'စစ်ဖြစ်နေတဲ့ ကာလပတ်လုံးကတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ မဖြောင့်ဖြူးနိုင်ဘူး' - မင်းအောင်ထူးနှင့် ဆက်သွယ်မေးမြန်းခြင်း

'စစ်ဖြစ်နေတဲ့ ကာလပတ်လုံးကတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ မဖြောင့်ဖြူးနိုင်ဘူး' - မင်းအောင်ထူးနှင့် ဆက်သွယ်မေးမြန်းခြင်း
by -
ဝင်းဇော်နိုင်
မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး(အလယ်လူ)-(မှတ်တမ်းပုံ)
မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူး(အလယ်လူ)-(မှတ်တမ်းပုံ)

လက်တလော ဖြစ်နေသည့် တိုက်ပွဲအခြေအနေနှင့်  ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ချက်များ၊  မွန်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ အတွေ့အကြုံများကို မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးနှင့် အလွတ်တန်းသတင်းထောက် ဝင်းဇော်နိုင် မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

မေး = မွန်ပြည်သစ်ပါတီက NCA လက်မှတ်ထိုးပြီး ဒေသခံပြည်သူတွေနဲ့ တွေ့မယ့်အချိန်မှာ ခွင့်မပြုလို့ တွေ့ဆုံပွဲတွေ နောက်ဆုတ်လိုက်ရတာရှိတယ်။ အဲဒီတော့ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ ကြုံရသေးလဲခင်ဗျ။ 

ဖြေ = အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာတော့ အခက်အခဲမရှိပါဘူး။ ဒါကလဲ အစိုးရက သူ့ရဲ့ မူအတိုင်း လုပ်တာဖြစ်တော့လေ ဒါက လူမျိုးအလိုက် ဆွေးနွေးပွဲလုပ်တာကိုး။ ဒါက မွန်လူမျိုးတွေနဲ့ ဆိုင်တဲ့ပွဲဖြစ်တယ် ဒါက တရားဝင်လုပ်တာလေ။ အစိုးရက နေရာထိုင်ခင်း စသဖြင့်ပေါ့လေ အကူအညီပေးတာတွေလည်း ရှိပါ တယ်။ ဒီဟာမှာတော့ ပြဿနာမရှိဘူး။ အဲဒီမတိုင်ခင်မှာ အပြင်ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုတော့ အဓိကတော့ တပ်က အယူအဆပေါ့လေ NCA မှာ ဒါမျိုးတွေမပါတာမျိုး နောက်တခါ ကိုယ့်ရဲ့ တပ်ဧရိယာမှာဘဲ လုပ်ရမှာမျိုး အမျိုးမျိုးပေါ့ဗျာ ဒါလဲသိပ်တော့မပြောချင်ပါဘူး ဒါကလဲ တပ်ရဲ့ အယူအဆတွေကြောင့် မလုပ်ဖြစ်တာတွေ ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျ မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စ ဒါလုပ်နိုင်မှသာလျှင် ၂၁ ပင်လုံ မှာ မွန်လူမျိုးတွေအနေနဲ့ ဆွေးနွေးနိုင်မယ့် မူဝါဒ ရပ်တည်ချက်တွေ ရမှာဖြစ်တယ်။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲမလုပ်ရင် ဒီ NCA လက်မှတ်ထိုးတာ အလကားဖြစ်သွားမှာလေ။

မေး = အခုလုပ်တဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ ဆွေးနွေးချက်တွေက  မွန်လူမျိုး မွန်တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုလားခင်ဗျ။

ဖြေ = ဆွေးနွေးချက်တွေကတော့ ကိုယ်စားပြုပါတယ်။ ကိုယ်စားပြုတယ်ဆိုတဲ့ဟာက ဘာလဲဆိုတော့ ကျွန်တော်တို့က ပထမတချက်က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဦးဆောင်တဲ့ အခန်းကဏ္ဍ တခုမှာပေါ့။ သတ်မှတ်ထားတဲ့ အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နောက် နိုင်ငံရေးပါတီ ဒီအဖွဲ့တွေက ဦးဆောင်ပါတယ်။ နောက် ဖိတ်ကြားတဲ့နေရာမှာလဲ ဦးဆောင်ဦးရွက်ပြုတဲ့ ပါတီ ၃ ပါတီ အစုအဖွဲ့ရယ် နောက် အရပ်ဖက် အဖွဲ့အစည်းအစုအဖွဲ့ရယ် နောက်တခါ ပါဝင်သင့်ပါဝင်ထိုက်သူတွေပေါ့ ပညာရှင်တွေ ပါတယ်။ အတတ်နိုင်ဆုံး လွှမ်းခြုံနိုင်အောင် ဖိတ်ထားပြီး လုပ်ပါတယ်။ နောက် နယ်မြေဒေသအလိုက်ပေါ့လေ နယ်မြေဒေသ အလိုက်လို့ ပြောတဲ့အခါမှာ မန္တလေး ရန်ကုန် ပဲခူး မွန်ပြည်နယ် တနင်္သာရီတိုင်းက မွန်တွေပေါ့လေ တော်တော် များများပါတယ်။ အားလုံးကို ခြုံနိုင်အောင် တတ်နိုင်သလောက် ကျွန်တော်တို့ လုပ်ထားပါတယ်။

