“SME လုပ်ငန်းတွေက ငွေကြေး အရင်းအနှီး မရှိလို့ စဉ်စားသလောက် မလုပ်နိုင်တာတွေ တွေ့နေရတယ်”

“SME လုပ်ငန်းတွေက ငွေကြေး အရင်းအနှီး မရှိလို့ စဉ်စားသလောက် မလုပ်နိုင်တာတွေ တွေ့နေရတယ်”
by -
ဇော်ထိုက်

မွန်ပြည်နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ညိုနှင့် တွေ့ဆုံခြင်း

နိုင်ငံတစ်နိုင်ငံ၏ Small and Medium Enterprises (SME) လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရအပေါ် များစွာမူတည်နေသည်။ ထို့ကြောင့် ပြည်နယ်အတွင်းရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ မည်ပုံ လုပ်ဆောင်နေသည့် အခြေအနေ၊ နည်းပညာ ၊ ဈေးကွက်၊ ငွေကြေး အရင်းအနှီး အပါအဝင် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မှုများနှင့် SME လုပ်ငန်းများ တိုးတက်မှု နှေးကွေးနေသည့် ကိစ္စရပ်များကို မည်သို့ ပြောင်းလဲ ပြုပြင်သွားမည့် အခြေအနေများကို မွန်ပြည်နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ညိုနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဟင်္သာမီဒီယာက ကောက်နုတ် ဖော်ပြပေး လိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပထမအနေနဲ့ ပြည်နယ်အတွင်းရှိ SME လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ဘယ်လို ကဏ္ဍတွေကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေလဲ။

ဦးတင်ညို။ ။ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်မှာရှိတဲ့ လုုပ်ငန်းရှင်တွေကို ကျွန်တော်တို့ မူဝါဒနဲ့ အညီ လုပ်ဆောင်ပေးနေပါတယ်၊ SME မူဝါဒက ခုနှစ် ချက်ရှိပါတယ်၊ ခုနှစ်ချက်မှာ လူ့စွမ်းအား အရင်းအမြစ်၊ နည်းပညာများ ဖွံ့ဖြိုးမှုနဲ့ တီထွင်ဖန်းတီမှု ၊ ငွေကြေးအရင်းအမြစ် ၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဈေးကွက် ရရှိရေး၊ သင့်တော်တဲ့ အချက်အလက်များနဲ့ လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ်လာရေး၊ လုပ်ကိုင်နိုင်သော စီးပွားရေး အရင်းအမြစ်များ ပေါ်ပေါက်ရေးဟူသော SME လုပ်ငန်း ဖွံ့ဖြိုးရေး ကဏ္ဍတွေနဲ့ အညီ လုပ်ဆောင်ပေးနေပါတယ်။

ဟင်္သာမီဒီယာ။ ။ SME မူဝါဒ ခုနှစ်ချက်ထဲမှာ တစ်ချက် အပါအဝင်ဖြစ်တဲ့ ချေးငွေရရှိရေးအတွက် ဘယ်လိုတွေ ဆောင်ရွက်ပေးနေလဲ။

