“အမှားကို ပြုပြင် အမှန်ကို တည်ဆောက်”

“အမှားကို ပြုပြင် အမှန်ကို တည်ဆောက်”

ဒီမိုကရေစီစနစ်သည် ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်သော်လည်း အခြားစနစ်များထက် သာလွန်သည်ဟု ပြောနိုင်ကြောင်း ဒုတိယအကြိမ် လွှတ်တော် (၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

တဆက်တည်းမှာပင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်များသည်အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရေးတာဝန်များ ထမ်းဆောင်ရာတွင် တိုးတက်မှုရှိလာကြောင်း၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုသည်မှာ မဏ္ဍိုင်တစ်ခုနှင့် တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ကြောင်း၊အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရင်း ညှိနှိုင်းဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

မည်သည့် စနစ်၊ မည်သည့်လုပ်ငန်းစဉ်တွင်မဆို အားနည်းချက်၊ အားသာချက်ဟူ၍ ရှိစမြဲဖြစ်သည်။ အားနည်းချက်တစ်စုံတစ်ရာ တွေ့မြင်ပါလျက် လမ်းကြောင်းမှန်ပေါ် ရောက်အောင် မထိန်းကျောင်းခြင်း၊ ညှိနှိုင်းဆောင်ရွက်မှု မရှိခြင်းသည် အမှားကို အားပေးအားမြှောက်ပြုခြင်းပင် ဖြစ်သည်။

အမှားဟူသည် မမှန်ကန်သော၊ အမှန်၏ ဆန့်ကျင်ဖက်ဖြစ်သော သဘောတရားဖြစ်သည်။ အမှားကို အမှားမှန်းသိခြင်းသည် ပညာမည်၏။ မိမိ၏အမှားကို မှားမှန်းသိသည်နှင့် ချက်ချင်းပြုပြင်ရမည်။ အခြားသူက အမှားကို ထောက်ပြထိန်းကျောင်းလာလျှင်လည်း မှားရိုးမှားစဉ်ဖြစ်ရပ်ဟု ဆင်ခြေပြု၍ ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ အမှားမလွန်ခင်အမှန်ပြင်ရပေမည်။

အထူးသဖြင့် တိုင်းပြည်၏ မဏ္ဍိုင်(၄) ရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် မီဒီယာ၊ အသီးသီးတို့သည် အမှန်တရားကို မဖြစ်မနေ တည်ဆောက်မည်ဆိုသည့် ခံယူချက်ဖြင့် အချင်းချင်းတည့်မတ် ထိန်းကျောင်းနိုင်ရမည်။

သို့မှသာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များပီပီပြင်ပြင် အောင်မြင်မှု ရရှိပေမည်။ ချော်လဲ ရောထိုင် ဆိုသကဲ့သို့ အမှားပေါ် အမှားဆင့်ခြင်းမျိုး မဟုတ်ဘဲ တိမ်းစောင်းသည်ကို သိသည်နှင့် ချက်ချင်းတည့်မတ်အောင် ကြိုးစား၍ အမှားကိုပြုပြင်ရင်း အမှန်ကို တည်ဆောက်ကြပါစို့ဟု ဟင်္သာမီဒီယာမှ တိုက်တွန်းနှိုးဆော် ရေးသားလိုက်ပါသည်။

 

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...