မေး = အခုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာကော အချက်ဘယ်လောက်ရလိုက်လဲ ခင်ဗျ။ ပြည်ထောင်စု ၂၁ ရာစုပင်လုံမှာ တင်ပြီး ဆွေးနွေးနိုင်လောက်တဲ့ အချက်အလက်တွေပေါ့။

ဖြေ = ကျွန်တော်တို့ အခုဆွေးနွေးကျတဲ့ အခြေအနေက မူဝါဒတွေ အမြင်တွေ စုစည်းတဲ့ အနေအထားပေါ့။ ကျွန်တော်တို့ ရတဲ့ အချက်အလက်တွေ တင်ပေးလိုက်တဲ့အခါမှာ UPDJC ကနေတည်းဖြတ်တာတွေလည်း ရှိအုံးမှာပါ။ ၂၁ ပင်လုံမှာ တက်ခွင့်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေ အားလုံးပေါ့ဗျာ ဒီကဏ္ဍအလိုက် ဆွေးနွေးတဲ့အခါမှာ ဒီဘက်က ရရှိခဲ့တဲ့ သဘောတူညီမှု ရပ်တည်ချက်တွေကို တပြိုင်တည်း ရပ်တည်ပြီး ပြောနေကျမယ်ဆိုရင် အားကောင်းတဲ့ အနေအထားမျိုးရနိုင်တယ်ပေါ့လေ။ အချက်အနေနဲ့ ပြောတဲ့အခါမှာ ခက်ပါတယ်။ အခုလုပ်တာကလည်း အချိန်အကန့်အသတ်ရှိတဲ့အခါမှာ အယူအဆတွေကို စုစည်းခဲ့တယ်။ တချို့ဟာတွေမှာ ပညာရှင်အနေနဲ့ ပြန်ကြည့်တဲ့အခါမှာ မတူညီတဲ့ အယူအဆတွေ ရှိကောင်းရှိနိုင်ပါတယ်။ မူဝါဒတွေကို စာအဖြစ်ရေးတဲ့အခါမှာ ပေါင်းပြီးရေးရမယ့် ဟာမျိုးလဲ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါကြောင့် အချက်တွေက ကျစ်ကျစ်လစ်လစ်လုပ်ရပါမယ်။ ပြီးတော့ မူဝါဒပိုင်းဆိုင်ရာ မဟုတ်ဘဲနဲ့ အကြံပြုချက်တွေ အဲဒါတွေကို ပြင်ဆင်ပြီး ပြန်တင်မယ်ပေါ့ အဲတော့ အချက်ဘယ်လောက်ဆိုတော့ အတိအကျပြောလို့ မရသေးဘူးပေါ့။ ယေဘူယျအနေနဲ့ပြောရရင် ဒီကဏ္ဍကြီး ၄ ခု စလုံးမှာ တခုတခုချင်းစီမှာ အချက် အနည်းဆုံး  ၃၀ ဝန်းကျင် ၄၀ လောက်တော့ ရတာရှိတယ်။

မေး = NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အကုန်လုံး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေလုပ်ကြရမယ်၊ အခုတော့  အကုန် မလုပ်ရသေးတဲ့အပေါ်မှာရော ဘယ်လိုသဘောထား ရှိလဲခင်ဗျ။

