မွန်အမျိုးသား ကိုယ်စားပြုပါတီဟု ဆိုသောအခါ

မွန်အမျိုးသား ကိုယ်စားပြုပါတီဟု ဆိုသောအခါ
by -
ဗညားအောင်
AMDP,MNP, NMSP ပါတီခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲ(photo: BNA)
AMDP,MNP, NMSP ပါတီခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲ(photo: BNA)

မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေ ညီစားစခန်းမှာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လုပ်ငန်းစဉ် ရှင်းလင်းပွဲ ကျင်းပအပြီး AMDP,MNP, NMSP ပါတီခေါင်းဆောင်များ တစ်နာရီကြာခန့် အချိန်ယူ၍ မွန်ပါတီပေါင်းစည်းရေး အလွတ် သဘော ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ကြပါသည်။

ထို ဆွေးနွေးပွဲကို မိမိအနေဖြင့် တက်ရောက် လေ့လာခွင့်ရခဲ့ပြီးနောက် ယခု အပြုသဘောဆောင်သော ဆောင်းပါး တပုဒ်ကို ရေးသား တင်ပြလိုခြင်း ဖြစ်သည်။

ယင်းသို့ အလွတ်သဘော ဆွေးနွေးပွဲ စလိုက်သည်နှင့်ပင် ဇန်နဝါရီလက ကျင်းပ ပြီးစီးခဲ့သည့် မွန်နိုင်ငံရေး ညီလာခံ (Mon Political Conference) မှ ဆုံးဖြတ်ချက် ချမှတ်ပေးထားသော “မွန်အမျိုးသား ကိုယ်စားပြုပါတီ” ဆိုသည့် စကားလုံးက ဆွေးနွေးပွဲဝိုင်းအတွင်း ဦးစွာ နေရာယူ ဝင်ရောက်လာသည်။

အနှစ် ၆၀ ကျော် တော်လှန်ရေး ကာလအတွင်း ဘဝများကို ပုံအပ်၍ အသက်သွေး၊ ချွေး ပေးဆက်ခဲ့ရသော လက်နက်ကိုင်ပါတီ တစ်ရပ်၊  နိုင်ငံတော် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် မွန်အမျိုးသား ကိုယ်စားပြုပါတီ ဖြစ်/မဖြစ် စဉ်းစားစရာ ဖြစ်လာသည်။

အလားတူ ၁၉၉၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ၃ နေရာ ရရှိခဲ့သည့် မွန်အမျိုးသားပါတီ(MNP)နှင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၁ နေရာ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် ၁၆ နေရာအထိ ရရှိအောင် မွန်ပြည်သူများ မဲပေးခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ(AMDP) တို့ကိုလည်း  မွန်ကိုယ်စားပြုပါတီ ဟုတ်/မဟုတ် စဉ်းစားစရာ ဖြစ်လာရ ပြန်သည်။

ထို့ကြောင့် မိမိတို့ တစ်ဦးတည်းပိုင်အဖြစ် သတ်မှတ်လိုသည့် “မွန်အမျိုးသား ကိုယ်စားပြုပါတီ” ဆိုသည့် ဝိဝါဒ အငြင်းပွားစရာ ဝေါဟာရအဓိပ္ပါယ် သတ်မှတ်မှုတွေကြောင့် မွန်တစ်ပါတီ ဖြစ်လာရေးထက် ဆိုရှယ်မီဒီယာ(လူမှု ကွန်ယက်ခေတ်) ခေတ်မှာ သင်းကွဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အပုပ်ချ မှုများသာ ပို၍ ကြီးထွားလာနေသည်ကို သတိပြု မိသည်။

မွန်နိုင်ငံရေး ညီလာခံ (Mon Political Conference) မှ ဆုံးဖြတ်ချက် ချမှတ် ပေးထားသည့်အတိုင်း မွန် အမျိုးသား ကိုယ်စားပြုပါတီ အကောင်အထည် ဖော်ဆောင်ရေး၂၁ ဦးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ ပြီးနောက်ပိုင်းမှာ မွန်အမျိုးသား ကိုယ်စားပြုပါတီ တစ်ရပ်အား ၆ လအတွင်း အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ တို့ကို တွေ့ဆုံ ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့ ပါသည်။

အနာဂတ်တွင် ဖွဲ့စည်းသွားမည့် မွန်အမျိုးသား ကိုယ်စားပြုပါတီ တစ်ရပ်တွင် မည်သည့် ပါတီမှ မကျန်ရှိစေဘဲ မွန်နိုင်ငံရေး သမားများ အားလုံးနှင့် မွန်ပါတီများ ပါဝင်နိုင်စေရန် ၂၁ ဦးအဖွဲ့မှ အထက်ပါ မွန်ပါတီကြီး ၂ ပါတီ အား တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် AMDP နှင့် MNP ပါတီတို့မှာ ၄င်းတို့ ၂ ပါတီ ပေါင်းစဉ်းရေးကို အဓိက ကြိုးပမ်းနေ (သို့တည်းမဟုတ်) မွန်ပြည်သစ်၏ NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အတူလိုက်ပါ ဆောင်ရွက်နေရသည်ကို အကြောင်းပြ ထားသလို မွန်နိုင်ငံရေး ညီလာခံကိုလည်း အသိအမှတ်မပြု၊ မတက်ရောက် ခဲ့သည်ဆိုသည့် မီဒီယာ အင်တာဗျူးများကို သုံးသပ်ပါက ၂၁ ဦးအဖွဲ့ကို လက်ခံတွေ့ဆုံမည်ဟု မထင်မိကြောင်း သုံးသပ်နိုင်မည်။

