ဒေါက်တာအေးမောင်အမှုအတွက် ပြည်နယ် တရားလွှတ်တော်တွင် တရားဥပဒေကြောင်းအရ လျှောက်လဲချက်ပေး

ဒေါက်တာအေးမောင်အမှုအတွက် ပြည်နယ် တရားလွှတ်တော်တွင် တရားဥပဒေကြောင်းအရ လျှောက်လဲချက်ပေး

မေ ၃ ရက်နေ့က ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံတွင် ဒေါက်တာအေးမောင် အမှုနှင့် ပတ်သက်ပြီး ရှေ့နေများ လျှောက်လဲချက်နှင့် ပတ်သက်ပြီး ရှေ့နေကြီး ဦးအောင်ကျော်စိန်အား ဆက်သွယ် မေးမြန်းပြီးတင်ပြပေးလိုက်ပါသည်။

မေး-ကျနော်တို့ ဒီနေ့လေ ပြည်နယ်တရားလွှတ်တော်ရုံးမှာ နေပြီးတော့ ဒေါက်တာအေးမောင်တို့ ကိစ္စကို ရှေ့နေတွေဘက်ကနေပြီးတော့ အမှုကို ပယ်ဖျက်ပေးဖို့ လျှောက်လဲချက်တင်တယ်လို့ သိရရပါတယ်။ အဲ့ဒါလေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ်လေးကို သိချင်လို့ပါ။

ဖြေ-ကျနော်တို့ ဒီနေ့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ ဒေါက်တာအေးမောင်တို့ကို စွဲဆိုထားတဲ့ ဒီနိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုရယ်၊ နောက် ၅၀၅ (ခ) (ဂ) ရယ်၊ နောက်မတရားအသင်း ၁၇ (၁) ရယ်၊ အဲ့ဒီအမှု ၃ ခုကို အမှုတွဲချေဖျက်ဖို့ဆိုပြီးတော့ခါ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အထွေထွေအမှု လျှောက်ထားပါတယ်။ အဲ့ဒီအထွေထွေ အမှုလျှောက်ထားတဲ့ ကိစ္စကို ဒီနေ့ ၃ ရက်၊ ၅လ၊ ၂၀၁၈ နှစ်မှာ နှစ်ဘက်လျှောက်လဲချက်ပေါ့၊ နှစ်ဘက်လျှောက်လဲချက် ကြားနာရပါတယ်။

အဲ့ဒီလျှောက်လဲချက်နဲ့ ပတ်သက်လို့ ကျနော်က ဒီနိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှုအတွက် ဒေါက်တာအေးမောင်ဘက်ကနေ လျှောက်လဲချက်ပေးပါတယ်။ နောက် ၅၀၅ (ခ) (ဂ) ကို ကျနော်တို့နဲ့အတူ လိုက်ပါတဲ့ ဒီတရားလွှတ်တော်ရှေ့နေ ဦးခင်နုက လျှောက်လဲချက် ပေးပါတယ်။ နောက် ၁၇ (၁) အမှုနဲ့ ပတ်သက်လို့ ကျနော်တို့နဲ့အတူ ပူးတွဲလိုက်ပါတဲ့ ဦးစံရွှေမောင်က လျှောက်လဲချက် ပေးပါတယ်။

နိုင်ငံတော်ဘက်က ဥပဒေအရာရှိကျတော့ ဒေါ်မြတ်သန္တာစိုးဆိုတာ ဒီဒုတိယပြည်နယ် ဥပဒေအရာရှိ သူကနေ လျှောက်လဲချက် ပေးပါတယ်။