ဦးတင်ညို။ ။ ကျွန်တော်တို့ SME ဌာနကနေ လုပ်ငန်းရှင်တွေကို ဥပဒေနဲ့ အညီ လုပ်ရမှာဖြစ်တယ်၊ ကျွန်တော်တို့ ဥပဒေ နားလည်းရေးအတွက်လည်း ကွင်းဆင်းပြီး ဆောင်ရွက်နေပါတယ်၊ အဓိကအနေနဲ့ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်မှာ CGI ချေးငွေ ရရှိရေးအတွက် ကျွန်တော်တို့ ဌာနက Focalထားပြီး ဆောင်ရွက်ပေးနေပါတယ်၊ အဓိကကတော့ လုပ်ငန်းရှင်တွေ member ဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နေတယ်၊ နောက်ပြီး အသေးစားနဲ့ အလတ်စားကို member ကပ် နှစ်မျိုးနဲ့ ဆောင်ရွက်ပေးနေပါတယ်၊ ဒီ member ဝင် ကတ်ရလို့ ရှိရင် လုပ်ငန်းတွေက အာမခံမထားဘဲ ချေးငွေ လျှောက်ထားခြင်း၊ အာမခံထားပြီး ချေးငွေ လျှောက်ထားခြင်းတို့ လုပ်လို့ရပါတယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကျွန်တော်တို့ ဦးစီးဌာန ရုံးချုပ်ကို တင်ပြပေးတယ်၊ ဦးစီးဌာန ရုံးချုပ်ကနေပြီးတော့မှ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံ လက်မှတ်ထိုးပေးတယ်၊ ဒီထောက်ခံချက် ကျွန်တော်တို့ဆီ ရောက်လာရင် ကျွန်တော်တို့က လုပ်ငန်းရှင်တွေကို ခေါ်ပြီး ဘဏ်ကို စေလွှတ်ပါတယ်၊ အဓိကကတော့ ကြေးငွေရဖို့အတွက် ကျွန်တော်တို့က လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထောက်ခံချက်တွေ ပေးတယ်၊ ဘဏ်ကို ရောက်ရင်တော့ ဘဏ်က လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထပ်တောင်းပြီး မြန်မာအာမခံ လုုပ်ငန်းနဲ့ ချိတ်ဆက်ပြီးတော့ ချေးငွေကို ဆောင်ရွက်ပေးတယ်။

ဟင်္သာမီဒီယာ။ ။ ချေးငွေ လျှောက်ထားတဲ့ နေရာမှာ အာမခံမရှိဘဲ လျှောက်ထားလို့ ရတာနဲ့ အာမခံပါမှ လျှောက်ထားလို့ ရတဲ့ အပိုင်း နှစ်ပိုင်းကို ရှင်းပြပေးပါဦး။

ဦးတင်ညို။ ။ အဓိကကတော့ အာမခံပေးရင် ငွေများများ ချေးလို့ရတယ်၊ အာမခံပေးတဲ့ နေရမှာ မြေတို့ အိမ်တို့ ပိုင်ဆိုင်မှုတွေ ပေးရမယ်၊ အာမခံမပေးဘဲ လျှောက်ထားရင်တော့ ကိုယ်ရဲ့ ကိုယ်ပိုင် လုပ်ငန်းကို ပြပြီး ချေးလို့ ရတယ်။

ဟင်္သာမီဒီယာ။ ။ အာမခံမထားဘဲ ချေးငွေ လျှောက်ထားလဲ ဘယ်လောက်ထုတ်ပေးတယ်၊ အာမခံထားပြီး ချေးငွေ လျှောက်ထားရင် ဘယ်လောက်အထိ ထုတ်ပေးနေလဲ။

ဦးတင်ညို။ ။ လက်ရှိအနေအထားအရ CGI ချေးငွေ စနစ်က လုပ်ငန်းရှင်များကို သိန်း ၂၀၀ အများဆုံး ထုတ်ချေးပေးနေတယ်လို့ သိရတယ်၊ မွန်ပြည်နယ်မှာတော့ သိန်း ၁၈၀ ရတာ တစ်ယောက်ရှိတယ်လို့ သိရတယ်၊ ဒါက အများဆုံးဖြစ်နေတယ်၊ တချို့ကျတော့လည်း ချေးငွေ သိန်း ထောင်ကြီး အများကြီး လိုချင်ရင် အာမခံပေးရမယ်၊ ပုံမှန်အရတော့ ကျွန်တော်တို့ သိသလောက်ဆို သိန်း ၂၀၀ ပဲ ချေးပေးနေတယ်လို့ သိရတယ်။

ဟင်္သာမီဒီယာ။ ။ လုပ်ငန်းရှင်တွေ တော်တော်များများက ဝေဖန်နေတာ ရှိတယ်။သူတို့တွေအနေနဲ့ ချေးငွေ ယူတဲ့ နေရာမှာ ဌာနပေါင်း သုံး လေးခုလောက်သွားနေတယ်၊ ပြီးတော့ ချေးငွေ တစ်ခါရဖို့ သုံး လေးလ ကြာတယ်လို့ ပြောနေကြတယ်၊ ဒီအပေါ်မှာ ဘယ်လို ပြောချင်လဲ။

