ချင်းလူမျိုးများအားစော်ကားခဲ့သည်ဟုဆိုကာ ကလေးတက္ကသိုလ် မြန်မာစာဌာနလက်ထောက်ကထိက ဒေါ်သန်းသန်းမော် ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်သို့ပြောင်းရွှေ့သည်နှင့်ပတ်သက်ပြီး ပြောဆိုသံ အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ ဒေါ်သန်းသန်းမော်မှ အတန်းချိန်၌ ချင်းလူမျိုးများအား “ချစ်စုတ်၊ ချင်းပုတ်၊ အချောင်ကိုပဲလိုချင်တဲ့ချင်းတွေ” စသည်ဖြင့်စော်ကားခဲ့သည့်အတွက် ခစယ(ကလေး) မှ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနထံ ထိရောက်စွာအရေးယူပေးရန် တိုက်ရိုက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနထံ တိုက်ရိုက်လိပ်မူပြီး တိုင်စာပေးပို့ခဲ့သည့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ကလေး) အနေဖြင့် တိုင်စာ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆသကဲ့သို့ တက္ကသိုလ်မှ ဆရာအချို့မှလည်း ယခုအချိန်မှာ အပြောင်းအလဲ လျှောက်ထားသူများစွာရှိသည့်အနက် ပြောင်းရွှေ့မိန့် အလိုလိုကျပြီး ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ အကယ်၍ အထက်မှ ထိထိရောက် ရောက်အရေးယူရမည်ဆိုပါက တိုင်တန်းခံရပြီး မကြာမီမှာအရေးယူရမည်ဖြစ်ပြီး အရေးယူမှုတစ်စုံ တစ်ရာမှ မရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဆရာများမှ သုံးသပ်ကြခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ချင်းလူမျိုးအများစုရှိရာနေရာမျိုး၌ လူမျိုးခြားရောက်လာပြီး စော်ကားသည့်ပြုမူပြောဆို သူများ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို စော်ကားသည့် စိတ်ဓာတ်ပိုင်ဆိုင်သူများနှင့်ခပ်ကင်းကင်း နေထိုင်ရန် သာဖြစ်တော့သည်။ အမှန်ဆိုလျှင် လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် မည်သည့်ပုဂ္ဂိုလ်မဆို ထိရောက်စွာအရေးယူရန်အရေးယူရန် အရေးကြီးလှသည်။ စော်ကားခဲ့သူမှ တိုက်ရိုက်ပင်ပြန်လည် တောင်းပန်ရန်လိုအပ်သည်။ ဒေါ်သန်းသန်းမော်မှ ချင်းလူမျိုးများအား စော်ကားသည့်ပြောဆို နေမှုများမှာ အတိုင်ခံရသည့်အကြိမ်၌ သာမကပဲ ယခင်ကတည်းက ထိုသို့ပြောဆိုခဲ့မှုများစွာရှိသည်ဟု မြန်မာစာမေဂျာတက်ရောက်နေသူ ချင်းကျောင်းသူများ ကိုယ်တိုင်ပြောဆိုခဲ့သည်။ တိုင်တန်းခဲ့သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီးလည်း ကလေးတက္ကသိုလ် ချင်းဆရာများ ကိုယ်တိုင် မကျေနပ်၍ ကျောင်းသားများနှင့်အတူ အစည်းအဝေးပြုလုပ်ပြီး ဆရာများအနေဖြင့် အဆိုပါကိစ္စ၌ တိုက်ရိုက်ဝင်ပါ၍ အဆင်မပြေ၍ ခစယ(ကလေး) မှတိုင်တန်းခဲ့ခြင်းဖြစ်သည်။