ကျွန်တော်တို့ ဒီလျှောက်လဲချက် ပေးတဲ့အခါ အဓိက ကျနော် နိုင်ငံတော်ပုန်ကန် သစ္စာဖောက်မှုနဲ့ ပတ်သက်လို့ ပထမပိုင်းမှာ ကျနော်တို့ ဒီအမှုကို အမှုတွဲချေဖျက်ဖို့ ဆိုပြီးတော့ခါ တင်ပါတယ်။ တင်တော့ ပထမဆုံးမှာ ဒီစာရေးဆရာ ဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင် နှစ်ယောက်စလုံး ဟောပြောပွဲ တစ်နေရာတည်းမှာ ပြုလုပ်ကြတဲ့အခါ သူတို့နှစ်ယောက်လုံးကို အရေးယူထားတဲ့ အတွက် ဒီအမှုတွဲကို ချေဖျက်ဖို့ ဆိုပြီးတော့ခါ ပထမ ကျနော်တို့ လျှောက်လွှာတင်တဲ့အခါ အမှုတွဲ ချေဖျက်ဖို့ဆိုပြီး လုပ်ခဲ့တယ်။ သူ့ရှေ့နေနဲ့ ပထမပိုင်းမှာ ကျနော်တို့နဲ့အတူ သူတို့ သီးခြားတင်မယ်ဆိုပြီးတော့ ညှိခဲ့ကြတယ်။ ညှိခဲ့တော့ တကယ်တမ်းတင်ပြီးတဲ့အခါ ကျနော်တို့ ဒီလက်ခံသင့်မသင့်ဆိုတာကို မကြားနာပဲ တင်တဲ့နေ့မှာပဲ လက်ခံလိုက်တဲ့အခါမှာ ဒီစာရေးဆရာ ဝေဟင်အောင်တို့ဘက်ကနေ သီးခြားလျှောက်လွှာ မတင်တော့ဘူး၊ မတင်တော့ ကျနော်တို့က ဒီလျှောက်လဲချက် ပေးရမယ်ဆိုတဲ့ ရုံးချိန်းပေါ်လာတဲ့အခါ သူ့အကို ဦးသိန်းဝင်းကနေ စာရေးဆရာ ဝေဟင်အောင် အမှုကို ဒေါ်အေးနုစိန် လိုက်ပါတယ်။ သူ မဟုတ်ဘဲ အခြားလူတွေ အမှုလိုက်ပါခြင်း မပြုဖို့ ဆိုပြီးတော့ခါ သူတို့က ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်တော့ ပထမတုန်းကတော့ အမှုတွဲတစ်ခုလုံးကို ချေဖျက်လို့ရှိရင် ဒေါက်တာအေးမောင်ရော စာရေးဆရာ ဝေဟင်အောင်ပါ အကျိုးခံစားခွင့် ရပြီးတော့ သူတို့နှစ်ယောက်လုံး လွတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လျှောက်တယ်။ လျှောက်တော့ နောက်ဆုံး သူ့အကိုကနေပြီးတော့ ဒီလို ဖေ့စ်ဘုတ်ကနေ တင်လာတဲ့အတွက် ကျနော်တို့က ဒီအမှုနဲ့ ပတ်သက်လို့ ဒေါက်တာအေးမောင်နဲ့ ပတ်သက်သမျှကိုသာ ချေဖျက်ပေးဖို့ ဆိုပြီးတော့ လျှောက်လဲချက်ပေးပါတယ်။

လျှောက်လဲချက်ပေးတော့ ကျနော်နိုင်ငံတော် ပုန်ကန်မှုနဲ့ ပတ်သက်လို့ လျှောက်လဲချက် ပေးတာ အကြောင်းပြချက်ပေါ့၊ အကြောင်းပြချက် ဆိုလို့ရှိရင် ၅ ခုရှိတယ်။

၅ ခုမှာ ပထမတစ်ခု အနေနဲ့က တရားလိုဖြစ်တဲ့ ဒုတိယ ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဦးခင်မောင်ဦးဟာ ဒီအမှုနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် သွားရောက် နားထောင်တာ မရှိဘူး။ သူကိုယ်တိုင် သိတာ မြင်တာ မရှိဘဲ အထက်ကနေ ညွှန်ကြားလို့ တစ်ဆင့်ကြားသိရတဲ့ဟာကို အခြေခံပြီးတော့ အမှုဖွင့် တိုင်တန်းပါတယ်ဆိုပြီး သူ့ထွက်ဆိုချက် ရှိတယ်။