ဖြေ = အဖြေအမျိုးမျိုးတော့ရှိမှာပေါ့နော် ဒါပေမယ့်လည်း ကျွန်တော်မြင်တဲ့အမြင်က တိုင်းရင်းသားတိုင်းက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ချင်တယ်။ အဲဒါလုပ်နိုင်မှ ပင်လုံမှာ ဆွေးနွေးရမယ်။ ဒါမျိုးတွေကိုသာ ဆွေးနွေးပွဲလုပ်ခွင့်မရဘဲ ဒီတိုင်းပင်လုံတက်သွားပြီး ဆွေးနွေးရင် ဆွေးနွေးမှုတွေက အားကောင်းမှာမဟုတ်တော့ဘူး ဒါကရိုးရိုးလေးမြင်တာပေါ့လေ။ တဖက်ကလည်း အကြောင်းပြချက်တွေက ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြ ပြကြတယ်ပေါ့လေ။ ဒါပေမယ့်လည်း ဒီလိုအကြောင်းပြတိုင်း အဖြေတော့ မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။ အဲဒီတော့ လုပ်နိုင်အောင်တော့ နည်းလမ်းတခုခုတော့ ပူးပေါင်းပြီးတော့ အကြံပြုဆွေးနွေးကြတာတော့ ဖြစ်သင့်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။

ကျွန်တေ်ာတို့ ၂၁ ပင်လုံသာ ပြောနေတာပေါ့ ဘယ်လိုလုပ်မယ် ညာလိုလုပ်မယ်ဆိုပြီးတော့လေ တိုင်းရင်းသားတွေ ဘက်မှာလည်း သူ့ရဲ့ ကိုယ်စားပြုမှုတွေ  တိုင်းရင်းသားတွေရဲ့ အမြင်တွေ မပါလာဘဲနဲ့ ဒီလိုလုပ်မယ်ဆိုရင် အချိန်ကုန်လူပမ်းတာပဲ အဖတ်တင်တယ်လို့ မြင်တယ်။ နောက်တချက်ကလည်းပဲ အမှန်တိုင်းပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်က အကန့်အသတ်မဲ့ လုပ်လို့တော့ မဖြစ်ဘူးလို့ ယူဆတယ်။ ဟိုနေရာမှာလုပ် ဒီနေရာမှာ မလုပ်နဲ့ ဟိုလူမျိုးကလုပ် ဒီလူမျိုးက မလုပ်နဲ့ အဲလိုမျိုး အကန့်အသတ်တွေနဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ရောက်ဖို့ ကြာမယ်လို့ ကျွန်တော်ထင်တယ်။

မေး = မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုကော တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပြီးသွားရင် ဆက်လုပ်ဖို့ ရှိသေးလားခင်ဗျ။

ဖြေ = တကယ်တမ်းကျတော့ ပြောရရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသည် ဟိုဘက်က ၂၁ ရာစုပင်လုံ လို့ပြောတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ရှိနေသ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရှိနေမှာ ဘဲ။ ၆ လတကြိမ်ကျင်းပနေမယ်ဆိုရင် ဒီမှာလည်း ၆ လ တကြိမ်တော့ လုပ်နေရမှာဘဲ။ ၂၁ ပင်လုံနဲ့ ယှဉ်ပြီး တော့ကို တိုင်းရင်းသားတွေက အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်လို့တော့ ကျွန်တော် မြင်တယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ုလုပ်တယ် ၂၁ ရာစုပင်လုံလုပ်တယ် ဒါပေမယ့် ငြိမ်းချမ်း ရေးအခြေအနေက ရှေ့မှာဘာဖြစ်လာမလဲ ဘာမှအတိအကျ ပြောလို့မရသေးဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှိနေသင့်တယ် တပြိုင်ထဲ သွားနေသင့်တယ်လို့ ကျွန်တော်မြင်တယ်။

မေး = NCA လက်မှတ်ထိုးပြီးတဲ့အခါမှာ အစိုးရ တပ်မတော် တိုင်းရင်းသားလက်နက်ကိုင် နိုင်ငံရေးပါတီ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေစသဖြင့်ပေါ့လေ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံကို ၆ လ တကြိမ်ကျင်းပမယ်လို့ လုပ်ထားပြီးတော့ အခုတော့ ၆လ တကြိမ်းမလုပ်နိုင်ဘူးဖြစ်နေတယ် အဲဒီအပေါ်မှာကော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ = ပြောပြီးမဖြစ်တာတွေက အများကြီးရှိတယ် နောက်အစုအဖွဲ့အသီးသီးအခြေအနေ ဘက်ပေါင်းစုံကို ကြည့်ပြီးလုပ်ရတဲ့ အချိန်မှာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့လေ။ ပြည်သူတယောက်အနေနဲ့ မြင်တာကတော့ သတ်မှတ်ထားတဲ့အတိုင်း မသွားနိုင်ဘူး ဒါကတော့ အစိုးရမှာတော့ တာဝန်ရှိတာပေါ့လေ သူ့ရဲ့ စည်းရုံးမှု လုပ်ဆောင်မှုပေါ့လေ ။ အဓိကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့လူတွေ ဦးဆောင်နေတဲ့ လူတွေက  ပြောတဲ့အတိုင်းမလုပ်နိုင်ခဲ့ဘူးဆိုတာကတော့ ရှင်းတယ်လေ အဲ့တော့ တနေရာရာမှာ တခုခုတော့ မှားယွင်းနေပြီပေါ့နော်။ လုပ်မယ်လို့ မှန်းထားပြီး ပုံမှန်မသွားနိုင်ဘူးဆိုတဲ့နေရာမှာ အဖြေရှာဖို့တော့ လိုနေပြီ။

