမ်းဖောက်လုပ်ရာတွင် လုံခြုံရေးတာဝန်ယူနေကြသည့် တပ်များအား ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်သည်။ ထိုဒေသရှိ ထွက်ပြေးတိမ်းရှောင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာ ရှောင်တိမ်းနေသူ ပြည်သူလူထုများ အား တပ်မတော်မှ အနှောင့်အယှက်ပေးမည်မဟုတ်ဘဲ မိမိတို့၏ လုပ်ကိုင်စားသောက်ရာ နေရပ်ရင်းကျေးရွာများသို့ အေးချမ်း စွာ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်သွားနိုင်ရေးကို သဘောတူ လက်ခံခဲ့ပါသည်” ဟူ၍ ဖော်ပြထားပါတယ်။

ဒါက (KNU)ဘက်က ဖော်ပြချက်နဲ့ အရေးအသားဖြစ်ပါတယ်။ မေလ ၁၇ ရက်၊  နေ့စွဲနဲ့ စစ်တပ်ဘက်က (တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံး) ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အရေးအသားက အခုလို ဖြစ်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌစောမူတူး စေးဖိုး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမ ဆောင်တွင် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ကရင်အမျိုး သားအစည်းအရုံး(KNU)၏ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလောလမ်းကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်မှ နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သည်” ဟူ၍ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ လက်ငုတ်လယ်ယာမြေတွေကို စစ်တပ်က မတရားသိမ်းပိုက်ယူငင်ပြီး တောင်းဆိုတိုက်ပွဲဝင်လို့ ပြန်ပေးရတဲ့ အခါမှာတော့ “လယ်ယာမြေစွန့်လွှတ်အပ်နှံတယ်” ဆိုတဲ့ အသုံးအနှုန်းနဲ့ အထက်စီးလေသံနဲ့ ရေးသားဖော်ပြတယ်။ 

ကလေးစစ်သား အဓမ္မစုဆောင်းတဲ့ကိစ္စ ပြည်တွင်းပြည်ပ ဂယက်ရိုက် ဆူပွက်လာတော့ “မိဘရပ်ထံ ပြန်လည်အပ်နှံ” ဆိုတဲ့ နာမည်ကောင်းကို အသားယူပြီး ရေးသားဖော်ပြတယ်။

အခု “လယ်မူပလောဖြစ်စဉ်” မှာလည်း “တပ်မတော်မှ နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်”တဲ့ ဘယ်လောက်တင် စီးတဲ့ အရေးအသား ဖြစ်ပါသလဲ။ ဒီသဘောထားက လိုအပ်ရင် အချိန်မရွေး ထိုးဖောက်ဝင်ရောက်မှာပဲဆိုတဲ့ သဘောပဲ။

ယာယီပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရပ်ဆိုင်းသွားတာ၊ ထိုးမယ့်ဆင်ဆိုး နောက်တစ်လှမ်းဆုတ်သွားတာမှာ လတ်တလော အကြောင်းအချက် နှစ်ရပ်ရှိပါတယ်။ 

ပထမတစ်ချက်က ၂၀၁၈ခုနှစ်၊ မေလ ၁ဝရက်၊ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ “KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်ကြေညာချက်” ဖြစ်ပါတယ်။ ဒီကြေညာချက်က (NCA)စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း (KNU)ဘက်က ထုတ် ပြန်တဲ့ ကြေညာချက်တွေအနက် “အကြောင်းအကျိုး ဆီလျော်ပြီး ခွန်အားပါတဲ့ ကြေညာချက်”တစ်ခု ဖြစ်ပါတယ်။

“အစိုးရတပ်မတော်ဘက်မှ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအပေါ် လိုက်နာမှုမရှိဘဲ အဆက်မပြတ် ချိုးဖောက်နေကြာင်း” (NCA) စာချုပ်ပါအချက်အလက်များကို ကိုးကားဖော်ပြပြီး ခပ်တင်းတင်း၊ ခပ်တည့်တည့် ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် (KNU/KNLA) ရဲ့ မူလရပ်တည်ချက်ကိုလည်း အခုလို ဖော်ပြထားတာ တွေ့ရှိရပါတယ်။

“မတရားဖိနှိပ်မှုအမျိုးမျိုးမှ လွတ်မြောက်ရေးကို အာမခံမည့် လွတ်လပ်သော ကရင်ပြည်ရရှိရေး ပန်းတိုင်အထိ ရောက်ရှိရန် ကြိုး ပမ်းတိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း (၇၀)နီးပါးရှိပြီးဖြစ်သည်၊ သို့သော် အောင်ပွဲပန်းတိုင်သို့ မရောက်ရှိသေးပါ။ တိုက်ပွဲဝင် ကြိုး ပမ်းနေဆဲ ကာလပင်ရှိနေပါသည်”ဟူ၍ ဖြစ်ပါတယ်။

