မွန်နိုင်ငံရေး မုန်တိုင်း

မွန်နိုင်ငံရေး မုန်တိုင်း
by -
ရွှေရိုး
NMSP ခေါင်းဆောင်များနှင့် မွန်နိုင်ငံရေးညီလာခံကျင်းပသူများ ယခင်တွေ့ဆုံဆွေးနွေးပွဲ(photo: MNA)
NMSP ခေါင်းဆောင်များနှင့် မွန်နိုင်ငံရေးညီလာခံကျင်းပသူများ ယခင်တွေ့ဆုံဆွေးနွေးပွဲ(photo: MNA)

မွန်နိုင်ငံရေးပါတီပေါင်းစည်းရေးကို ၂၀၁၂ ခုနှစ်မှ ယနေ့အချိန်ထိ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ ကြသော်လည်း မအောင်မြင်ခဲ့ပေ၊ မွန်ပြည်သူများသည် မွန်နိုင်ငံရေးပါတီများ ပြန့်ကျဲနေသည်ကို လုံးဝအလိုမရှိကြပါ။

ထို့ကြောင့် မွန်အမျိုးသားရေးကိစ္စနှင့် ပတ်သက်သည့် မည်သည့်အစည်းအဝေးတွင်မဆို နှစ်ပါတီပေါင်း စည်းရေးကိစ္စကို မွန်ပြည်သူများက မကြာခဏ  မေးခွန်းမေးမြန်းနေကြပြီး  မွန်နိုင်ငံရေးပါတီများကလည်း  ပေါင်းစည်းရေးကို အကောင်အထည်မဖော်နိုင်သေးပေ။  

သို့သာ် မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) တို့၏ တွေ့ဆုံမှုအခြေ  အနေများနှင့် (၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို)အတွက် ပူးတွဲသဘောထား  ထုတ်ပြန် နိုင်သောကြောင့် မြို့နယ်အဆင့်၊  ကျေးရွာအဆင့်  ပါတီဝင်များက  နှစ်ပါတီပေါင်းစည်းရေး ဖြစ်လာ လိမ့်မည်ဟု  ယုံကြည်နေဆဲပင် ဖြစ်သည်။

ပထမအကြိမ်မွန်နိုင်ငံရေး ညီလာခံမှ ထွက်ရှိလာသော ရလဒ်များအားလုံးသည် မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အတွက် မည်သည့်အကျိုးသက်ရောက်မှုမျိုးမဆို မွန်မျိုးသားပါတီတွင် လုံးဝတာဝန်မရှိ သည့်အတွက် ဇန်နဝါရီ ၇ ရက်က မွန်အမျိုးသားပါတီ သဘောထားထုတ်ပြန်ခဲ့ပြီး ညီလာခံကို တက်ရော က်ခဲ့ခြင်း မရှိပေ။

မွန်တစ်မျိုးသားလုံးကို ကိုယ်စားမပြုသည့်အပြင် ဒီမိုကရေစီစံနှုန်း၊ လုပ်နည်းလုပ်ဟန်မှ သွေဖယ်နေသည့် ညီလာခံတစ်ရပ်ဖြစ်သည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံကို တက်ရောက်ခဲ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ လာမည့် ၂၀၂၀ ပြည့်နှစ် ရွွေးကောက်ပွဲတွင် မွန်တိုင်းရင်းသား ကိုယ်စားပြုပါတီ တစ်ခု လိုအပ်မည်ဖြစ်သည့်အတွက်  မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး သို့မဟုတ်  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတစ်ရပ်ရပ်ကို မလွဲမသွေ လိုအပ်လာလိမ့်မည်ဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအတွက် အဖြေတစ်စုံတစ်ရရှိနိုင်စေရန် သို့မဟုတ်  မွန်အမျိုးသား ကို ယ်စားပြုပါတီဖွဲ ့စည်းပုံအတည်ပြုရေးအတွက် ယခုလာမည့် မေလ ၁၂ ရက်မှ ၁၄ ရက်အထိ မော်လမြိုင်မြို့ ၊တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ တွင် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ကို ကျင်းပတော့မည်ဖြစ်သည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ဦးတည်ချက်