အဆိုပါ Mon Political Conference မှ ဆုံးဖြတ်ချ မှတ်ပေးထားသည့်ကာလ ၃ လကျော် လာသည့်အတွက် လာမည့် မေလအတွင်း ဒုတိယအကြိမ် Mon Political Conference ထပ်မံ ခေါ်ယူကျင်းပရန် ၂၁ ဦးအဖွဲ့မှ မြို့နယ်များ ဆီသို့ သွားရောက်ပြီး ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် မွန်နှစ်ပါတီ မပေါင်းစည်းနိုင်မီ အဆိုပါ ဒုတိယအကြိမ် မွန်နိုင်ငံရေး ညီလာခံ ကျင်းပပြီးပါ က  နောက်ထပ် မွန်ပါတီသစ်တစ်ခု ထပ်တိုးလာမည်ဟုလည်း ကြိုတင် ဟောကိန်းထုတ် တွက်ဆ ထားသူများ ရှိနေသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် မွန်ပါတီတွေ မပေါင်းစည်းနိုင်သေးဘဲ နောက်ထပ် မွန်ပါတီသစ် တစ်ခု ပေါ်ပေါက်လာမှာကို လက်မခံနိုင်ဟု သဘောထားမှတ်ချက် ပေးထားသည်ကို တွေ့ရှိရသည်။

တဖက်တွင်လည်း AMDP နှင့် MNP နှစ်ပါတီတို့ အမြန် ပေါင်းစည်းသွားရန် NMSP ဆက်လက် တိုက်တွန်းထား သော်လည်း ၂၀၁၈ နှစ်ကုန်အထိ ပေါင်းစည်းရေး ဖြစ်မလာပါက ၎င်း ၂ ပါတီ အပေါ် ထားရှိသော မွန်ပြည်သစ်ပါတီ(NMSP) သဘောထား ရပ်တည်ချက်များ ပြောင်းလဲရလိမ့်မည်ဟု ဆိုသည်။

ဤနေရာတွင် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားပါတီတို့ ၂ ပါတီမှာ မဟာမိတ် အဆင့်တွင် ရပ်တည်လျက်ရှိပြီး AMDP ကို NMSP အနေဖြင့် မည်သည့်အဆင့်မှာ သဘောထားရှိသည်ကို တိကျ ပြတ်သားသော ထုတ်ပြန် ချက်များ မတွေ့ရှိရသဖြင့် ၂ ပါတီ ပေါင်းစည်းရေးတွင် NMSP အလယ်ဒိုင်လူကြီး မဖြစ်နိုင်ဟု ဝေဖန်ပြောဆို မှုများလည်း ရှိနေသည်။

လက်ရှိတွင် AMDP နှင့် MNP တို့၏ ၂ ပါတီ ပေါင်းစည်းမည်ဟု ဆုံးဖြတ်ချက် ချမှတ်ထားပြီး ဆိုသော်လည်း မည်သည့် အချိန်အခါတွင် ပေါင်းဖြစ်ကြမည်ကို ကာယကံရှင် ပါတီ ခေါင်းဆောင်များကပင်  မခန့်မှန်းနိုင်သေး သည့် အနေအထားမှာပဲ ရှိနေသည်။

သို့ရာတွင် အကောင်းဘက်ကို ထောက်ပြ နေသူများက မွန် ၂ ပါတီ မပေါင်းစည်း နိုင်သော်ငြား ၂ ပါတီ တွေ့ဆုံ နိုင်ခြင်းက အပေါင်းလက္ခဏာဟု ရှမြင််ကြပြီး ၂ ပါတီ ပေါင်းစည်းရေးအတွက် အဆုံးအဖြတ် ပေးနိုင်သည့် နှစ်ဖက် ထိပ်သီး ခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် အခင်း အကျင်း တစ်ခု လိုအပ်နေသည်ဟု ဆိုကြသည်။

တဖက်တွင်လည်း အကယ်၍ ၂ ပါတီ ပေါင်းစည်း နိုင်ခဲ့ပြီဟု ဆိုဦးတော့ ဂိုဏ်းဂဏ အမွေဆက်ခံ တတ်သည့် တချို ့သော မွန်မျိုးချစ်များမှာ အနည်းဆုံး အုပ်စု ၂ ခု အပြိုင်အဆိုင် ရှိတတ်သဖြင့် ဖြစ်ပေါ်လာမည့် ပါတီသစ် အတွင်းမှာပင် အနည်းဆုံး အုပ်စု ၂ ခု မရှိနိုင်ဘူးလားဟု ဝေဖန် ပြောဆိုနေသူများလည်း ရှိနေသည်။

ထို့ကြောင့် မူလအုပ်စု ၂ ခုမှ ယခုအခါ ၃ အုပ်စုအသွင်ပြောင်းလဲသွားနိုင်ပြီး အမြင်များ ပိုမိုကွဲပြား လာသော အခါ အမျိုးသား ညီညွတ်ရေး ခေါင်းစဉ်အောက်မှာ ဖြေရှင်းကြရမည့် နည်းလမ်းများက ပို၍လေးနက်ခက်ခဲ လာမည် ဖြစ်သည့်အတွက် မည်သည့်ပါတီက မွန်အမျိုးသား ကိုယ်စားပြု သနည်းဟု စဉ်းစားရင်းနှင့့် အချိန်သာ ကုန်ဆုံး လာနေသည်ကို သတိပြုမိစေလိုပါကြောင်း တင်ပြလိုက်ပါသည်။

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...