ဒီအချက်က “ကရင့်ပန်းတိုင်” နဲ့ပတ်သက်ပြီး (KNU/KNLA) တစ်ခုလုံးကို ထပ်လောင်း သတိပေး အသိပေး နိုးဆော်လိုက်တဲ့ သဘောလည်း ပါလိမ့်မယ်လို့ ယူဆမိပါတယ်။

“အကြောင်းအကျိုးဆီလျော်”တာတွေကို အထက်မှာ တင်ပြခဲ့ပါတယ်။ “ခွန်အားပါတယ်”လို့ သုံးသပ်ရေးသားရတဲ့အကြောင်းက တော့ (KNU)ရဲ့ တော်လှန်ရေးတပ်မတော်ဖြစ််တဲ့ (KNLA)က ထုတ်ပြန်တဲ့အချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ကချင်ပြည်နယ်၊ တနိုင်းဒေသမှာဖြစ်ပွားနေတဲ့ ထိုးစစ်တွေကြောင့် စစ်မက်ဘေးအန္တရာယ်အကြား ကျ ရောက်နေကြတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ကယ်တင်ရေး၊ ထိုးစစ်တွေရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးစတဲ့ တောင်းဆိုဆန္ဒပြ မှုတွေ ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့အတော်များများမှာ ပုံစံမျိုးစုံနဲ့ ကျင်းပလာတဲ့ ငြိမ်းချမ်းရေးတောင်းဆိုသံတွေပဲ ဖြစ်ပါ တယ်။

ဒီလို (KNLA)ရဲ့ “အကြောင်းအကျိုးဆီလျော်ပြီး ခွန်အားပါတဲ့ တောင်းဆိုသံ” နဲ့ “အနယ်နယ်အရပ်ရပ်က ငြိမ်းချမ်းရေး တောင်း ဆိုသံတွေ” ရှောင်တခင် ပေါင်းစပ်သွားတာကြောင့် “နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်း”သွားတာ ဖြစ်လိမ့်မယ်လို့ ကောက်ချက် ချပါတယ်။

“လယ်မူပလောဒေသ (ဝါ) ခေးပူ-လွယ်မူပလောလမ်းကြောင်း” ဘက်မှာ လမ်းဖောက်ခြင်းကို အကြောင်းပြုပြီး စစ်ဆင်ရေးကြီး တစ်ခု (Major Operation)ကို နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းနိုင်သလို ကချင်ပြည်နယ်၊ တနိုင်းဘက်၊ လီဒိုလမ်းပိုင်းပေါ်မှာ လုပ်ဆောင်နေတဲ့ ထိုးစစ်တွေကိုလည်း စစ်တပ်အနေနဲ့ “နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေး”လို့ မရနိုင်ဘူးလား။

ကရင်ပြည်နယ်မှာ (KNU/KNLA)ကို လောလောဆယ် အသာလေး အချိုသပ်ထားမယ်ဆိုတဲ့ သဘောထားနဲ့ ကချင်ပြည်နယ် ဘက်မှာတော့ (KIO/KIA)ကို “အစွမ်းကုန်ရှင်းမယ်”ဆိုတဲ့ (မပခ)တိုင်းမှူး ဗိုလ်တေဇကျော် ပြောနေတဲ့ သဘောထားတွေဟာ ဆင်သွားသလို ထင်ရှားနေတဲ့ တပ်မတော်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်ထားတဲ့ သဘောထားအမှန် တွေ မဟုတ်ပါလား။

ဒါ့အပြင် (NCA) ဘောင်ထဲက ညှိနှိုင်းဖြေရှင်းမရတဲ့ ပြဿနာကို “အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု”ကနေ ယာယီပြေလည်မှု ရတယ်ဆိုတဲ့အချက်ကလည်း (NCA)စာချုပ်ရဲ့ သွက္ချာပါဒ လိုက်နေမှုကို တဆင့်တိုး ဖော်ပြလိုက်တာပဲ မဟုတ်ပါလား။

ရွေးချယ်ခံအစိုးရကို ဘေးချိတ်ပြီး သို့တည်းမဟုတ် မပါဝင်စေဘဲ (KNU)နဲ့ စစ်တပ် ယာယီပြေလည်မှုရရှိသွားတဲ့ဖြစ်ရပ်လို့လည်း သတိပြုလိုက်မိကြတယ် မဟုတ်ပါလား။



ညွန်း 

-    KNLA - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်ကြေညာချက် (၁၀-၅-၂၀၁၈) 

-    “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့၏  အလွတ် သဘောတွေ့ဆုံဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက် (၁၇-၅-၂၀၁၈)

-    (KIC) သတင်းဋ္ဌာနမှ “လယ်မူပလောဖြစ်စဉ်နှင့် သက်ဆိုင်သော သတင်းများ”

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...