ဒုတိယအကြိမ်မွန်နိုင်ငံရေးညီလာခံတွင် မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ့စည်းပုံကို ချပြပြီး ပြင်ဆင်ဖြည့်စွက် အတည်ပြုရန်နှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ၏ လုပ်ငန်းစဉ်များကို  အကောင်အထည် ဖော်ဆောင်တော့မည်ဖြစ်သည်။

အဆိုပါ မွန်နိုင်ငံရေးညီလာခံတွင်  မွန်အမျိုး သားပါတီ(MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)နှင့် အမျိုးသမီးပါတီ(မွန်) တို့ကို ဖိတ်ကြား သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ်  မွန်နိုင်ငံရေးညီလာခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဝရဝံသက  မိန့်ကြားသည်။

“သူတို့တက်ရောက်လာရင် သူတို့အတွက် ဆွေးနွေးရမယ့်အခွင့်အရေးတွေ ရှိလာမယ်။   သူတို့ပေါင်းတာ  မပေါင်းတာက သူတို့အချင်းချင်း ဆွေးနွေးရမယ်။ သူတို့တွေက နိုင်ငံရေးပါတီဆိုတော့ ဒီမှာတစ်ခါတည်း  ဆုံးဖြတ်လို့မရဘူးဆိုတာ ဆရာတော်တို့ နားလည်တယ်။ သူတို့တက်ရောက်လာတာနဲ့ လာမယ့်အနာဂတ်အတွက်ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ရမလဲဆိုတာကို သူတိုစဉ်းစားရလိမ့်မယ်”ဟု ဆရာတော်က မိန့်ကြားသည်။

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေးအခြေအေနေသည်  ဖြစ်နိုင်ချေမရှိတော့ကြောင်း ညှိနှိုင်းရေးအဖွဲ့က သဘောထားထုတ်ပြန်ခဲ့ပြီးနောက်  ပြန့်ကျဲနေသော မွန်နိုင်ငံရေးအင်အားစုများမှ ညှိနှိုင်းရေးအဖွဲ့ကို အထောက်အကူဖြစ်စေရေးအတွက်  ရာမညအင်အားစုကို ဖွဲ့စည်းခဲ့ပြီး မွန်နိုင်ငံရေးပါတီပေါင်းစည်းရေးကိစ္စကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံနှင့် ပတ်သက်ပြီး ရာမညအင်အားစုနှင့် နှစ်ပါတီပေါင်း စည်းရေး ညှိနှိုင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး  မွန်နိုင်ငံရေးပါတီပေါင် းစည်းရေးကို ဆက်လက်ကြိုပမ်းခဲ့ရာ ဇန်နဝါရီလ ၁၃ ရက်မှ ၁၄ ရက်အထိ မွန်နိုင်ငံရေးညီလာခံကို (ပထမအကြိမ်)ကျင်းပခဲ့ပြီး ဖြစ်သည်။

ယင်းညီလာခံတွင် နှစ်ပါတီပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ကာ မွန်အမျိုးသားကို ယ်စားပြုနိုင်ငံရေး ပါတီဖော်  ဆောင်ရေးအတွက် အဖွဲ့ဝင် (၂၁) ဦးပါဝင်သည့် မွန်အမျိုးသား ကိုယ်စားပြုပါတီ  ဖော်ဆောင်ရေးအဖွဲ့နှင့် ကြီးကြပ်ရေးကော်မတီ (၁၉)ဦးကို ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီက မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ ့စည်းပုံရေးဆွဲရေးကိစ္စကို  အချိန်ကာလအားဖြင့် (၆)လ သတ်မှတ်ထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီတွင်  မွန်နိုင်ငံရေးပါတီများအားလုံး ပါဝင်လာနို င်စေရေးအတွက် တွေ့ဆုံဆွေးနွေးရန် သက်ဆိုင်ရာပါတီများကို စာပေးပို့ခဲ့သည်။

