“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အရင် သေချာအောင်လုပ်၊ လုပ်ရင်တော့ ပြဿနာက ရှင်းမှာပေါ့” - မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့်တွေ့ဆုံခြင်း

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အရင် သေချာအောင်လုပ်၊ လုပ်ရင်တော့ ပြဿနာက ရှင်းမှာပေါ့” - မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့်တွေ့ဆုံခြင်း
by -
ထိုက်ထိုက်၊ ဂေထော
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် (ဓာတ်ပုံ – ဂေထော)
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် (ဓာတ်ပုံ – ဂေထော)

မွန်ပြည်နယ်၊ရေးမြို့၊ ပြည်သူ့အားကစားရုံတွင် မေ ၅ရက်ကပြုလုပ်သော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။ ။NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်)လမ်းကြောင်းအတိုင်းပဲသွားဖို့ရှိလား။

ဖြေ။ ။NCA လမ်းကြောင်းအတိုင်း လိုက်ဖို့က ဆုံးဖြတ်ရဦးမယ်။ ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့ ကြိုးစားနိုင်မယ်။ NCAလမ်းကြောင်းအတိုင်း မလိုက်ရင်လည်း သူတို့အမြင်နဲ့ သူတို့ပေါ့နော်။ ကျွန်တော်တို့အမြင်က NCA လမ်းကြောင်းအတိုင်းလိုက်ပြီးတော့ အခက်ခဲတွေ အများကြီးကြားကနေ ဆွေးနွေးမယ်ပေါ့။

မေး။ ။တစ်ချို့က NCA မှာ လိုအပ်ချက်တွေရှိတယ်ဆိုပြီး လက်မှတ်မထိုးတဲ့ အဖွ့ဲတွေရှိတယ်။ သူတို့ကို ဘယ်လိုတင်းစကားပါးလိုလဲ။

ဖြေ။ ။နည်းလမ်းရှာပေါ့။ နည်းလမ်းကောင်းရင် ကျွန်တော်တို့ကို ပြောပြပေါ့။ ကျွန်တော်တို့အမြင်ပေါ့၊ NCA လမ်းကြောင်းအတိုင်းညှိထားတာ နှစ်နဲ့ကြာပြီ။ ညှိပြီးမှ သဘောတူထားတာ၊ အခြားလမ်းကြောင်းတွေ ကောင်းတယ်ဆိုရင်လည်း ကျွန်တော်တို့ကို ပြောပြပေါ့။

မေး။ ။ NCA ကို ဘယ်လိုမြင်လဲ။ လိုလားချက်တွေကို ရောက်အောင်သွားနိုင်တဲ့ လမ်းကြောင်းလို့မြင်လား။

ဖြေ။ ။အခက်အခဲတွေရှိမှာပေါ့။ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း ဆွေးနွေးရမှာပေါ့။ ဘယ်လိုခက်ခဲပါစေ ကျွန်တော်တို့ နိုင်ငံအတွက် ရည်ရွယ်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်။

မေး။ ။နိုင်ငံတော်အတိုင်ပင်ခံတစ်ချို့တွေနဲ့ တွေ့ခဲ့တယ်ဆိုတော့ သူတို့ကရော ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ ပြောတာရှိလား။

ဖြေ။ ။သူတို့က အတိအလင်း မပြောသေးဘူး။ သူတို့ကြိုးစားသွားမယ်လို့ အဲဒီလိုပဲပြောတယ်။ ကျွန်တော်တို့လည်း သူတို့ ကြိုးစားချက်ကို ထောက်ခံတယ်ပေါ့။ သူတို့ကြိုးစားတယ်၊ ကျွန်တော်တို့လည်း ကြိုးစားရမှာပေါ့။

မေး။ ။NCA အောင်မြင်အောင် ဘာတွေ လုပ်ဆောင်သင့်လဲလို့ အကြံပြု တိုက်တွန်းချင်လဲ။

ဖြေ။ ။NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အောင်မြင်အောင် လုပ်ရင်တော့ ပိုပြီး နီးစပ်မှာပေါ့။ သံသယလည်း ရှင်းသွားမှာပေါ့။ ခု မြောက်ပိုင်အဖွ့ဲက တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ဲက လက်မှတ်ထိုးထားတယ်။ တစ်ချို့က NCA အပေါ် မရှင်းဘူးဖြစ်နေတယ်။ ကောင်းတာက ခုနက ပြောသလိုပေါ့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အရင် သေချာအောင်လုပ်၊ လုပ်ရင်တော့ ပြဿနာက ရှင်းမှာပေါ့။

မေး။ ။မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေး ရည်မှန်းချက်အမြင့်ဆုံးက ဘာလို့ပြောလို့ရမလဲ။

ဖြေ။ ။ဖက်ဒရယ်ပြည်ထောင်စုပဲ ကျွန်တော်တို့ တည်ဆောက်ချင်တယ်။ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပေါ့။ ကျွန်တော်တို့ မွန်အမျိုးသားတွေအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုပဲ ဖြစ်စေချင်တယ်။

မေး။ ။လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးနဲ့ ဆောင်ရွက်နေတယ်။ အနာဂတ်မှာ ဘယ်လိုရည်မှန်းထားလဲ။

ဖြေ။ ။ဆွေးနွေးမှာပေါ့။ အများပါဝင်အောင် ကြိုးစားရမှာပေါ့။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...