သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ မိန့်ခွန်းများအပေါ် သဘောထားအမြင်

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ မိန့်ခွန်းများအပေါ် သဘောထားအမြင်
by -
မောင်ကျော်စွာ

ဒီချုပ်ပါတီက အစိုးရတာဝန်ယူထားတဲ့ သက်တမ်းကို သမ္မတဦးထင်ကျော် တာဝန်ယူခဲ့တဲ့ ၂နှစ်နဲ့ သမ္မတဦးဝင်းမြင့် ဆက်လက် တာဝန်ယူမယ့် သက်တမ်းအဖြစ် အပိုင်း ၂ပိုင်း ခွဲခြားပစ်ခဲ့ပြီ။ ၂၀၁၈ခုနှစ်၊ မတ်လ ၂၁ရက်နေ့မှာ သမ္မတ ဦးထင် ကျော် သမ္မတတာဝန်မှ အနားယူခဲ့ပြီး မတ်လ ၃ဝရက်နေ့မှာ ဦးဝင်းမြင့်က ဦးထင်ကျော်ရဲ့နေရာကို ဆက်ခံကာ သမ္မတသစ် ဖြစ်လာခဲ့ပါပြီ။ 

ဒီလိုသမ္မတတာဝန်ကို လူပုဂ္ဂိုလ်တစ်ဦးကနေ အခြားလူပုဂ္ဂိုလ်တစ်ဦးထံ လွှဲပြောင်းတာဟာ သိပ်ပြီး ကြီးကျယ်ထင်ရှား ထူးခြားတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ လွှတ်တော်ထဲမှာ မဲအပြတ်အသတ် သာလွန်နေတဲ့ ဒီချုပ်ပါတီအဖို့ သတ်မှတ် ထားပြီးသား ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားရုံမျှသာ ဖြစ်ပါတယ်။ 

အခြားအပိုင်းတစ်ပိုင်းဖြစ်တဲ့ အစိုးရပေါ်လစီ မူဝါဒအပိုင်းမှာရော အဓိက ဦးစားပေးလုပ်ဆောင်မယ့် လုပ်ငန်းဆိုင်ရာပိုင်းမှာရော သိပ်ကိုကြီးမားပြီး ထင်ရှားတဲ့ အပြောင်းအလဲ လို့လည်း တစုံတရာမှ မတွေ့မြင်မိသေးပါဘူး။ ထင်သာမြင်သာရှိတာတော့ တာဝန်ထမ်းဆောင်ဆဲ သမ္မတဦးထင်ကျော်က တာဝန်မှ အနားယူသွားပြီး ယခင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်သမ္မတဖြစ်လာတဲ့အချက်ပါပဲ။

ကြားဖောက်ပြီး ပြောရမယ်ဆိုရင်တော့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်နိုင်ခြင်းနဲ့ပတ်သက်ပြီး “အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်” မိန့်ခွန်းထဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့် သွင်းပြောကြားခဲ့ပါတယ်။

“ယခု ကျွန်မတို့ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်း ဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတတစ်ဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့်သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များ အားလုံး ရဲ့ဂုဏ်ရောင်ပဲ ဖြစ်ပါတယ်။”

မျိုးဆက်က ဒီချုပ်ပါတီက ဘယ်လိုသတ်မှတ်သလဲတော့ မသိပါဘူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြ ပြီး တစ်ဆက်တည်း နိုင်ငံရေးထဲမှာ ခြေစုံပစ် ပါဝင်လှုပ်ရှားနေသူတွေကို ပထမမျိုးဆက်လို့ပဲ မှတ်ယူရမှာ မဟုတ်ပါလား။ ၁၉၈၈ အရေးအခင်းကြီးဖြစ်တော့ ဦးဝင်းမြင့်အသက်ဟာ ၃ရနှစ်ပဲ ရှိပါသေးတယ်။ ဦးဝင်းမြင့်ဟာ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ခုနှစ် ရွေး ကောက်ပွဲတွေမှာ အရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ “ဒုတိယမျိုးဆက်” ဆိုတာဟာ ဒီချုပ်ပါတီကို ခေါင်းဆောင်တဲ့ ပါတီဗဟိုကော် မတီကို အခြေတည်ပြီး သတ်မှတ်သလားတော့ မသိပါဘူး။

ဦးဝင်းမြင့် သမ္မတဖြစ်လာတော့ ဘာတွေလုပ်ဆောင်မလဲ။ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဘယ်အချက်တွေကို အလေး ထားပြီး ထည့်သွင်း ပြောကြားခဲ့သလဲ။