မေး = NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ၂၁ ရာစုပင်လုံညီလာခံကိုတော့ လေ့လာသူအဖြစ်ဖိတ်ပေမယ့် တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတယ်။ ဒေသခံပြည်သူတွေလည်း အတော်လေး ဒုက္ခရောက်နေပြီ အဲလိုတွေဖြစ်နေတဲ့ အခါကျတော့ ငြိမ်းချမ်းရေးအခြေအနေက ရှေ့ဆက်ပြီး ဘယ်လိုတွေ ဖြစ်လာနိုင်မလဲခင်ဗျ။

ဖြေ = တိုက်ပွဲတွေဖြစ်နေရင်တော့ ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာက မကောင်းဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဘယ်လိုဘဲ အကြောင်းပြပြ နိုင်ငံတော်လုံခြုံရေး နိုင်ငံတော်ကာကွယ်ရေးဘဲ အကြောင်းပြပြ ငြိမ်းချမ်းရေးဖြစ်စဉ် ငြိမ်းချမ်းရေးတည်ဆောက်နေစဉ်ကာလမှာတော့ အားလုံးပါဝင်ရေး အပစ်ရပ်စာချုပ် ဖြစ်မလာဘူးဆိုရင်တော့ ဒီဟာမမျှော်လင့်နဲ့ ဒါရှင်းရှင်းလေးပဲ။ လက်မှတ်ထိုးပြီးသား အဖွဲ့တွေကလည်းဘဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်သွားနေကြတာပေါ့နော် ဒါပေမယ့် အားလုံးပါမလာဘူး ဆိုတဲ့ အနေအထားမှာ တစုံလုံးအရွေ့ကို တွန်းဖို့မဖြစ်နိုင်ဘူး အဲဒါတချက်။

နောက်တချက်က တိုင်းရင်းသားဒေသမှာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ဖြစ်ဖြစ် ဘယ်သူက ဘယ်လိုပဲ ပြောပြော ဘယ်သူကမှန်တယ်ပြောပြော လက်နက်ကိုင် ပဋိပက္ခတွေဖြစ်တယ် တိုက်ပွဲဖြစ်တယ် ပြည်သူတွေ ဒုက္ခရောက်တယ် အဲဒီဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ရင်ထဲစိတ်ထဲမှာ အဲဒီတိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်မလဲ အနည်းဆုံးတော့ အကြောက်တရားနဲ့ အမုန်းတရားတွေဖြစ်လာမယ် အဲတော့ ငြိမ်းချမ်းရေးနဲ့ပြောရရင် ယုံကြည်မှု လုံးဝပျက်သွားတဲ့ အနေအထားမျိုး ဖြစ်သွားမယ်။ ဒီဟာပြန်တည် ဆောက်ရတာ အရမ်းခက်တယ်။ နဂိုကတည်းကမှ တိုင်းရင်းသား အများစုကြား ထဲမှာ သံသယတွေက ရှိခဲ့ပြီးသား ဒီလိုအခြေအနေမျိုးမှာ ဒီလိုဖြစ်တဲ့အခါ အမုန်းတရားကပိုကြီးလာတယ် ယုံကြည်မှုကပို ပျက်လာတယ် ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ ဒါကတော့ လုံးဝအနုတ်လက္ခဏာ ဆောင်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။

ပြည်သူတယောက်အနေနဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို ပြန်ပြောရင် အစိုးရမှာ တာဝန်ရှိတယ် ဒါတွေကို ထိန်းသိမ်းဖို့  စစ်တပ်က အစိုးရအောက်မှာ ရှိနေတယ်လို့သာ ပြောနေတယ်ဆိုပေမယ့်လည်း ဒီငြိမ်းချမ်းရေး စကားဝိုင်းမှာ စကားပြောတော့မယ်ဆိုလို့ရှိရင် ဒါမျိုးတွေ ဘာလို့ဖြစ်နေလဲဆိုတာက ကျွန်တော်တို့အတွက် မေးခွန်းက အကြီးကြီးဘဲ။ စစ်ဖြစ်နေတဲ့ ကာလပတ်လုံးကတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ မဖြောင့်ဖြူး နိုင်ဘူးလို့ ကျွန်တော်ကတော့ ရိုးရိုးလေးပဲ မြင်တယ်။

