ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာမှုထက် ရွေးကောက်ပွဲ အနိုင်ရရေးကိုသာ အာရုံစိုက်မည်ဟု ပြည်ခိုင်ဖြိုး ပါတီဆို

ပုဂ္ဂိုလ်ရေး တိုက်ခိုက်လာမှုထက် ရွေးကောက်ပွဲ အနိုင်ရရေးကိုသာ အာရုံစိုက်မည်ဟု ပြည်ခိုင်ဖြိုး ပါတီဆို
by -
သက်ပိုင်

ယခင်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ပြည်သူ့ဘဏ္ဍာများ ခိုးယူခဲ့ကြောင်း တောက်လျှောက် စွပ်စွဲတိုက်ခိုက်နေခြင်းအပေါ် တုန်လှုပ်နေမည်ထက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက်ကိုသာ အာရုံစိုက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ၊ ဦးသန်းဌေးက ဇန်နဝါရီ ၁၆ ရက်၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပါတီရုံး၊ လူထုတွေ့ဆုံပွဲတွင် ပြောသည်။

“ဒီနေ့ [ဇန်နဝါရီ ၁၆ ရက်]ကျွန်တော်တို့ကို သိက္ခာချချင်တဲ့သူက ပြည်ခိုင်ဖြိုးဆိုတာနဲ့ အတိတ်တုန်းက စစ်သားပဲ ၊စစ်ခွေး ၊တပ်မတော်အောက်ကို ပြန်ရောက်သွားမယ်။ ပြီးခဲ့တဲ့အစိုးရမှာ တာဝန်ယူခဲ့တယ်ဆိုရင်လည်း ပြည်သူ့ဘဏ္ဍာကို ခိုးခဲ့တာ ၊အဲဒါတွေနဲ့ ပုံမှန်တောက်လျှောက် စွပ်စွဲနေကြတယ် ။ဒီအတွက် တုန်လှုပ်နေစရာ အကြောင်းမရှိဘူး”ဟု ဦးသန်းဌေးက ပြောသည်။

ယင်းအပြင် ၎င်းတို့အနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း တိုင်းပြည်အတွက် ဖြူဖြူ စင်စင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် အသရေဖျက်ပြောဆိုသူများကို လှည့်ကြည့်စရာမလိုကြောင်း၊ သမိုင်းနှင့်ပတ်သက်၍ ဖုံးကွယ်ဖျောက်ဖျက်၍ မရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းပါတီ၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့်၂၀၂၀ရွေးကောက်ပွဲကို မူအားဖြင့် နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေသော်လည်း မကြာမီ ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြီးမှသာ အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

“ပါတီကြီးတစ်ခုအနေနဲ့ တော့ မူအားဖြင့် နေရာပြည့်ဝင်ပြိုင်သွားဖို့ရှိပါတယ် ။ သို့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ပြီးမှပဲ ဝင်ပြိုင်သင့်မသင့်နဲ့ ဘယ်လိုနေရာတွေမှာ ဝင်ပြိုင်မယ်ဆိုတာကို အသေးစိတ် ပြန်လည်ပြီးတော့ ဆွေးနွေးရဦးမယ်”ဟုဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ မိမိတို့ပါတီအနေဖြင့် ပြည်သူများ ယုံကြည်လက်ခံလာအောင် အကောင်းဆုံးကြိုးစားသွားဖို့ရှိကြောင်းလည်း ၎င်းကပြောခဲ့သည်။

ဖော်ပြပါလူထုတွေ့ဆုံသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟို

အလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း ၊ပါတီဗဟိုကော်မတီဝင် နန္ဒာလှမြင့် နှင့် ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် ပါတီဝင်များ တက်ရောက်ခဲ့သည်။