မျက်မှောက်ကာလအပေါ်အကဲဖြတ်ချက်နဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်ပထမဆုံးမိန့်ခွန်း (ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်သည့် ကတိသစ္စာပြုပွဲ အခမ်းအနား) ပြောကြားချက်ထဲကနေ ကောက်နုတ်ပြရရင် “ဒီနေ့၊ ဒီအချိန်အခါဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ခေတ်ပြောင်းစနစ်ပြောင်း ကာလဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလရဲ့ အစပိုင်းပဲ ရှိပါသေး တယ်”လို့ ဆိုထားပါတယ်။

သက်တမ်း (၂)ပြည့်မြောက်ခဲ့ပြီးတဲ့ ကာလမှာ “ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့အစပိုင်းပဲ ရှိသေးတယ်” ဆို တော့ ကျန်တဲ့ ၃နှစ်အတွင်းမှာ ဘယ်အတိုင်းအတာအထိ ခရီးပေါက်နိုင်မလဲ။ ခရီးရောက်နိုင်မလဲ။

ဦးဝင်းမြင့် ပထမဆုံးမိန့်ခွန်းထဲက “ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက် ပန်းတိုင်တွေ”ကို ကြည့်ပြန် တော့လည်း အချက်အလက်တချို့ ဖြည့်စွက်ပေါင်းစပ်ထားတာကလွဲလို့  ဦးထင်ကျော်ရဲ့ပထမဆုံးမိန့်ခွန်းနဲ့ ထူးပြီး ကွဲလွဲခြားနား နေတဲ့ အချက်တစုံတရာမျှ မတွေ့မမြင်မိပါဘူး။

သမ္မတသစ် ဦးဝင်းမြင့် ပြောကြားချက်ထဲက ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေက 

၁။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး 

၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး 

၃။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာတွေဖြစ်ပါတယ်။ ဒါတွေဟာ ဖတ်ကြည့်တာနဲ့ စိတ်ချမ်းသာစရာကောင်းပါတယ်။ ကျန်နေတဲ့ သက်တမ်း ၃နှစ်အတွင်းမှာ ဒီအချက်တွေဘယ်လောက်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာကတော့ လက်တွေ့နဲ့ အဖြေပေးရမယ့် ကိစ္စသာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတမိန့်ခွန်းသတင်းစာဖော်ပြချက်မှာ စာလုံးအမည်း (bold letter)နဲ့ အလေးထားဖော်ပြထားတဲ့ လုပ်ငန်း တွေလည်း ရှိပါသေးတယ်။ ဒီအချက်တွေက အထက်ပါ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်သဘော ဆောင်ပါတယ်။

ဒီအထဲမှာ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေအားလုံးရဲ့ “ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေ ကားချပ် အလေ့အထတွေအားလုံး”ကို ပြုပြင်ပြောင်းလဲပေးကြဖို့ သမ္မတသစ်က အထူးလိုအပ်တယ်လို့ ဆော်သြထားတာ သတိ ပြုမိပါတယ်။ သမ္မတက အထူးပြုပြီး အရေးယူကိုင်တွယ်မယ်လို့ ယူဆရမယ့်လုပ်ငန်းတွေကို (သမ္မတမိန့်ခွန်းထဲအတိုင်း စဉ် ကြည့်လိုက်တော့) နယ်ပယ်တစ်ခုချင်းအလိုက် ကြည့်လိုက်တော့ --

-    ဌာနဆိုင်ရာအဖွဲ့အစည်းတွေ (ဒီလို ယေဘုယျဆိုထားတော့ စစ်တပ်၊ ရဲတပ်တို့လည်း ပါရမှာပေါ့) 

