“ ရခိုင်လူငယ်ညီလာခံမှ အလားအလာကောင်းတွေထွက်လာလိမ့်မယ်လို့ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းမျှော်လင့်”

“ ရခိုင်လူငယ်ညီလာခံမှ အလားအလာကောင်းတွေထွက်လာလိမ့်မယ်လို့ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းမျှော်လင့်”

တောင်ကုတ်မြို့တွင် မေလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပနေသည့် ရခိုင်လူငယ်ညီလာခံနဲ့ ပတ်သက်ပြီး သမိုင်းပညာရှင် ဒေါက်တာအေးချမ်းအား နိရဥ္စရာ သတင်းဌာမှ မေးမြန်းထားသည့် အင်တာဗျူးအား ဖော်ပြပေးလိုက်ပါသည်။

မေး- ဒီရခိုင်လူငယ် ညီလာခံအပေါ် အမြင်လေး သိပါရစေ။

ဒေါက်တာ အေးချမ်း- ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းက အခုအနေအထားမှာ ဆိုလို့ရှိရင် အတော်ကို နောက်ကျပြီး ကျန်ခဲ့တာပေါ့။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ နိုင်ငံရေး ပိုင်းမှာတော့ တက်ကြွမှု ရှိပေမယ့် ဒီစီးပွားရေး၊ လူမှုရေးပိုင်းမှာ အရမ်းနောက်ကျပြီး ကျန်ခဲ့တယ်။

အခုလူငယ်တွေချထားတဲ့ ညီလာခံရဲ့ အခြေခံမူပေါ့လေ။ အခြေခံမူထဲမှာ ရခိုင်လူငယ်နဲ့ နိုင်ငံရေး၊ ရခိုင်လူငယ်နဲ့ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အရေး၊ ရခိုင်လူငယ်နဲ့ မူးယစ်ဆေးဝါး၊ အဲ့ဒီလိုမျိုးတွေ ချထားတာကိုတွေ့ရတယ်လေ။ အကုန်လုံး မူတွေကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ အတော်ကောင်းတယ်ခင်ဗျ။ အခု အတော်လေး လေးလေးနက်နက် ဆွေးနွေးကြတယ်။ ၅ ရက်တိတိ ဆွေးနွေးမယ်။ အဲ့ဒီမှာ ကျနော်တို့ လူငယ်တွေက အဖြေတစ်ခုရှာကြပါလိမ့်မယ်။

နောက်ထပ်ပြောချင်တာက ရခိုင်လူငယ်တွေဟာ အနာဂတ် ရခိုင်လူ့အဖွဲ့အစည်းကို ထုဆစ် ပုံဖော်တဲ့ နေရာမှာ ဘယ်အခန်းကဏ္ဍက ပါမလဲ။ အဓိကကျတဲ့ အခန်းကဏ္ဍက ပါရမယ် ဆိုတာကိုတော့ အားလုံးက လက်ခံထားကြတယ်။ ကျနော်တို့ လူကြီးပိုင်းကလည်း ဒီလိုပဲ လက်ခံထားကြပါတယ်။ ဆိုတော့ ဒီညီလာခံမှာ သူတို့ အဖြေရှာကြပါလိမ့်မယ်။

မေး-ဟုတ်ကဲ့။ ညီလာခံကနေ တကယ်တမ်းထွက်လာတဲ့ အဖြေတွေ၊ ဆုံးဖြတ်ချက်တွေကိုကော လူငယ်တွေ အနေနဲ့ လက်တွေ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ဆရာအနေနဲ့ ဘယ်လို အကြံအဉာဏ်များ ပေးလိုပါသလဲ။

ဖြေ-ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့ညီလာခံမှာပေါ့လေ။ ကျနော်ကိုတော့ ပညာရှင် တစ်ယောက် အနေနဲ့ သူတို့ဖိတ်တာပဲ။ ကျန်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်တယ်။ ရခိုင်အမျိုးသားပါတီကို ဖိတ်တယ်။ နောက် NLD ကို ဖိတ်တယ်။ နောက်ပြီးတော့ ကြံ့ခိုင်ရေးပါတီကို ဖိတ်တယ်။ နောက်ပြီးတော့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖိတ်တယ်ပေါ့လေ။ ဒီနိုင်ငံရေးပါတီတွေကလည်းပဲ တစ်သဘောတည်းရှိတာကို တွေ့ရတယ်။ ဒီနိုင်ငံရေး အယူအဆတွေ ကွဲလွဲသည့်တိုင်အောင် ဒီရခိုင်လူငယ်တွေရဲ့ အခုလိုအဖြေရှာပြီး ရရှိလာတဲ့ ရလဒ်တွေအပေါ်မှာ နိုင်ငံကို တည်ဆောက်သွားတဲ့ နေရာမှာ၊ ဒီရခိုင့်လူ့အဖွဲ့အစည်းကို ပြန်ပြီးတည်ဆောက်သွားတဲ့နေရာမှာ သူတို့ အားလုံးကလည်းပဲ ဒီအခြေခံတွေနဲ့ အတူ ပံ့ပိုးကူညီဖို့ အဖြေမှန်ကို ရအောင်ရှာရမယ်။ ဒီဟာကိုလည်း အကောင်အထည်ဖော်ပေးရမယ်။ အကောင်အထည် ဖော်တဲ့ နေရာမှာလည်း အကူအညီပေးရမယ်။ လူငယ်တို့ကို ကူညီရမယ်ဆိုတဲ့ သဘောမျိုးကို ပြောသွားကြတယ်ခင်ဗျ။

မေး-ဟုတ်ကဲ့။ လူငယ် ညီလာခံကို ကိုယ်တိုင်တက်ရောက်နေသူ တစ်ဦးဆိုတော့ ဒီလူငယ်ညီလာခံနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေ၊ တိုင်ရင်းသား ညီအစ်ကို မောင်နှမတွေကိုကော ဘယ်လိုများ အမှာစကားပြောချင်ပါသလဲ။ 

ဖြေ-ဒီညီလာခံကတော့ အတော်ကို ရည်ရွယ်ချက်၊ ဦးတည်ချက် တော်တော်ကောင်းပါတယ်။ ကျနော်တို့ အနှစ် ၇၀ လောက် ကြာပြီးမှ ပြန်ပြီးတော့ ရခိုင်လူငယ်တွေ ဒီညီလာခံကို ကျင်းပ နိုင်တာဖြစ်တယ်။ အဲ့ဒါကြောင့်လည်းပဲ ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။ ကောင်းတဲ့ အလားလာ တစ်ခုလို့ပဲ ကျနော်ယူဆပါတယ်။

နောက်တစ်ခုက ဆိုလို့ရှိရင် ကျနော့်တို့ဘက်က အမြဲတမ်း ရခိုင်လူငယ်တွေအတွက် စဉ်းစားရမယ့် အချက်တွေ အများကြီး ရှိနေပါတယ်။ အခု ရခိုင်လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေတာတွေ၊ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးဟာ အတော်လေးကို ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဒီဟာအပေါ်မှာ သူတို့အားလုံး အဖြေရှာကြပါလိမ့်မယ်။ ဘယ်လို လူငယ်ချင်း ထိန်းသိမ်းသွားကြမယ် ဆိုတာကိုလည်းပဲ သူတို့ စဉ်းစားကြပါလိမ့်မယ်။ အဲ့ဒီအတွက်ကတော့ တော်တော်ကို အလားအလာကောင်းတွေ ထွက်လာမယ်လို့ ကျနော်ယူဆပါတယ်ခင်ဗျ။

(ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ )

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...