သက်သေခံ ဥပဒေပုဒ်မ ၆၀ မှာဆိုရင် နှုတ်သက်သေခံချက်ဟာ တိုက်ရိုက်ဖြစ်ရမယ်၊ မြင်တဲ့ကိစ္စကို မြင်သူထွက်ရမယ်။ ကြားတဲ့ကိစ္စ ကြားသူထွက်ရမယ် အဲ့ဒီလို ရှိတော့ခါ ဒီဦးခင်မောင်ဦးက တစ်ဆင့်ကြား လာပြီးထွက်တဲ့အတွက် သူ့ထွက်ဆိုချက်ဟာ ခိုင်လုံမှု မရှိဘဲ ဒီသူ့ကို အမှုစွဲဆိုထားတဲ့ကိစ္စကို အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုတွဲချေဖျက်ဖို့ဆိုပြီးတော့ ဒေါက်တာအေးမောင်ဟာ ဒီနိုင်ငံတော်ပုန်ကန်မှုကို မကျူးလွန်ဘူး၊ ဒါကြောင့် အမှုတွဲချေဖျက်ပါဆိုပြီးတော့ လျှောက်လဲချက်ပေးပါတယ်။

နောက် ဒုတိယ လျှောက်လဲချက်က ပြစ်မှုတွေမှာ တရားစွဲတဲ့အခါ ပြစ်မှုအင်္ဂါရပ်ဆိုတာ ရှိတယ်။ ပြစ်မှု အင်္ဂါရပ်ဆိုတာ အဓိကအားဖြင့် နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု မြောက်ဖို့ အတွက် ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကို စစ်မက် ပြိုင်ဆိုင်ရမယ်။ wage war against to Union of Myanmar ဒီလို ဝေါဟာသုံးတော့ စက်မက်ပြိုင်ဆိုင်၊ ဆိုတော့ ဒေါက်တာအေးမောင် ကနေ ဟောပြောပွဲ ပြုလုပ်ရုံသက်သက်ပဲလုပ်တယ်။ အစိုးရကို စစ်မက်ပြိုင်ဆိုင်တာ တစ်ခုမှ မရှိဘူး။ မရှိတဲ့အတွက် သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲထားတဲ့ ကိစ္စဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် သူ့ကို အမှုတွဲချေဖျက်သင့်တယ် ဆိုတဲ့ အကြောင်းပြချက် တစ်ခုပေါ့။

နောက်တတိယ တစ်ခုက ဒီအမှုကို တရားစွဲတဲ့အခါမှာ ဒီရဲကနေ အမှုဖွင့်တာမျိုး မဟုတ်ဘဲ ဦးခင်မောင်ဦးကနေ စစ်တွေခရိုင်တရားရုံးကို ဦးတိုက်လျှောက်တယ်။ လျှောက်တော့ အဲ့ဒီဦးတိုက် လျှောက်ထားချက်ကို ခရိုင်ရုံးရဲ့ ညွှန်ကြားချက်အရပေါ့။ ရသေ့တောင် မြို့မစခန်းမှူးကနေ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၀၂ အရနေ သက်သေတွေကို စစ်တယ်၊ နောက် ဒေါက်တာအေးမောင်တို့ ဟောပြောပါတယ်ဆိုတဲ့ အခွေ၊ နောက် ဟောပြောချက် အခွေကနေ စာသားအဖြစ် ဖန်တီးထားတဲ့ အထောက်အထားတွေကို ပူးတွဲ တင်ပြပြီးတော့မှ အဲ့ဒီဟာတွေကို အခြေခံပြီးတော့ခါ သူက အမှုဖွင့် အရေးယူတာဖြစ်တယ်။ ဆိုတော့ ဒီရဲကနေ ၂၀၂ အရ စုံစမ်းစစ်ဆေးပြီးတော့ တင်ပြတဲ့ စစ်ဆေးချက်ဟာ ဆိုလို့ရှိရင် အမှုတွဲရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်။ Part of Proceeding, Part of Proceeding ဆိုတဲ့အတွက်ကို သက်သေက လောလောဆယ်မှာ တရားလို တစ်ယောက်ပဲ စစ်ရသေးသော်လည်း အမှုမှာ အဲ့ဒီ Part of Proceeding မှာတော့ သက်သေထွက်ချက် အားလုံးပါတယ်။ ပါတဲ့အတွက် ဒီထွက်ချက်တွေကို ပြန်ကြည့်လိုက်တဲ့အခါ ဒေါက်တာအေးမောင် ဟောပြောတာ တစ်ခုပဲရှိတယ်။ နောက် အထောက်အထား တစ်ခုမှ မရှိဘူး။ နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တာ မရှိဘူး။ မရှိတဲ့အတွက် သူ့ကို အရေးယူထားတာ မှားယွင်းတယ် ဆိုတဲ့ အကြောင်းပြချက်တစ်ခုပေါ့။