-    တရားစီရင်ရေး 

-    အဂတိလိုက်စားမှုတိုက်ဖျက်ရေး 

-    လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး 

-    မူးယစ်ဆေးဝါး နှိမ်နင်းရေး 

-    ပြည်သူ့ဘဏ္ဍာငွေများ အလေအလွှင့် ဆုံးရှုံးမှုမရှိစေရေး 

-    ဥပဒေမဲ့ သိမ်းဆည်းခံ လယ်ယာမြေများကိစ္စ 

-    တောင်သူလယ်သမားများ လူနေမှုဘဝ မြင့်မားတိုးတက်ရေး 

-    အလုပ်သမားများ ဘဝသာယာစိုပြေရေး 

-    ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး 

ဆိုပြီးတွေ့ရပါတယ်။ ဒီနယ်ပယ်တွေနဲ့ လုပ်ရမယ့်လုပ်ငန်းတွေကို တချက်ကြည့်ရုံနဲ့ အင်မတန်ကျယ်ပြန့်ပြီး ကြီးလေးတဲ့ လုပ်ငန်း တာဝန်ကြီးတွေဖြစ်တယ်ဆိုတာကို အလွယ်တကူမြင်နိုင်ပါတယ်။ တော်လှန်ရေးကြီးတစ်ရပ်သဖွယ် ကြီးမားလှတဲ့ လုပ်ငန်းတာ ဝန်တွေလို့ ပြောရင်လည်း ရလိမ့်မယ်လို့ ထင်ပါတယ်။ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းတွေက ကျေနပ်စရာတွေပါ။ လက်တွေ့အ ကောင်အထည်ဖော်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုပဲ ရင်ထဲမှာ တထိတ်ထိတ် ရှိနေတာပါ။ ဒီလိုစိုးရိမ်တာကလည်း ဒီချုပ်ပါတီက ခေါင်းဆောင်တွေရဲ့ ဖြတ်သန်းမှုနဲ့ “သီလ၊ သမာဓိ၊ ပညာ”ကို သံသယရှိလို့ မဟုတ်ပါဘူး။

၂၀၀၈ အခြေခံဥပဒေရဲ့ အကန့်အသတ်တွေ၊ တုပ်နှောင်ထားမှုတွေ၊ နှစ်ပေါင်းများစွာ အခြေကျ အရိုးစွဲနေတဲ့ စစ်ဗြူရို ကရေစီယန္တရား၊ တိုင်းပြည်ရဲ့ အသက်သွေးကြော စီးပွားရေးလုပ်ငန်းကြီးတွေမှန်သမျှ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ စစ်ခရိုနီ အရင်းအနှီးတွေ၊ သူတို့ ချုပ်ကိုင်ထားတဲ့ အကျိုးစီးပွားအရင်းအမြစ်တွေကို “နိုင်ငံရေးအရ၊ စီးပွားရေး၊ ဥပဒေအရ” ထိပါးလာရင် ဘာမဆိုလုပ်ဖို့ ဝန်မလေးတဲ့ စစ်အုပ်စု စတဲ့ စတဲ့ အချက်တွေကြောင့် စိုးရိမ်နေရတာပါ။ သမင်မွေးရင်း ကျားစားရင်း၊ အိတ် ပေါက်နဲ့ ဖားကောက်ဆိုတာလို ဖြစ်နေမှာကို စိုးရိမ်တဲ့စိတ်နဲ့ စိုးရိမ်တာမျိုးပါ။ တနည်းအားဖြင့်ပြောရရင် သမ္မတသစ် ဦးဝင်းမြင့် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေက အရိုးရင့် အမွှေးရှည် ကျားငစဉ်းလဲကို နဖားကြိုးတပ်ပြီး ကုပ်တက်ခွစီးရမယ့်ကိန်း ဖြစ်ပါ တယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မိန့်ခွန်းပြောနေရာကနေ “သမ္မတကြီးရဲ့ မိန့်ခွန်းက အရေးကြီးပါတယ်”လို့ အလေးအနက် ထောက်ပြပြောဆိုလိုက်တော့ အရေးကြီးတာရဲ့ရှေ့ကို စိုးရိမ်မှုက ကျော်တက်သွားပါတယ်။ ဒီစိုးရိမ်မှုကို ဖြေပျောက်ပေးနိုင်မယ့် အရာကတော့ လက်တွေ့လုပ်ဆောင်ပြခြင်းဆိုတဲ့ ကိစ္စပဲရှိပါတယ်။ဒီကိစ္စအတွက်လို့ ထင်ရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အစိုးရတာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့်” မိန့်ခွန်းထဲမှာ သန္နိဋ္ဌာန်ချ ထားကြောင်း အခုလို ပြောပါတယ်။

“ယခုလာမယ့် မြန်မာသက္ကရာဇ် ၁၃၈ဝခုနှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား”ကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်”တဲ့။ အဲဒီမိန့်ခွန်းထဲမှာ “စုပေါင်းအင်အား” ဆိုတဲ့ စကားရပ် ၅ ကြိမ် ပါရှိပါတယ်။ ဒါပေမယ့် “စုပေါင်းအင်အား” ဆိုတာ ဘယ်လိုအင်အားစုတွေ ပါဝင်စုဖွဲ့ထားသလဲ ဆိုတဲ့အချက်ကတော့ အခု ချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ “စုပေါင်းအင်အား” ဆိုတာ သိမ်မွေ့တဲ့အင်အား (soft power)တွေနဲ့ချည်း ဖွဲ့စည်းထား တာလား။ မဖြစ်မနေ လိုက်နာရတဲ့အင်အား (hard power) ရော မပါဘူးလား။



