ရှင်းလေရှုပ်လေ အဖြေရှာဖွေရခက်လာသော မွန်နိုင်ငံရေးပုစ္ဆာ

ရှင်းလေရှုပ်လေ အဖြေရှာဖွေရခက်လာသော မွန်နိုင်ငံရေးပုစ္ဆာ
by -
ဗညားအောင်
မွန်ပြည်သူ့ညီလာခံ ပိုစတာ(Copy)
မွန်ပြည်သူ့ညီလာခံ ပိုစတာ(Copy)

မွန်တစ်မျိုးသားလုံးညီညွတ်ရေးကို ရှေးရှုပြီး မွန်ကိုယ်စားပြုပါတီတစ်ရပ်ပေါ်ထွန်းလာရေး၊ မွန်နိုင်ငံရေးပါတီများနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများကြား ယုံကြည်မှုတည်ဆောက်ရေး ရည်ရွယ်ချက်များဖြင့် လာမည့်ဇန်နဝါရီ ၁၃-၁၄ ရက်တွေမှာ “မွန်ပြည်သူ့ညီလာခံ” တစ်ရပ်ကျင်းပမည်ဟု ဆိုသည်။ 

မွန်ပါတီသစ်တစ်ခုဖွဲ့မဖွဲ့ဆိုသည်မှာ အဆိုပါညီလာခံတက်ရောက်လာသူများ၏ ဆုံးဖြတ်ချက်အပေါ်မူတည်နေသည်လို့လည်း မွန်ပြည်သူ့ညီလာခံကျင်းပရေးကော်မတီဥက္ကဌ ဘဒ္ဒန္တဝရဝံသက မိန့်ဆိုခဲ့သည်။

တဖက်တွင်လည်း ညီလာခံကျင်းပသူတို့ ကြိုတင်လက်ဝါးချင်းရိုက်ထားပြီးသားအခြေအနေတွင် မွန်ပါတီသစ် တစ်ရပ်ဖွဲ့စည်းမည့်ညီလာခံ၏ ဆုံးဖြတ်ချက်အဖြေကိုလည်း ကြိုတင်သိရှိနေသည်ဟု MNP နှင့် AMDP မွန်ပါတီခေါင်းဆောင်တွေသုံးသပ်ထားကြပြီး ၄င်းတို့ပါတီအနေနဲ့ ညီလာခံတက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းဌာနများကို ထုတ်ဖော်ပြောကြားထားသည်။

အလားတူ မဟာမိတ်ပါတီ MNP တက်ရောက်မှာ မဟုတ်သည့်အတွက် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ညီလာခံတက်ရောက်မည့်အလားအလာ မရှိဘူးလို့လည်း သုံးသပ်ရပါလိမ့်မည်။

မွန်ပါတီများညီညွတ်ရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့စဉ်က ဂိုဏ်းပေါင်းစုံမှ မွန်သံဃာကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များနှင့်အတူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အသီးသီး ၅ ဦးစီပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ နုတ်ထွက်ခဲ့သည်။ သို့သော် ကျုန်ရှိသည့် မွန်ပါတီများညီညွတ်ရေးအဖွဲ့နှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ မွန်ပြည်သူ့ညီလာခံကို ဦးဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ မွန်လူငယ်များနေ့အခမ်းအနားမှာ MNP နှင့် AMDP တို့ကို အသိအမှတ်ပြု ဖိတ်ကြားခြင်းမရှိဘဲ လူငယ်များနေ့ထုတ်ပြန်ကြေညာချက်တွင် “တရားဝင်မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရမည်” ဆိုသည့် ကြွေးကျော်သံမှာ လာမည့်မွန်ပြည်သူ့ညီလာခံရလဒ်အတွက် ရှေ့ပြေးနိမိတ်ဟု ထောက်ပြသူများ ရှိပါသည်။

ထို့အတူ မွန်လူငယ်များနေ့တွင် မွန်နှစ်ပါတီ(AMDP-MNP) ပေါင်းစည်းရေးအတွက် ဆန္ဒလက်မှတ်များကောက်ခံခဲ့ပြီး မွန်ပြည်သူ့ညီလာခံတွင် မွန်လူငယ်များစာတမ်းနှင့်အတူ ဆန္ဒပြုတင်သွင်းသွားမည်ဟု ဆိုသည်။

လက်ရှိ AMDP နှင့် MNP လုပ်ဆောင်နေသည့် နှစ်ပါတီပေါင်းစည်းရေးကိစ္စတွေမှာ လမ်းပြမြေပုံ Road Map အတိအကျမရှိသဖြင့် ကြားခံမလိုဘဲ နှစ်ပါတီချင်းတိုက်ရိုက်ဆွေးနွေးနေမှုများကို မွန်သံဃာတော်များနှင့် လူငယ်များက အယုံအကြည်မရှိကြပေ။

မွန်သံဃာတော်များဦးစီး၍ ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်ပါတီပေါင်းစည်းရေး ၃၃ လကြာအချိန်ယူခဲ့စဉ် ပေါင်းစည်းကြမည်ဟု နှစ်ပါတီသဘောတူလက်မှတ်ရေးထိုးဖြစ်ခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည်မပေါ်ခဲ့သည်ကို အယုံအကြည်မရှိခြင်း ဖြစ်နေသည်။

