ဘိန်းအစားထိုးမယ်
အကောင်ဖြူဖြူလေးနဲ့ အမွေးထူထူရှိတဲ့ သိုးကလေးတွေဟာ ဘုရားကျောင်းဝန်းထဲမှာ သွားလာလှုပ်ရှားနေပါတယ်။ သူတို့တွေဟာ ကျောင်းဝန်းထဲမှာ စိုက်ထားတဲ့အလှပင်၊ သီးပင်စားပင်တွေ တွေ့သမျှကို လိုက်စားနေပါတယ်။
ကယားပြည်နယ် ရဲ့ အဓိက ဘိန်းစိုက်ပျိုးတဲ့ ဒေသတချို့ ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁ရခု အောက်တိုဘာ လပိုင်းလောက်မှာ ဘိန်းအစားထိုးဖို့ ဆိုပြီး စီမံချက်နဲ့ သိုးကောင်တွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဘိန်းစိုက်ဒေသတွေ ဘိန်းအစားထိုးဖို့အတွက်ဆိုပြီး ပြည်နယ်ဝန်ကြီးဦးဘောစကို က လွှတ်တော်ကိုတင်ပြတောင်းဆိုပြီး ရရှိလာတဲ့ သိုးကောင်တွေပဲဖြစ်ပါတယ်။
ဘိန်းအစားထိုးဖို့ အတွက် သိုးကောင်တွေ လာခြင်းကောင်းပေမယ့် ပြန်လမ်းမကောင်းခဲ့ပါဘူး။“တစ်ရက်ကို လေး၊ ငါးကောင်လောက်ကို သေနေတာ၊ ဘယ်သူမှဘာမှမတတ်နိုင်ဘူး” လို့ ဒေါရောက်ခူကျေးရွာက ခွန်းရီးချက်က ပြောပါတယ်။
ဒီရွာလေးဟာ အိမ်ခြေပေါင်းရာနဲ့ချီ ဖွဲ့စည်းတည်ရှိနေပါတယ်။ ဘိန်းစိုက်ပျိုးတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝလောက်တည်းက စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ စိုက်ရင်းစိုက်ရင်းနဲ့ မိသားစုစားဝတ်နေရေးအတွက် တနိုင်တပိုင်စိုက်ပျိုးလာနေတာကို တွေ့ရပါတယ်။ ဘိန်းစိုက်ရာကနေပဲ မိသားစုစားဝတ်နေရေးအတွက်အပြင် သားသမီးတွေအတွက် ပညာရေး ကျန်းမာရေးအတွက်ပါ သုံးလို့ရတဲ့ အနေအထားလေးထိ ရောက်လာခဲ့ပါတယ်။
ဘိန်းအစားထိုး ဖို့အတွက် မွေးမြူလုပ်ကိုင်စားသောက်ဖို့ ပေးတဲ့ သိုးမွေးမြူရေးက ဒေသနဲ့ မကိုက်ညီတာကြောင့် အရာမရောက်ခဲ့ပါဘူး။ရာသီဥတု ကိုက်ညီမှုမရှိတာ၊အစားအသောက်နဲ့ ဘယ်လိုမွေးမြူရမယ် ဆိုတဲ့ အသိပညာပေးမှုတွေ မလုပ်ခဲ့တာကြောင့် သိုးကောင်ရေတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။
သိုးတွေရောက်လာပြီ
သိုးတွေစရောက်လာတော့ ဘယ်သူမှ ဘယ်တုန်းကမှ မမြင်ဖူး၊ ပြုစုရမယ့် နည်းစနစ်တွေလည်း သိတဲ့သူမရှိကြတော့ ဘယ်အိမ်ထောင်စုကမှ မလိုချင်ခဲ့ကြပါဘူး။ နောက်ဆုံးသိုးတွေ လေလွင့်သွားမှာစိုးတဲ့အတွက် ဘုန်းတော်ကြီးက ကျောင်းမှာခေါ်မွေးထားလိုက်ရပါတယ်။
