အစိုးရအဖွဲ့မှ ရရှိလာသော ဘဏ္ဍာငွေကို “မုဆိုးမသား စီမံကိန်းပုံစံမျိုး”ဖြင့် အသုံးပြုနေသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

အစိုးရအဖွဲ့မှ ရရှိလာသော ဘဏ္ဍာငွေကို “မုဆိုးမသား စီမံကိန်းပုံစံမျိုး”ဖြင့် အသုံးပြုနေသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြောကြား

အစိုးရအဖွဲ့မှ ရရှိလာသော ဘဏ္ဍာငွေများကို “မုဆိုးမသား စီမံကိန်းပုံစံမျိုး”ဖြင့် အသုံးပြုနေကြောင်း ဒီဇင်ဘာ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“အစိုးရအဖွဲ့က မိမိတို့ ရရှိလာခဲ့တဲ့ ဘဏ္ဍာငွေကို ဘယ်လိုသုံးရမလဲဆိုတာကို စဉ်းစားတဲ့နေရာမှာ ဘယ်လိုမူဝါဒနဲ့ သုံးလဲဆိုတော့ ရှင်းရှင်းပဲ ပြောပြရမယ်ဆိုရင် မုဆိုးမသား စီမံကိန်းပုံစံမျိုးနဲ့ လုပ်ရတယ်။ အဲဒါတောင်မှ ရရှိတဲ့ဘဏ္ဍာငွေကို အင်မတန် စေ့စေ့စပ်စပ်နဲ့ အသုံးပြုပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ထည့်သွင်း ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး လုပ်ငန်းတစ်ခုကို စေ့စေ့စပ်စပ် သေသေချာချာ အကျိုးရှိမှသာလျှင် ဘတ်ဂျက်ထဲတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာအလိုက် တင်ပြချက်များကို ဘတ်ဂျက်ထည့်သွင်းရေးဆွဲသွားမည်မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် အစိုးရနှင့် ပြည်သူကြား ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များကိုသာ ဘတ်ဂျင်ထည့်သွင်းရေးဆွဲသွားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“စည်ပင်ပဲဖြစ်ဖြစ် ဆည်မြောင်းပဲဖြစ်ဖြစ် ဆောက်လုပ်ရေးပဲဖြစ်ဖြစ် ဒီဌာနတွေက ဘိုးစဉ်ဘောင်ဆက် နှစ်စဉ် အမြဲတမ်းသူတို့ကပဲ လုပ်နေတဲ့အစီအစဉ်ကနေပြီးတော့ ကျွန်တော်တို့ ပုဂ္ဂလိက တင်ဒါခေါ်ယူတဲ့စနစ်ကို ကျင့်သုံးပေးပါလို့ တောင်းဆိုချင်တယ်”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောသည်။

လာမည့်ဘဏ္ဍာနှစ် ဖြည့်စွက်ဘတ်ဂျက်အားလုံးကို တင်ဒါခေါ်ယူမည်ဖြစ်ပြီး တင်ဒါခေါ်ယူမည်ဆိုပါက ကုမ္ပဏီများ၏ ဒီဇိုင်းပုံစံများကို တတ်ကျွမ်းသည့် ပညာရှင်များနှင့် တိုင်ပင်၍ သေသေချာချာဆန်းစစ်ပြီးမှသာ ကုမ္ပဏီများကို တင်ဒါခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။

Most read this week