ဦးတင်ညို။ ။ လုပ်ငန်းရှင်တွေအနေနဲ့ CDI ချေးငွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဌာန တစ်ခုပဲ လာရတာပါ၊ ဒီကနေမှ ထောက်ခံချက်ရပြီးရင် ဘဏ်နဲ့ မြန်မာအာမခံကိုပဲ သွားရမယ်၊ ဒီလောက်ပါပဲ၊ တခြား ဌာနကို သွားဖို့တော့ မလိုပါဘူး။

ဟင်္သာမီဒီယာ။ ။ SME member ဝင်ဖြစ်ဖို့ လုပ်ငန်းတွေကို ဘယ်လို ပုံစံတွေနဲ့ လာရောက် လျှောက်ထားရမလဲ။

ဦးတင်ညို။ ။ ကျွန်တော်တို့မှ member ဝင်ဖြစ်ဖို့ သတ်မှတ်ထားတဲ့ ပုံစံ လေးရွက်လောက် ရှိပါတယ်၊ အဲဒါက သူတို့ ဘာလုပ်ငန်းတွေ လုပ်လဲ၊ ပြီးတော့ နေရပ်လိပ်စာတွေ နောက်ပြီး တစ်နှစ်ကို ဘယ်လောက် ထုတ်လုပ်နိုင်လဲ၊ ထုတ်လုပ်မှု တန်းဖိုတွေ ဒီလောက်ပါပဲ၊ ဒါကို ဖြည့်စွက်ပြီးရင် ကျွန်တော်တို့ ဌာနက သူဖြည့်ထားတဲ့ မှန်လား မမှန်ဘူးဆိုတာ ကျွန်တော်တို့ ဌာနက ကွင်းဆင်းပြီး ဓာတ်ပုံ မှတ်တမ်းနဲ့ တကွ ရုံးချုပ်ကို တင်ပေးရတယ်။

ဟင်္သာမီဒီယာ။ ။ SME ဖွံ့ဖြိုးရေး မူဝါဒ တစ်ရပ်ဖြစ်တဲ့ နည်းပညာအပိုင်းကိုုကော ဌာနအနေနဲ့ ဘယ်လို ပုံစံတွေနဲ့ ကူညီပေးတာရှိလဲ။

ဦးတင်ညို။ ။ နည်းပညာနဲ့ ပတ်သက်ရင် awareness လုပ်ပေးတယ်၊ သူတို့ သိရှိနားလည်းအောင် ကျွန်တော်တို့ ဌာနကနေ အဖွဲ့အစည်းတွေ ဖြစ်တဲ့ GIZ တို့လို NEI ဒီလို အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဌာနတွေ ပူးပေါင်းပြီးတော့ သူတို့ကို သင်တန်းတွေ ပေးနေတယ်၊ သူတို့ကို ကျွန်တော်တို့အနေနဲ့ ရက်ရှည်တော့ မပေးနိုင်သေးဘူး၊ အများဆုံး ၅ ရက် ၆ ရက်လောက်အထိ ပေးနေတယ်၊ နောက်ပြီး အနည်းဆုံးတော့ ဆားတွေနဲ့ ပတ်သက်ရင် ဒီမှာ ထုတ်တဲ့ ဆားတွေက အရည်အသွေးမကောင်းဘူး၊ အရည်အသွေး တိုးတက်ဖို့နဲ့ ဈေးကွက်ဝင်လာရောက် နယ်သာလန်က ပညာရှင်တွေ ကွင်းဆင်းပြီး အသိပညာပေးနေတာ ရှိတယ်။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခု SME လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဈေးကွက်ရှာဖွေရေးကို ဌာနအနေနဲ့ ဘယ်လို ပုံစံတွေနဲ့ ကူညီထားတာရှိလဲ။