ထို့အတူ ပါတီပေါင်းစည်းရေးအတွက် အားမလိုအားမရဖြစ်ခြင်းနှင့်အတူ ပါတီတွင်းအစာမကြေမှုများကြောင့် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဆင့်အထိ တစ်ဦးချင်းအလိုက်၊ အစုအလိုက် နှစ်ပါတီစလုံးမှ နုတ်ထွက်သူများ ရှိခဲ့ပါသည်။

သို့သော် မွန်ပါတီကြီးနှစ်ခု ပေါင်းစည်းနိုင်ခြင်းမရှိသည်ကိုအကြောင်းပြုပြီး မွန်ကိုယ်စားပြုပါတီအသစ်ထပ်မံဖွဲ့စည်း၍ ရှေ့လာမည့်ရွေးကောက်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ပါက မွန်အမတ်အရေအတွက်တော်တော်များ အနိုင်ရရှိလိမ့်မည်ကို အာမဘန္တေပြုနိုင်မည့်သူ မတွေ့ရှိသေးပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားရန် အားထုတ်မှုတွေကိုမတွေ့ရှိရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အမတ်အရေအတွက်များများ ရရှိဖို့ကိုသာ လုံ့လစိုက်ကြိုးပမ်းအားထုတ်နေပါက မွန်တို့၏ကြမ္မာ မွန်တို့ဖန်တီးခွင့်နှင့် အလှမ်းဝေးနေဦးမည်ဟု မွန်နိုင်ငံရေးသမားအချို့က သုံးသပ်ကြသည်။

မွန်နိုင်ငံရေးလောကတွင် အတိတ်ကဂိုဏ်းဂဏအုပ်စုကွဲပြဿနာများရိုက်ခတ်ခဲ့မှုကြောင့် AMDP နှင့် MNP နှစ်ပါတီပေါင်းစည်းရေး လက်တွေ့တွင် လွယ်လွယ်နှင့်ဖြစ်မလာနိုင်ဟုလည်း မွန်သံဃာတော်များနှင့် မွန်လူငယ်များကြား ပြောဆိုမှုများရှိနေသည်။

သို့ရာတွင် နှစ်ပါတီအနေဖြင့် ကြားခံမလိုဘဲ နှစ်ပါတီကိုယ်စားလှယ်များ လစဉ်ပုံတွေ့ဆုံဆွေးနွေးနိုင်ခဲ့သလို ပါတီထိပ်ပိုင်းခေါင်းဆောင်တို့ ဆက်လက်တွေ့ဆုံနိုင်ခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့က မွန် ၂ တီပထမအကြိမ်ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ “အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်၍ နှစ်ပါတီပူးပေါင်းဆောင်ရွက်သွားမည်။ (၂၁) ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို နှစ်ပါတီပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည်” ဆိုသည်အချက်ကို တွေ့ရှိရသည်။

လတ်တလောမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တွင်ပါရှိနေသည့် AMDP နှင့် MDP ပါတီများအနေဖြင့် ပါတီပေါင်းစည်းရေးထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဘက်ကို ဦးစားပေးလာသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြုလုပ်နိုင်ရန် နည်းလမ်းရှာဖွေနေကြသလို လာမည့် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ဆွေးနွေးကြရမည့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများအတွက် စာတမ်းများအချိန်မီတင်သွင်းနိုင်ရန် မွန် ၂ ပါတီအနေဖြင့် ပြင်ဆင်မှုများပြုလုပ်လာနေသည်။   

ထို့အတူ မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လိုပါက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့လိုအပ်သည်ဟု  ပြီးခဲ့သည့်မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ချက်ချထားသဖြင့် NCA လက်မှတ်ရေးထိုးမည့် အနေအထား နီးစပ်လာနေပြီလို့လည်း အကောင်းဘက်မှ သုံးသပ်လိုပါသည်။

အကယ်၍ မွန်ပြည်သစ်ပါတီ NCA ရေးထိုးဖြစ်ပါက မွန်ပြည်သစ်ပါတီနှင့်အတူ MNP, AMDP တို့သည်လည်း မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို အတူတကွကျင်းပသွားမည့်လမ်းကြောင်းပေါ် ရောက်ရှိသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးသည် မွန်ပါတီများအဖို့ အဓိကဦးစားပေးရမည့်ကိစ္စ ဖြစ်လာပါလိမ့်မည်။

လက်ရှိ မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အပြင် ကျင်းပမည့် မွန်ပြည်သူ့ညီလာခံမှ နောက်ထပ်မွန်ပါတီသစ်တစ်ခု ပေါ်ပေါက်လာပါက မွန်ပါတီများအရေး ရှင်းလေပိုရှုပ်ထွေးလာလေဟု ဆိုရပါလိမ့်မည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးခေါင်းစဉ်အောက်တွင် မွန်ပါတီပေါင်းစည်းရေးလော၊ ပါတီသစ်ဖွဲ့စည်းရေးလော၊ ငြိမ်းချမ်းရေးလော၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်းလော၊ မွန်အမတ်များများ မဲအနိုင်ရရှိရေးလော ဝေခွဲမတတ် ရှုပ်ထွေးသောအခြေအနေများအောက်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အားပြိုင်နေရင်းနှင့်ပင် မွန်နိုင်ငံရေးပုစ္ဆာ ပို၍အဖြေရှာဖွေခက်သွားဖို့သာ ရှိလာနိုင်သည့်အတွက် သက်ဆိုင်သူများ ဆင်ခြင်သုံးသပ်ကြပါကုန်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...
October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...