စရောက်လာတုန်းက သိုးအကောင်ရေ ၁၅၀ ရှိပါတယ်။ အခု ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာတော့ သိုးကောင်ရေ ၉ ကောင်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ ၉ ကောင်ထဲက တစ်ကောင်ကလေးမွေးလာတဲ့ အတွက်၁၀ ကောင်ရှိပါတယ်။
“ကိုယ်တော်တို့ ကျန်တဲ့ ဒီဆယ်ကောင်ကို ဒီအတိုင်းပဲ နည်းစနစ်လည်းမသိဘူး၊ သူဘာစားလဲလည်းမသိဘူး ဘယ်လိုပြုစုရမလဲဆိုတာလည်း ကိုယ်တော်တို့မသိဘူး၊ ဘယ်အချိန်မှာ ရေချိုးပေးရမလဲ ပြီးတော့ အမွေးတွေရိတ်ပေးရမယ်လို့လည်းပြောတယ် ဒါပေမယ့် ကိုယ်တော်တို့ ဘာမှမလုပ်တတ်ဘူး၊ ဆိုတော့ဒီအတိုင်းပဲ ထားထားတယ်” လို့ ကိုယ်တော်က ပြောပြပါတယ်။
ဒီလို အေးတဲ့ဒေသမှာ မမြင်ဖူးတဲ့ သိုးကောင်တွေကို မွေးမြူခိုင်းမယ့်အစား ဒေသခံတွေနဲ့ ယှဉ်ပါးတဲ့ တိရိစ္ဆာန်တွေကိုပဲ လာချပေးရင် ပိုအဆင်ပြေပါမယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သိုးတွေက နည်းပညာမပေးရသေးလို့ လက်တွေ့မှာ မအောင်မြင်သေးဘူးလို့ ပြောရမယ်ပေါ့၊ ဒါပေမယ့် ဒီဟာကလည်း သူတို့စိတ်ဓာတ်အပိုင်းနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဆို သူတို့က မွေးချင်တယ်ဆိုရင် ရပါတယ်။ ဒေါရောက်ခူကိုတော့ ကျွန်တော်တို့က စမ်းသပ်တဲ့အနေနဲ့ပဲ စကြည့်တာ၊ နည်းနည်းလေးကနေပေါ့ အောင်မြင်မှ နောက်ပိုင်းထပ်ချဲ့မယ်ပေါ့နော” လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဆည်မြောင်းဝန်ကြီး ဦးဘောစကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာလည်း ဝန်ကြီးဦးဘောစကိုက ထပ်မံပြီး ဘိန်းစိုက်ပျိုးတဲ့ဒေသအတွက် တိရိစ္ဆာန်(ဝက်) အကောင်ရေ ၈၀ ကျော်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်၊ ဖရူဆိုမြို့နယ်အနောက်ဘက်နဲ့ လွိုင်ကော်မြို့နယ်မြောက်ဘက်က ဘိန်းစိုက်ဒေသအတွက် တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။
သည် ဒေသသုံးခုက ဘိန်းစိုက်ကျေးရွာတွေရဲ့ တိရိစ္ဆာန်ပေးမယ့် အိမ်ခြေစာရင်းတွေကို ပြုစုထားပြီးသားတွေရှိပေမယ့် အချက်အလက်မစုံလင်တဲ့အတွက်ကြောင့် လွှတ်တော်ကပယ်ချခဲ့ပါတယ်။ သို့ပေမယ့် ဝန်ကြီးက ထပ်ပြီးကြိုးစားကြည့်မယ်လို့ ဆိုပါတယ်။
ဒေါရောက်ခူကျေးရွာ တာဝန်ခံဘုန်းတော်ကြီးက ဒေသခံတွေ မမြင်ဖူး၊ မပြုစုဖူးတဲ့သိုးကောင်တွေကို လာရောက်ချထားပေးမယ့်အစား ဒေသခံ ရွာသားတွေနဲ့ ယဉ်ပါးပြီး ဒေသနဲ့ကိုက်ညီတဲ့တိရိစ္ဆာန်တွေ၊ အခြား တောင်သူတွနဲ့ ကိုက်ညီမယ့်သီးနှံတွေကိုသာ လာချထားရင် ဆုံးရှုံးမှုကြီးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