ဦးတင်ညို။ ။ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဌာနအနေနဲ့ သီးခြား ဆောင်ရွက်ပေးတာတော့ မရှိဘူး၊ ဒါပေမယ့် ကိုယ်နဲ့ ကြုံလာခဲ့ရင်တော့ လုပ်ပေးတာရှိတယ်၊ ဥပမာ ဘယ်သူက ဘာပစ္စည်းလိုနေတယ်၊ ဒီတော့ ဒီပစ္စည်း ထုတ်လုပ်နေတာ ဘယ်သူဆိုတာ ကွင်းဆင်းတဲ့ အချိန် ပြောပြပေးတာရှိတယ်၊ သီးခြားရယ်တော့ ဈေးကွက်အတွက် ဆောင်ရွက်ပေးတာ မရှိဘူး။

ဟင်္သာမီဒီယာ။ ။ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တော်တော်လေး အားနည်းနေတာ တွေ့ရတယ်၊ ဒီအတွက် SME လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားသင့်လဲ။

ဦးတင်ညို။ ။ ကျွန်တော်တို့ အဓိကကတော့ လုပ်ငန်းရှင်တွေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖိုဆိုရင် အဓိကကတော့ ကျေးလက်ပေါ့၊ ကျေးလက်မှာဆို ရော်ဘာ ထုတ်လုပ်တာတွေ ရှိတယ်၊ ဒီအတွက် ကျေးလက်တွေ ဖွံ့ဖြိုးဖို့ဆိုရင် အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ လမ်းတို့ တံတားတို့ နောက်ဆုံး မီးတို့ ရေတွေ ရရှိမယ်ဆိုရင် ဖွံ့ဖြိုးလာဖို့ ရှိပါတယ်။

ဟင်္သာမီဒီယာ။ ။ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ။

ဦးတင်ညို။ ။ ဒီမှာတော့ တချို့ လုပ်ငန်းရှင်တွေက လုပ်ငန်း တိုးချဲ့ချင်ကြတယ်၊ အခုက ဘာလိုအပ်ဆိုရင် ငွေကြေး လိုအပ်တယ်၊ ငွေကြေးလို့ရရင် သူတို့ လုပ်ငန်းကို ဒီထက် တိုးချဲ့နိုင်မယ်၊ ပြီးရင် ဈေးကွက်တွေ ရှာဖွေလာနိုင်မယ်၊ SME လုပ်ငန်းတွေက ငွေကြေး အရင်းအနှီး မရှိလို့ စဉ်စားသလောက် မလုပ်နိုင်တာတွေ တွေ့နေရတယ်။

ဟင်္သာမီဒီယာ။ ။ အိမ်နီနားချင်း ထိုင်းနိုင်ငံဆိုရင် တစ်ရွာ ထုတ်ကုန် တစ်မျိုး ထုတ်လုပ်နေတယ်၊ ဒီအတွက် ပြည်ထဲရေးဌာနက ကိစ္စအားလုံးကို တာဝန်ပေးတယ်၊ သူမှာဆိုရင် SME လုပ်ငန်းတွေ တော်တော်လေး ဖွံ့ဖြိုးနေတယ်၊ ဒီအတွက် မြန်မာနိုင်ငံဆိုရင်ရော SME ဖွံ့ဖြိုးရေးအတွက် ဘယ်လိုတွေ သွားသင့်လဲ။

ဦးတင်ညို။ ။ အရင်တုန်းကဆို သမဝါယမကနေ SME လုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် တစ်ရွာကို သီးနှံတစ်မျိုး စိုက်ရမယ်၊ ထုတ်လုပ်ရမယ်ဆိုပြီး လုပ်ခဲ့ကြတယ်၊ အခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ထုတ်လုပ်တဲ့ စိုက်ပျိုးတဲ့ ပစ္စည်းဟာ ဈေးကွက် မြန်မြန်ဆန်ဆန် ရောက်ဖို့နဲ့ ဈေးကွက်ရောက်မှလည်း ပြည်သူလူထုက သိမှာဖြစ်တယ်၊ ဒီလို ဈေးကွက်ကောင်းကောင်းရမှ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဈေးကွက်ရဖို့ဆိုရင် အရည်းအသွေး မြှင့်တင်ရမှာဖြစ်တဲ့အတွက်ကြောင့် အရည်အသွေး ကောင်းဖို့အတွက် ဘာတွေ လိုအပ်နေလဲ။