သို့သော် နှစ်ပါတီပေါင်းစည်းပြီးမှသာ လက်ခံတွေ့ဆုံဆွေးနွေးသွာမည်ဖြစ်ပြီး မွန်အမျိုးသားပါတီနှင့်  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က နှစ်ပါတီပေါင်းစည်းရေးကို တွေ့ဆုံဆွေးနွေးနေသည့်အချိန်ကာ လဖြစ်သောကြောင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီနှင့် တွေ့ဆုံရန် မဖြစ်နိုင်ခဲ့ချေ။

လတ်တလောတွင် ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံမှ ချမှတ်ထားသည့်အတိုင်း မွန်အမျိုးသား ကိုယ်စားပြုပါတီဖွဲ့စည်းပုံရေးဆွဲထားသော ပညာရှင်များက မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ရေးဆွဲထားသည့်အတွက် ဘက်လိုက်ရေးဆွဲထားခြင်း မရှိကြောင်း ဆရာတော ဦးဝရဝံသက မိန့်ကြားထားသည်။

“ဒီဖွဲ့စည်းပုံက ပါတီတစ်ရပ်ရပ်ကို တားမြစ်ထားတာတွေ မရှိဘူး။ နောက်ပြီး ဒီညီလာခံမှာ မွန်အမျိုးသား ကိုယ်စားပြုပါတီဖွဲ့စည်းရေးကော်မတီတစ်ရပ်ပေါ်ထွန်းလာဖို့ မျှော်လင့်တယ်။ ဒီကော်မတီကပဲ ပါတီဖြစ် ပေါ်လာဖို့ ဆက်လက်အကောင်အထည်ဖော်သွားမယ်”ဟု ဆရာတော် ဦးဝရဝံသက မိန့်ကြားသည်။

ယင်းပြင် ပထမအကြိမ် မွန်နို်င်ငံရေးညီလာခံတွင် မွန်ပြည်သစ်ပါတီ(NMSP)က လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပြီး ဒုတိယအကြိမ် ကျင်းပမည့် ညီလာခံတွင် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားသွားမည် ဖြစ်ပြီး လေ့လာသူအဖြစ် မတက်ရောက်စေချင်ကြောင်း ကျင်းပရေးကော်မတီက ဆိုလေသည်။

ယနေ့ကြုံတွေ့နေရသော မွန်အမျိုးသားရေးကိစ္စရပ်များသည် မွန်ပြည်သစ်ပါတီ(NMSP)အပေါ်တွင် များစွာမူတည်နေသည့်အတွက် မွန်ပြည်သစ်ပါတီအနေဖြင့် ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ပေးရန် လိုအပ်နေကြောင်း ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ကျင်းပရေးကော်မတီ  ဥက္ကဋ္ဌက  ပြောကြားသည်။

အဆိုပါ ဒုတိယအကြိမ် ညီလာခံတွင် မွန်နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မွန်တစ်မျိုးသား လုံးက မျှော်လင့်နေကြသော်လည်း မျှော်လင့်ထားသည့် ရလဒ်ကို ဖြစ်မလာနိုင်မည်ကို စိုးရိမ်နေလျက် ရှိသည်။

လက်ရှိကျင်းပမည့် ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံတွင် မွန်နိုင်ငံရေးပြဿနာကို  ဖြေရှင်း နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်သော်လည်း နိုင်ငံရေးပါတီများက တက်ရောက်နိုင်မှု မရှိခဲ့လျှင် မွန်နိုင်ငံရေးအခြေအနေက ဆက်လက်ပြိုကွဲနေမည်ဖြစ်ကြောင်း မွန်နိုင်ငံရေးပါတီအခြေအနေပြော ဆိုနေသော လက်ဖက်ရည်ဝိုင်းတစ်ခုတွင် နိုင်ရဲချမ်းက သုံးသပ်သည်။  

