နှစ်ပါတီပေါင်းစည်းပြီး မွန်နိုင်ငံရေးအင်အားစုများကို ပြန်လည်စုစည်းသင့်

နှစ်ပါတီပေါင်းစည်းပြီး မွန်နိုင်ငံရေးအင်အားစုများကို ပြန်လည်စုစည်းသင့်
မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့(Facebook)
မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့(Facebook)

တရားဝင် မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းရေးအတွက် နှစ်ပါတီချင်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် သတင်းကောင်းဖြစ်သလို မွန်လူထုအနေဖြင့် နှစ်ပါတီပေါင်းစည်းရေးကို အထူးမျှော်လင့်နေကြသည်။ ၂၀၁၈ ခုနှစ်အတွင်း မွန်နှစ်ပါတီ ပေါင်းစည်းမှု အထမြောက်မည်ဆိုပါက မွန်လူထုများ တစ်ခဲနက် ကြိုဆိုထောက်ခံကြမည် ဖြစ်သည်။

မွန်လူထု၏ သဘောထားသည် နိုင်ငံရေးပါတီများ နှစ်ပါတီ-သုံးပါတီ ဖြစ်ပေါ်မည်ကို အလိုမရှိပါ။ အင်အားကြီးမားသည့်ပါတီ စိုးမိုးနေသည့်အချိန်အခါတွင် မိမိတို့ ပါတီငယ်များတကွဲတပြားဖြစ်ပေါ်နေပါက ကြီးမားသော နစ်နာမှုကိုသာ ခံရပေလိမ့်မည်။ ထို့အပြင် မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး လှုပ်ရှားမှုသည် ဒီမိုကရေစီအရေးထက် အရေးကြီးနေသည်။ လက်ရှိ ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားများအခွင့်အရေး နည်းပါးလျက်ရှိသည်။

နောက်တစ်ချက်မှာ မွန်လူမျိုးတို့အနေဖြင့် ခေတ်ပညာတတ်မြောက်သူ နည်းပါးသေးသလို ဒီမိုကရေစီ အလေ့အကျင့် အတွေ့အကြုံလည်း နုနယ်နေသေးသည်၊ ထို့ကြောင့် ရွေးကောက်ပွဲတွင် ဟင်္သာအမှတ်တံဆိပ် ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုး တွေ့မြင်နေရမည်ဆိုပါက ရှုပ်ထွေးတွေဝေမှုများ ဖြစ်ပေါ်စေနိုင်ပြီး မိမိတို့၏ဆန္ဒမဲသည် အခြားသူများအတွက် အကျိုးဖြစ်ထွန်းသွားနိုင်သည့်အဖြစ်ကို အစိုးရိမ်ရဆုံး ဖြစ်ပါသည်။

လက်ရှိမွန်လူမျိုးတို့၏ အနေအထားသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် အချိန်အခါ ဖြစ်သည့်အလျောက် မွန်တစ်မျိုးသားလုံးကို ဦးဆောင်နိုင်မည့် ကျစ်လစ်ခိုင်မာသော မွန်နိုင်ငံရေးပါတီတစ်ရပ် ရှိရန်လိုအပ်နေပေသည်။ ထိုသို့ မွန်ကိုယ်စားပြုသဘောဆောင်သော ပါတီကသာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးဆောင်နိုင်မည် ဖြစ်သည်။ ၎င်းပါတီသည် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုသော၊ ဦးဆောင်မှုပြုသော ပါတီဖြစ်သည့်အတွက် မွန်နိုင်ငံရေး အင်အားစုများ တတတ်တအား ပါဝင်လာရန် စည်းရုံးသိမ်းသွင်းရမည်ဖြစ်သည်။

 မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့သည် ပါတီသစ်အမည်ဖြင့် တစ်ပါတီဖြစ်လာသည့်တိုင်အောင် တစ်မျိုးသားလုံးကို ကိုယ်စားပြုသောပါတီဟု မဆိုနိုင်သေးပါ။

 အဘယ်ကြောင့်ဆိုသော် ပြီးခဲ့တဲ့ကာလများက နှစ်ပါတီပေါင်းစည်းရေးကို တွန်းအားပေးခဲ့ကြသော ၄င်းနှစ်ပါတီမှ အချို့သော ပါတီဝင်များ အနားယူခြင်းနှင့် ထုတ်ပယ်ခံရခြင်း များစွာရှိခဲ့သည်။ အကယ်၍ တစ််ပါတီီအဖြစ်် ပေါင်းစည််းမည်ဆိုပါက ၎င်းအင်အားစုများကိုလည်း ပြန်လည်သိမ်းသွင်း စည်းရုံးသင့်ပါသည်။ ပြစ်မှုတစ်ခုကဲ့သို့ခံယူမည်ဆိုပါက အဆိုပါပြစ်မှုသည် ပေါင်းစည်းရေး စေတနာကြောင့်သာဖြစ်ပေါ်ခဲ့သည့်အတွက် အမျိုးသားရေးအမြင်ဖြင့် ခွင့်လွှတ်ကာ ပြန်လည်သိမ်းသွင်းရမည် ဖြစ်သည်။  

 ၎င်းအင်အားစုများအပြင် နိုင်ငံရေးစိတ်ဝင်စားကြသော မွန်လူငယ်နှင့် အမျိုးသမီးသည်လည်း များစွာရှိနေပါသည်။ ၄င်းနိုင်ငံရေးမျိုးဆက်သစ်များကိုလည်း စည်းရုံးသိမ်းသွင်း နေရာပေးရန် လိုအပ်ပါသည်။ နိုင်ငံရေး မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် မွန်ပြည်သူ လူထုကြားမှပင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါသည်။

 သို့ဖြစ်ပါ၍ မွန်ကိုယ်စားပြု ပါတီတစ်ရပ်ဖြစ်လိုလျင် မွန်ပြည်သူတို့၏ အသံကိုလည်း အသိမှတ်ပြု လက်ခံပြီး မွန်လူထုလူမှု အဖွဲ့အစည်းတို့၏ ဆန္ဒနှင့်အညီ ပါတီတည်ထောင်သွားရန်ဖြစ်သည်။ ထို့ကြောင့် နှစ်ပါတီ ပေါင်းစည်းဖြစ်ပါက ပြင်ပအင်အားစုများကိုလည်း စည်းရုုံးသိမ်းသွင်းရန်နှင့် မွန်နိုင်ငံရေးညီလာခံမှ ဖွဲ့စည်းပေးသော ကိုယ်စားလှယ် (၂၁) ဦးပါဝင်သည့် မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့အား တွေ့ဆုံဆွေးနွေးသွားရန် တိုက်တွန်းတင်ပြအပ်ပါသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...
October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...