ဦးတင်ညို။ ။ အဓိကတော့ နည်းပညာဖြစ်တယ်၊ ပြည်နယ်အတွင်းက ထွက်တဲ့ ရော်ဘာက နည်းပညာ အားနည်းလို့ အရည်အသွေး နိမ့်ကျနေတယ်၊ အဲဒီတော့ ဒီရော်ဘာတွေကို အဆင့်မြှင့်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးဖို့ လိုတယ်၊ မွန်ပြည်နယ်က ရော်ဘာအများဆုံး ထွက်တာဖြစ်တော့ ရော်ဘာကို အဆင့်မြှင့်ဖို့နဲ့ နည်းပညာနဲ့ သင်တန်းတွေအတွက် ပြည်နယ်အစိုးရကလည်း စက်မှုသင်တန်းကျောင်း ဆောက်ဖို့ နောက်နှစ်ဘတ်ဂျက်မှာ လျာထားတာ ရှိတယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်အတွင်းက SME လုပ်ငန်းရှင်တွေက ဘယ်လို ခံစားနေရလဲဆိုရင် SME ဌာန ထားထားပေမယ့် သူတို့ကို ဘာမှ မလုပ်ပေးဘူး၊ ဘာမှ မပံ့ပို့ဘူးလို့ ခံစားနေရတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးရင် နောက်ပိုင်းမှာ ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။

ဦးတင်ညို။ ။ အဓိကကတော့ ကျွန်တော်တို့ ဌာနဖွင့်တာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့ အခုက သူတို့တွေ သိအောင် ကွင်းဆင်းပြီးှ SME ဌာနအကြောင်းနဲ့ SME ဥပဒေတွေအကြောင်းကို အသိပညာပေး ဆွေးနွေးဆဲပါ၊ သူတို့အနေနဲ့ကတော့ ငါတို့ကို ဘာမှမလုပ်ပေးလို့ တချို့တွေ ပြောတယ်၊ တချို့ကျတော့လည်း အစိုးရနဲ့ ပတ်သက်ရင် မလုပ်ချင်ဘူးဆိုတဲ့ ဒါမျိုးတွေလည်း ရှိတယ်၊ ဒီအတွက်လည်း သူတို့ ပိုသိအောင် အသိပညာပေး ဆွေးနွေးပွဲတွေ လုပ်နေပါတယ်၊ ချေးငွေအတွက်လည်း ဒီနောက်ပိုင်းမှာ မြန်မာစီးပွားရေး ဘဏ်ကလည်း ချေးပေးဖို့ လုပ်နေတယ်။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံး မေးခွန်းပါ၊ ပြည်နယ်အတွင်းက SME လုပ်ငန်းရှင်တွေ ဘယ်များ အကြံပြု ပြောဆိုချင်သေးလဲ။

ဦးတင်ညို။ ။ ကျွန်တော်တို့ သင်တန်းတွေ ၁၃ ခုလောက် လုပ်ပေးထားတယ်၊ ဒီမှာဆိုရင် နည်းပညာနဲ့ ပတ်သက်တာတွေ ၊ စီးပွားရေး ကျွမ်းကျင်မှုနဲ့ ပတ်သက်တာတွေကို သင်တန်းတွေ လုပ်ခဲ့တဲ့ အပေါ်မှာ သင်တန်း တစ်ခုချင်းမှာ ၃၀ ၊ ၄၀ လောက်ပဲ ရှိတယ်၊ မွန်ပြည်နယ်မှာ SME လုပ်ရှင်းပေါင်း ၂၀၀၀၀၀ ကျော်လောက် ရှိတဲ့အထဲမှာ ၁၀၀၀ လောက်ပဲ သင်တန်း ပေးရသေးတယ်၊ ဒီအတွက် သင်တန်း တက်ထားတဲ့ လုပ်ငန်းရှင်တွေကလည်း ပြန်လည် မျှဝေပေးဖို့ လိုတယ်။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...