“ဒီညီလာခံက ကိုယ်စားပြုပါတီဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ပြောတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအ တည်ပြု ပြီးဆိုကတည်းက ပါတီအသစ်တစ်ရပ်ပေါ်ထွက်လာဖို့ အခြေအနေပဲ။ ဒါဆိုရင် မွန်မှာ ပါတီပြန့်ကျဲ နေအုံးမှာပဲ”ဟု နိုင်ရဲချမ်းက ပြောသည်။

ပညာရှင်များမှ ရေးဆွဲထားသည့် မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ့စည်းပုံကို  အားလုံးပါဝင်လာနိုင်ရေးကို ဦးတည်ထားသည့်အတွက် အကောင်းဆုံးဖွဲ့စည်းပုံတစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း နိုင်ညာဏ်စိုက်ရာမာန်က ဆိုလေသည်။

မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းမှုအခြေအနေ

မွန်ပြည်သစ်ပါတီ(NMSP) NCA လက်မှတ်ရေးထိုးပြီးနောက် မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲကျင်းပရန် ညီစားစခန်းတွင် လူထုတွေ့ဆုံပွဲကျင်းပစဉ်က တက်ရောက်လာသည့် ကိုယ်စားလှယ်များက မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းရေးကို မေးခွန်းမေးမြန်းခဲ့ခြင်း ရှိခဲ့သည်။

လူထုတွေ့ဆုံပွဲကျင်းပပြီးနောက်ဆုံးနေ့တွင် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို နှစ်ပါတီပေါင်းစည်းရေးကိစ္စအတွက် မွန်ပြည်သစ်ပါတီက တွေ့ဆုံခဲ့ပြီး လာမည့် ၂၀၁၈ ခုနှစ်မကုန်မီ ပေါင်းစည်းကြရန် မွန်ပြည်သစ်ပါတီ ပြောဆိုထားမှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

“ဘာကြောင့် မပေါင်းစည်းကြသေးလဲ။ ဘာကြောင့် ခုံလုနေကြသလဲ။ ဘာကြောင့် ထမင်းလုစားနေကြ သလဲ” ဟု ဆရာတော်က သြဝါဒပေးထားသည့်အတိုင်း တပည့်တော်တို့ အပြည့်အဝခံယူသွားမည်ဖြစ်ကြောင်း ဝယ်ဇင်စခန်းတွင် မွန်ပြည်သစ်ပါတီကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က ပြောသည်။

“ခုံလည်း မယူတော့ဘူး။ ထမင်းလည်း မလုစားတော့ဘသူး။ ပရိတ်သတ်အားလုံးရှေ့မှောက်မှာ  ကတိပေးပါတယ်။ ပရိတ်သတ်တွေအားလုံး ယုံကြည်ပေးကြပါ။ ဒီနေ့ ပရိသတ်များ အသိအမှတ်ပြု ထားပေးကြပါ”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ပြည်သစ်ပါတီ ညီစားစခန်း တွင် ၃ ပါတီ အလွတ်သဘောတွေ့ဆုံရာ၌ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်ပေါင်းစည်းပေးရန် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ  နိုင်ထောမွန်က သြဝါဒပေးထားသည့်အတိုင်း ပေါင်းစည်းပေးမည်ဖြစ်ကြောင်း ပရိသတ်များရှေ့မှောက်၌ ကတိပေးပါကြောင်း နိုင်စိုးမြင့်က ဆိုသည်။

ယင်းပြင် ပေါင်းစည်းလိုသည့် ယခုတက်ရောက်လာသော ပရိသတ်များအားလုံးလည်း လာရောက်ပေါင်းစည်းပေးကြပါရန် ၎င်းက တိုက်တွန်းခဲ့သေးသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံနှင့် ပတ်သက်၍ ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံတွင် မွန်အမျိုးသားပါတီက တက်ရောက်ထားခြင်းမရှိသ ည့်အပြင် အခြားသော မွန်နိုင်ငံရေးပါတီ များကလည်း တက်ရောက်ထားခြင်းမရှိသည့်အတွက် ယခုကျင်းပမည့် ဒုတိယအကြိမ် မွန်နိုင်ငံ ရေးညီလာခံမှာ တက်ရောက်ရန် အစီအစဉ်မရှိကြောင် း မွန်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