နောက်တစ်ခုက ဘာရှိလဲဆိုလို့ရှိရင် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီဥပဒေမှာ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ခုတည်းအတွက် ပြစ်မှုတစ်ရပ်နဲ့ပဲ တရားစွဲရမယ်ဆိုတာ ရှိတယ်။ အခု ဒေါက်တာအေးမောင်က ဟောပြောပွဲတစ်ခုပဲ လုပ်တာ။ သူတို့ကို အမှု ၃ မှုစွဲတယ်။ အဲ့ဒီအမှု ၃ မှုစွဲတဲ့ကိစ္စကလည်း ဒီဥပဒေနဲ့ ဆန့်ကျင်တယ် ဆိုပြီး တော့ခါ ကျနော်တို့ဘက်ပေါ့နော် လျှောက်လဲတင်ပြခဲ့တဲ့ တင်ပြချက်ပါ။



မေး-အဲ့ဒီတော့ ဒီလိုလျှောက်လဲချက်တွေပေးတဲ့ အပေါ်မှာ ပြည်နယ် တရားလွှတ်တော်က ဘယ်လို ဆုံးဖြတ်ချက်ပါသလဲ။

ဖြေ-ဆုံးဖြတ်တာကတော့ မဆုံးဖြတ်သေးဘူး။ မဆုံးဖြတ်သေးဘူးဆိုရင် ကျနော်တို့ကတော့ ဒီဥပဒေ အကိုးအကား၊ စီရင်ထုံးအကိုးအကားတွေကို အတတ်နိုင်ဆုံး ကျနော်တို့ဘက်ကတော့ ရှုထောင့်အစုံကနေ ပြည့်ပြည့်စုံစုံ တင်ပြပါတယ်။ တင်ပြတော့ အဲ့ဒီဟာအပေါ်မှာ ပြည်နယ် ဥပဒေချုပ်ရုံးကနေ အမှုလိုက်ပါတဲ့ ဒီဒုတိယ ပြည်နယ်ဥပဒေအရာရှိပေါ့၊ သူကနေ သက်သေ တစ်ယောက်တည်းပဲ စစ်ရပါသေးတယ်၊ ကျန်တဲ့ သက်သေတွေ မစစ်ရသေးဘူးဆိုတဲ့ အကြောင်း ပြချက်တစ်ခုပဲ သူအကြောင်းပြနိုင်တယ်။ သူအဲ့ဒီကိစ္စကိုလည်း ကျနော်တို့က ဒီ ၂ ရက်နေ့က စစ်ထားတဲ့ သက်သေထွက်ချက်တွေဟာ Part of Proceeding ဖြစ်တဲ့အတွက် သက်သေ တစ်ယောက်တည်း စစ်သော်လည်း ဒီအားလုံးကို စစ်ပြီးသကဲ့သို့ အဲ့ဒီဟာကို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ သူတို့တို့ဘက်ကနေ ခုခံတင်ပြတာကို ကျနော်တို့ ချေဖျက်နိုင်တယ်။