သိုးဆိုတာ အခုမှ မြင်ဖူးတာပါ
ဒေသခံတွေက သိုးတွေဘာစားလဲ၊ဘယ်လိုကျွေးမွေးပြုစုရတယ်ဆိုတာတွေ မသိပါဘူး။သိုးဆိုတာကို အခုမှမြင်ဖူးတဲ့သူတွေပါ။ဒါကြောင့် သိုးတွေက ခြံထဲက တွေ့သမျှ အရွက်တွေစားသောက်ပြီး ဖျားနာပြီးသေဆုံး ကုန်ကျတာပါ။
“ကျွန်တော်တို့ဒေသနှင့်မကိုုက်ဘူး အဲ့ချိ်န်သိုးကဖျားလို့နာလို့စားလို့လည်းအရသာမရှိဘူး။ ပစ်ချတဲ့ဟာလညး်ချ၊ အချိူ့ကလည်း အရေခွံလည်းပြန်ယူတယ် အရေခွံကလည်းဘယ်နားမှာသွားရောင်းလို့ရောင်းရမှှန်းမသိ အခုလည်း ကျန်တဲ့ဟာကိုးကောင်ရှိတယ်တစ်ကောင်ထပ်မွေးတော့ဆယ်ကောင်ပေါ့” လို့ ဘုန်းတော်ကြီးကပြောပါတယ်။
“အဆိုးဆုံးက သိုးအကြောင်းနားမလည် ကိုယ်တော်ကလည်းတစ်ခါမှအတွေ့အကြုံမရှိဘူးလေ သူ့အမွေးတွေလည်းရိတ်ရမယ် အမွေးလည်း ဘယ်လိုရိတ်ရမှန်းမသိ ရေချိူးရမယ်ရေချိုးဖို့ သူကိုသွားကိုင်တာတောင်မှ အကိုင်မခံဘူးပေါ့ ဆိုတော့ ကိုယ်တော်တို့ဘယ်လိုထိန်းရမလဲ စသည်ဖြင့်ပေါ့နော။ သိုးပွားအောင် များလာအောင် နောက်ပြီး ဘယ်လိုပြုစုပျိုးထောင်ရမှာလဲလည်း ရှိသေးတယ်ပြဿနာတော့ အများရှိသေးတာပေါ့နော” လို့ ကိုယ်တော်ကဆက်ပြောပါတယ်။
စျေးကွက်ရှိတဲ့ ထောပတ်သီး၊ ကော်ဖီ၊ လိမ္မော်၊သံပုရာ စတာတွေဆိုရင် ဒီဒေသနဲ့ ပိုပြီးကိုက်ညီမှုရှိတယ်၊ တစ်နိုင်တပိုင်စိုက်ပျိုးလို့လည်းရတယ်၊ ဒေသခံအတွက်ပိုပြီး အကျိုးရှိမယ်လို့ ရွာသားတချို့က ဆိုကြပါတယ်။
သိုးထပ်မမွေးချင်တော့ပါဘူး
ဝန်ကြီးအနေနဲ့ ဘိန်းအစားထိုးသီးနှံအတွက် တိရိစ္ဆာန်တွေကိုလာချပေးနေပေမယ့် လက်ရှိမှာ ဒေသခံတွေက နှစ်ရှည်စိုက်ပျိုးပြီး အကျိုးရှိစေမယ့် သီးနှံတွေ၊ ငွေချေးလုပ်ငန်းပိုင်းတွေကို ပိုပြီးနှစ်သက်ကြပါတယ်။
“ဝန်ကြီးတို့ တိရိစ္ဆာန်တွေလာပေးမယ့်အစား ကျွန်တော်တို့ရွာမှာ အသေးစားငွေစုငွေချေး လုပ်ငန်းပုံစံနဲ့လာပြီး ချေးစားရင်တောင် ပိုအဆင်ပြေဦးမယ်၊ သိုးကတစ်ကောင် ၁သိန်းလောက်ရှိတယ်ဆိုရင် သိန်း ၁၅ဝကိုချေးစားလိုက်၊ ဘဏ်သေးသေးလေးတစ်ခုလုပ်ပြီးမှပေါ့ ပိုအဆင်ပြေဦးမယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“နောက်ထပ် ထပ်ပေးလာမယ်ဆိုရင် မယူတော့ဘူး၊ ထိန်းကျောင်းပြုစုတဲ့နည်းစနစ်လည်း မသိဘူးကော” လို့ ဒေသခံဦးရီမောင်းဒိုက ပြောပါတယ်။