“အဲဒီပထမအကြိမ်တုန်းက ထွက်ရှိ လာတဲ့ ဆုံးဖြတ်ချက်တွေ ရလဒ်တွေ ကျွန်တော်တို့ပါတီတွေက ဘာတစ်ခုမှ အသိအမှတ်မပြုထားတဲ့အတွက် အကောင်အဖော်ဖို့အတွက်လည်း ကျွန်တော်တို့မှာ တာဝန်မရှိဘူး”ဟု ၎င်းက ပြောသည်။

ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံတွင် တက်ရောက်ထားခြင်းမရှိသည့်အတွက် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံတွင် မွန်အမျိုးသားပါတီ(MNP)အနေဖြင့် တက်ရောက်မည်မဟုတ်သည့်အတွက် ညီလာခံမှ ထွက်ရှိလာမည့် ဆုံးဖြတ်ချက်ရလဒ်များသည်လည်း မွန်အမျိုးသားပါတီတွင် တာဝန်မရှိကြောင်း နိုင်လယိတမက ထပ်လောင်းပြောဆိုသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ကျင်းပရေးကော်မတီဖိတ်ကြားထားခြင်းနှင့် ပတ်သက်ပြီး မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး (၁) နို်င်စံတင်က “ပါတီရဲ့ CEC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပပြီးမှသာ  ဖြေကြားပေးနိုင်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။  

လာမည့်ညီလာခံတွင် ပါတီအသစ်ဖွဲ့စည်းမည်ကို မလိုလားကြသူများသည် ပေါင်းစည်မည်ဟု မကြာခ ဏပြောဆိုနေသော ပါတီတာဝန်ရှိသူများက ညီလာခံတက်ရောက်ပြီး မွန်ပြည်သူများရှေ့မှောက်တွင် စံပြအနေဖြင့် ပေါင်းစည်းသင့်သည်။

ပေါင်းစည်မည်ဟု မကြာခဏပြောဆိုနေသော ပါတီတာဝန်ရှိသူများသည် မည်ကဲ့သို့ အချိန်ဆွဲနေသည်ကို နားမလည်းနိုင်ကြောင်း၊ ပူးပေါင်းရမည့်အခြေအနေသို့  ရောက်ရှိနေပြီးဖြစ်သည့်အ တွက်လာမည့်  ဒုတိယအကြိမ် ညီလာခံတွင် လာရောက်ပေါင်းစည်းပြသင့်ကြောင်း မွန်နိုင်ငံရေးသမားအချို့က ပြောဆိုနေကြသည်။



သုံးသပ်ချက်များ

ယခုလက်ရှိ ကျင်းပမည့် ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံက မွန်နိုင်ငံရေးပါတီများအားလုံးနှင့် ပြန့် ကျဲနေသော မွန်နိုင်ငံရေးသမားများကို ပြန်လည်စုစည်းနိုင်မည့် နေရာတစ်ခုကို အကောင်အထည်ဖော် နေသည့် ညီလာခံတစ်ရပ်ဖြစ်သည်။

“ဖွဲ့စည်းပုံအရဆိုရင် မွန်နိုင်ငံရေးနှစ်ပါတီအတွက်က တစ်ပါတီ ၃၀ ရာခိုင်နှုန်းပေးထားတယ်။  ဒါက မွန်နိုင်ငံရေးအခြေအနေပေါင်းစည်းမယ့်အနေအထားပြောနိုင်သလို မွန်နိုင်ငံရေးအခြေအေ နတွေ ပြန်လည်စုစည်းမယ့်အနေအထားတစ်ခုလို့ ပြောလို့ရတယ်”ဟု နိုင်ညာဏ်စိုက်ရာမာန်က ပြောသည်။