စုပေါင်းအင်အားဆိုတာကို ဖော်ထုတ်ဆိုရာမှာတော့ အားလုံးလက်ခံနိုင်တဲ့ “စုပေါင်းရည်မှန်းချက်၊ စုပေါင်းဦးဆောင်မှု၊ စုပေါင်းလုပ်ငန်းစဉ်”တွေ တိတိကျကျရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံ့လွတ်လပ်ရေးကို ချီတက်လျှောက်လှမ်းခဲ့ကြရာမှာ ကွယ်လွန် သွားကြပြီဖြစ်တဲ့ တိုင်းပြုပြည်ပြုခေါင်းဆောင်တွေဟာ “ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ ပြည်သူ့လွတ်လပ်ရေး” ဆိုတဲ့ တိကျရှင်း လင်းတဲ့ ရည်မှန်းချက်အတွက် (ဖတပလ)ကို နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ တိုင်းချစ်ပြည်ချစ်လူပုဂ္ဂိုလ်တွေနဲ့ စုဖွဲ့ခဲ့ကြပါ တယ်။ “ဘမော် - ဘမော် အို့ အို့” လို့ ကြွေးကြော်ပြီး ဆန့်ကျင်ခဲ့ကြတဲ့ သခင်လူငယ်ကျောင်းသားတွေဟာ ဒေါက်တာဘမော်နဲ့ ထွက်ရပ်ဂိုဏ်း ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ သမိုင်းလက်တွေ့ထဲက “စုပေါင်းအင်အား” ဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ “စုပေါင်းအင်အား” ဆိုတာ ဘာလဲ။

အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်သူနာကျင်မယ့် နည်းလမ်းကို မရွေးဘူး။ မလုပ်ကိုင်ဘူး။ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတာ လည်း ဘဝင်မကျဘူး။ လမ်းမပေါ်က ဆန္ဒပြတဲ့ နည်းလမ်းလည်း မနှစ်မျို့ဘူး။ မသုံးချင်ဘူး”လို့ အဆိုပါနည်းလမ်းတွေကို ကြိုတင် ပစ်ပယ်ထားပြီးသားဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရွေးချယ်မယ့် နည်းလမ်းက ဘယ်လမ်းအမျိုးအစားလဲ။ 

“၂၀၀၈အခြေခံဥပဒေဘောင်ထဲကလမ်း၊ လွှတ်တော်တွင်းနည်းလမ်း” ဆိုရင်တော့ ပြည်သူတွေပါစရာ ဘယ်လိုတော့ မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတာပဲ။ “ကျွန်မတို့ပါတီ အပြတ်အသတ်နိုင်အောင်သာ မဲပေးပါ။ ကျန်တာ ကြည့် လုပ်ပါမယ်” ဆိုတဲ့စကားလည်း ရှိတာပဲလေ။ ဒါ့အပြင် “စုပေါင်းအင်အား” ဆိုတာ လွှတ်တော်ထဲမှာဆိုရင်တော့ ရွေးချယ်ခံ အမတ်တွေ အားလုံးရဲ့အင်အားပဲ ဖြစ်မှာပေါ့။ အဲဒီလို “စုပေါင်းအင်အား”နဲ့ သမ္မတသစ် ဦးဝင်းမြင့်ရဲ့အပြောင်းအလဲလုပ်မယ့် “မာတိကာ”ထဲက ကိစ္စတွေကို တကယ်တမ်း ပြောင်းလဲနိုင်မလား။

နိဂုံးချုပ်ရရင်၊ သမ္မတသစ်ဦးဝင်းမြင့်မိန့်ခွန်းထဲက ကျယ်ပြန့်ကြီးမားတဲ့ လုပ်ငန်းတာဝန်တွေရယ်။ ကျန်ရှိနေတဲ့ အချိန် ကာလရယ်၊ ကြီးစွာသော အတားအဆီးအနှောင့်အယှက်အကန့်အသတ်တွေဖြစ်တဲ့ “၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲ ဥပဒေအနှောင်အဖွဲ့တွေ၊ စစ်ဗြူရိုကရေစီယန္တရား၊ စစ်ဗြူရိုကရက် လက်ဝါးကြီးအုပ်အရင်းအနှီး၊ ခေါက်ရိုးကျိုးပုံသေကားချပ်ဖြစ် နေတဲ့ စိတ်ဓာတ်တွေ”ကို နှိုင်းယှဉ်မိတော့ ဝန်နဲ့အား မမျှမတဖြစ်တာကို တွေ့မြင်ရကြောင်း တင်ပြလိုက်ပါတယ်။ 

ညွန်း 

- “နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိန့်ခွန်း” မြန်မာ့အလင်းသတင်းစာ (၃၁- ၃ -၂၀၁၈)

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မြန်မာ့အလင်းသတင်းစာ (၂-၄-၂၀၁၈)

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...