မေး = အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ၊ မွန်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှာ တွေ့ကြုံရတာတွေနဲ့ပတ်သက်ပြီး ပြောချင်တာရှိရင်ပြောနိုင်ပါတယ်ခင်ဗျ။

ဖြေ = လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ အရင်တုန်းကနဲ့ မတူတဲ့ အားသာချက်တွေတော့ ရှိတာပေါ့လေ ကျွန်တော်တို့ ရေးဆွဲထားတဲ့မူဘောင်ရှိလာပြီ ဒီထဲမှာ ပါဝင်ခြင်း မပါဝင်ခြင်းကတော့ သူ့ရပ်တည်ချက်နဲ့သူ ဖြစ်တယ်ပေါ့နော်။ နောက်တခုက လက်ရှိအနေအထားအရ လောလောဆယ်ပေါ့လေ  NCA လမ်းကြောင်းဘဲ ရှိတယ် ဒီလမ်းကြောင်းပေါ်မှာ မွန်အမျိုးသားတွေအပါအဝင် လျှောက်နေကြတယ်။ လက်မှတ်ထိုးတဲ့အခါမှာလည်း အခက်အခဲတွေတော့ ရှိတာပေါ့လေ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့ အပေါ်မှာတော့ ကျွန်တော်တို့ မွန်အမျိုးသားတွေ အတွက်တော့ ကောင်းတဲ့အချက်တွေ ရှိခဲ့တယ်။ အနည်းဆုံးတော့ အင်အားစုတွေပေါ့လေ မွန်လက်နက်ကိုင် နိုင်ငံရေးပါတီ အရပ်ဖက်အဖွဲ့အစည်းတွေ နောက် ပြည်သူတွေ အားလုံး နိုင်ငံရေးစိတ်ဝင်စားတဲ့ သူတွေအားလုံး တစုတစည်းထဲထိုင်ပြီးတော့မှ ဆွေးနွေးခွင့်ရတယ်ဆိုတာလည်း အခွင့်အရေးတခုဖြစ်တယ်။

နောက်တချက်ကလဲ မဖြစ်မနေ သွားရတဲ့ လမ်းကြောင်းပေါ်မှာ ၂၁ ရာစုပင်လုံမှာ ဆွေးနွေးနိုင်ဖို့အတွက် အနည်းဆုံးတော့ ရပ်တည်ချက်တွေရခဲ့တာကလည်း အားသာချက်တွေပေါ့။ သို့သော်လည်းပဲ တနိုင်ငံလုံး အနေအထားနဲ့ ပြန်ပြီးတော့ ချိန်ထိုးကြည့်တဲ့အခါမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားအားလုံး မပါဝင် သေးဘူး အင်အားကြီးတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေမပါဝင်သေးတဲ့အခါမှာ သူတို့အနေနဲ့ လမ်းကြောင်း တခုနဲ့ သွားနေတယ်ဆိုတဲ့ အပေါ်မှာ NCA ကကော ရှေ့မှာဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းဖြစ်လာမလား ။

နောက်တခုက မူဘောင်ကို ပြင်ရမယ်ဆိုတာရှိတယ် သတ်မှတ်ထားတာတွေကိုလည်း သတ်မှတ်ထား တဲ့အချိန်မှာ မလုပ်နိုင်တာတွေရှိတယ် အမြဲတမ်းတရွေ့ရွေ့နဲ့ နောက်ကျကျန်ခဲ့တာတွေ ရှိတဲ့ အခါကျတော့ ဆိုလိုတာက  ငြိမ်းချမ်းရေးဖြစ်စဉ်အကောင်းဆုံးသွားနိုင်ဖို့က ဒါတွေရှိနေသေးတယ်ဆိုတာ ရှိတယ်။ နောက်ဆုံးကျွန်တော်ပြောချင်တဲ့ အချက်တခုက တကယ်ကို ငြိမ်းချမ်းရေးအပေါ်မှာ စိတ်စေတနာကောင်း ရှိရဲ့လားဆိုတဲ့ မေးခွန်းတခုပေါ့လေ ဒါက သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို ကျွန်တော်တို့ ပြန်မေးရမယ့် မေးခွန်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ ဘာ့ကြောင့် တိုက်ပွဲဖြစ်နေလဲ အဲဒါအဖြေရှာကြည့်ရင် ရမယ်ထင်တယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...