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့တွေ့ဆုံဆွေးနွေးပြီးနော က်ပိုင်း ပထမ အကြိမ် ညီလာခံအပေါ်မှာ ထုတ်ပြန်ချက်ထုတ်ထားေသော်လည်း ညီလာခံတွင် အားလုံး က နားလည်ခွင့် ထားသော်လည်း ယင်းနှစ်ပါတီလုံးက ထုတ်ပြန်ချက်အတိုင်း ဆက်လက်ရပ်တည်နေသည့် အနေအထား ရှိနေသည်။

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် အင်အားစုတစ်ခုအဖြစ်သို့ ရောက် ရှိနေပြီးဖြစ်၍ ယခုကျင်းပမည့် ဒုတိယအကြိမ် ညီလာခံတွင် နိုင်ငံရေးပါတီအင်အား စုတစ်ခုထပ်မံ ပေါ်ပေါက်လာပါက မွန်အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် စိန်ခေါ်မှုများ ထပ်မံရှိလာနိုင်သည်။

မွန်နို်င်ငံရေးနှစ်ပါတီပေါင်းစည်းရေးအတွက် ၂၀၁၈ ခုနှစ်မကုန်မီ အပြီးသတ်ပေါင်းစည်းပေးရန်  မွန်ပြည်သစ်ပါတီ က တောင်းဆိုထားမှုများရှိနေသည့်အတွက် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ  ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေးကိစ္စသည် မွန်ပြည်သစ်ပါတီတွင် များစွာမူတည်နေကြောင်း  နိုင်ညာဏ်စိုက်ရာမာန်က ဆိုသည်။

 “လာမယ့် ၂၀၁၈ အကုန်မှာ နှစ်ပါတီမပေါင်းစည်းခဲ့ရင် မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လိုရပ်တည်သွား မလဲဆိုတာကို ဒါလဲ စိတ်ဝင်စားစရာတစ်ခုဖြစ်တယ်။ မပေါင်းစည်းခဲ့ရင် မွန်ပြည်သစ်ပါတီအနေနဲ့ ဆက်လက်အသိအမှတ်ပြုနေမှာလား။ အကယ်၍ မွန်ပြည်သစ်က ပြတ်သားတဲ့ဆုံးဖြတ်ချက်  ချမှတ်ခဲ့ရင် ပြည်တွင်းမွန်နိုင်ငံရေးပါတီအခြေအနေက တစ်မျိုးပြောင်းလဲလာလိမ့်မယ်”ဟု နိုင်ညာဏ်စိုက်ရာမာန်က ပြောသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို အများဆုံးဖြတ်ချမှတ်ထားသည့် အချိန်ကာလအတိုင်း ကျင်း ပသင့်သော်လည်း မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ့စည်းပုံကို ပွင့်လင်းမြင်သာစွာ ချပြဖြည့်စွက်အ တည်ပြုပြီး မွန်နိုင်ငံရေးပါတီများနှင့် မွန်နိုင်ငံရေးသမား များအားလုံးကို ပို့ပေးပြီး  မွန်နိုင်ငံရေး ပါတီပေါင်းစည်းရေးကို မွန်ပြည်သစ်ပါတီတော င်းဆိုထားသည့်အတိုင်း ၂၀၁၈ ခုနှစ်ကုန်အထိ  အချိန်ပေးသင့်သည်။

 “၂၀၁၈ ကုန်ရင် နှစ်ပါတီလုံးက မွန်ပြည်သစ်ပါတီကို အဖြေပေးရလိမ့်မယ်။ ဒီအဖြေပေါ်မှာမူ တည်ပြီးတော့ ကိုယ်စားပြုပါတီကိုဖွဲ့ဖို့ အဲဒီအချိန်ထိ အချိန်ပေးစောင့်သင့်တယ် ”ဟု နိုင်ညာဏ်စိုက်ရာမာန်က အကြံပြုပြောကြားသည်။

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...