နောက်တစ်မျိုးက ဒီစကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဒီအပြစ်နှစ်ခုပဲ မပေးရတာ၊ တရားစွဲလို့ ရတယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒီကိစ္စကိုလည်းပဲ ကျနော်တို့ ဒီသူတို့ကိုးကားပြတဲ့ စီရင်ထုံး ဆိုတာ အရင်တုန်းက အင်္ဂလိပ်ခေတ်က ပြဌာန်းခဲ့တဲ့ General Code of Act ဆိုတာရှိတယ်။ အဲ့ဒီဥပဒေကို ကိုးကားပြတာ။ ကျနော်တို့ ကိုးကားတာ ၁၉၇၃ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုတဲ့ ဥပဒေ၊ ဒီဥပဒေကို ၇၃ မှာမှ ပြဌာန်းတယ်။ ပြဌာန်းတော့ အဲ့ဒီဥပဒေ ပြဌာန်းတဲ့အချိန်မှာ General Code of Act ဆိုတာ သူတို့ကိုးကားတဲ့ ဥပဒေကို ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက်လိုက်တော့ ပယ်ဖျက်ပြီးသား ဥပဒေတစ်ခုနဲ့ ဆိုင်တဲ့ စီရင်ထုံးတွေကို သူတို့ကနေ ကိုးကားပြတော့ ဟိုအဓိက လွဲချော်မှုတွေ အများကြီးရှိတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဖျက်ထားတဲ့ ဥပဒေနဲ့ဆိုင်တဲ့ဟာကို ရုံးပေါ်တင်ပြတော့ အဲ့ဒီလိုမျိုးတင်တာ တရားမဝင်ဘူး။ ကျနော်တို့က ဒီကျနော်တို့ ကိုးကားတာ ၇၃ ဥပဒေကို ကိုးကားတာ၊ သူပြောပြတာက ဟိုအင်္ဂလိပ်ခေတ်က General Code of Act ကို ကိုးကားတယ်။ အဲ့ဒီဥပဒေဟာ ၇၃ ခုနှစ်မှာ ပယ်ဖျက်ထားတယ်။ အဲ့ဒီဟာနဲ့ အကျုံးမဝင်ဘူးပေါ့။

အဲ့ဒီဟာကို အခြေခံပြီးတင်ပြတဲ့ နိုင်ငံတော်ဘက်ကနေ ကျနော်တို့ဘက်ကနေ တင်ပြတဲ့ဟာကို ထိထိရောက်ရောက် ခုခံချေပပြီး လျှောက်လဲတင်ပြနိုင်တာမရှိဘူး။ တင်ပြချက်အနေနဲ့ကတော့ ကျနော်တို့က ဒီတကယ့်ထိထိရောက် ကျနော်တို့ဘက်ကတော့ ရှုထောင့်စုံ အမှု ၃ မှုလုံးကို အကုန် တင်ပြနိုင်ပါတယ်။



မေး-အဲ့ဒီတော့လေ အဲ့ဒီ ပြည်နယ်တရားလွှတ်တော်ကနေပြီးတော့ လျှောက်လဲချက်တွေအပေါ် ဆုံးဖြတ်ချက်က ဘယ်နေ့ ထွက်လာမယ်လို့ ခန့်မှန်းရပါလဲ။

ဖြေ-အစောဆုံးက ပုံမှန်အားဖြင့်ဆိုရင် နှစ်ပတ်လောက်ပေါ့။ နှစ်ပတ်လောက်ဆိုလို့ရှိရင်တော့ ဒီအမိန့်တစ်ခု ချဖို့လို့ထင်တယ်။ အဲ့ဒီတော့ အမိန့်ချတဲ့နေမှာတော့ အမှုချိန်းထွက်လာပါလိမ့်မယ်။ အဲ့ဒီအမှုချိန်းထွက်လာတဲ့အခါ ဘယ်နေ့ ဆုံးဖြတ်မယ်ဆိုတာတော့ ကျနော်တို့ သိနိုင်တာပေါ့နော်။ အဲ့ဒီရောက်မှပဲ ပြောလို့ရမယ်။ အခုကတော့ ပုံမှန်အားဖြင့် ကျနော်တို့ အမှုကလည်း ၃ မှုဖြစ်နေတယ်။ ၃ မှုဆိုတော့ သူတို့ အနည်းဆုံး အချိန် နှစ်ပတ်လောက်ယူဖို့သဘောတော့ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဦးအောင်ကျော်စိန်ခင်ဗျား။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...