ချင်းတက္ကသိုလ်ကျောင်းသူ/သား အများစုတက်ကြသည့် ကလေးမြို့၊ ပခုက္ကူ၊ မုံရွာ၊ မကွေး စသည့်နေရာမျိုးတွင် ပို၍ခွဲခြားဆက်ဆံခံရသည်မှာ ယခုမှမဟုတ်ပေ။ ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် လည်း Christian University Fellowship (CUF) မှ ခရစ်ယာန်တက္ကသိုလ် ကျောင်းသူ/ သားများ တနင်္ဂနွေ တွင် ဝတ်ပြုရန်အတွက် ဘုရားကျောင်းတည်ဆောက်ရန် အခက်အခဲပေါင်း စုံကြားမှ ကြိုးပမ်းခဲ့မှုကိုလည်း အုတ်မြစ်လှန်ပြီး ဖျက်စီးပေးခြင်း၊ ပခုက္ကူတွင် ချင်းတက္ကသိုလ် ကျောင်းသူ/သားများ စည်းဝေးဝတ်ပြုစဉ် ခဲဖြင့်ထုခြင်း၊ ဝင်ရိုက်ခြင်းစသကဲ့သို့ ခံခဲ့ရမှုများစွာရှိခဲ့သည်။ အထူးသဖြင့် ကလေးတက္ကသိုလ်ကဲ့သို့ ချင်းကျောင်းသူ/သား အများစုတက်ရောက်သည့် နေရာမျိုးတွင် အစော်ကားခံရသည် ဆိုသည်မှ စဉ်းစားဖွယ် ရာများလှပါသည်။ ဖြစ်လည်းမဖြစ်သင့်ပါ။ ချင်းကျောင်းသူ/သား အများစုတက်ရောက်ပါလျက်နှင့် တစ်စုံတစ်ဦးလောက်၏ စော်ကားခံရသည်ဆိုသည်မှာ ရှက်ဖွယ်လည်းကောင်းလှပါသည်။ နိုင်ငံခြားရောက် ချင်းလူမျိုးများအနေဖြင့် ပညာတတ်များစွာဖြင့် ကမ္ဘာအလယ်တွင် ဂုဏ်တင့်တယ်စွာ ထိုးဖောက်လာနိုင်ချိန်တွင် ပြည်တွင်းရှိ ချင်းလူမျိုးများအနေဖြင့် အနှိမ်ခံရသည့် အဖြစ်အပျက်မှာ လက်ခံဖွယ်ရာမရှိပေ။
၈၈ အရေးခင်းအပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးစဉ်က တည်ထောင်ခဲ့သည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဆလိုင်းရမ်လိန်မှုန်း ဆယ်တန်းဘဝကအဖြစ်အပျက်တစ်ခုကို သွားသတိရမိသည်။ ဖလမ်းမြို့အ.ထ.က ကျောင်းတွင် လူမျိုးခြားဆရာတစ်ဦးက ချင်းအမျိုးသမီးများအား ဂုဏ်သိက္ခာကျဆင်းစေသည့် ပုတ်ခတ်စော်ကားမှုရှိခဲ့ခြင်းကြောင့် ချင်းလူမျိုးအတွက် ခံပြင်းစိတ်ဖြင့် အထက်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသူ/သားများအား စုစည်းကာ မြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့်အတွက် အဆိုပါ ကျောင်းဆရာမှာ ဖလမ်းတွင် ကြာကြာပင်နေခွင့်မရခဲ့ပေ။ ထိုစဉ်က လူမျိုးတစ်မျိုးအား စော်ကားခဲ့သူတစ်ဦးကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်သူမှာ ဆယ်တန်းကျောင်း သားအရွယ် ဖြစ်သည်။ တက္ကသိုလ်အဆင့်မျိုး၌ ပင်စော်ကားခံရမှုမျိုးကို အတော်စဉ်းစားစရာလိုလာပါသည်။ လူမျိုးတစ်မျိုးစော်ကားမှုသည် တက္ကသိုလ်ကျောင်းသူ/သားများကသာ တုံ့ပြန်သင့်သည်ဟုဆိုလိုခြင်းမဟုတ်ပဲ ချင်းလူမျိုးအားလုံး နှင့်လည်းသက်ဆိုင်ပါသည်။ အစိုးရသစ်ပြောင်းလဲခါစက နိုင်ငံတော်သမ္မတဦးသိန်းစိန် ချင်းတောင်ခရီးလာစဉ်၌ နိုင်ငံကျော်စာရေးဆရာ ပီမိုးနင်း မှ ချင်းများသည် လူသားစားများဖြစ်ကြောင်း ရေးသားမှုကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သဖြင့် မင်းတပ်မြို့ဒေသခံများမှ ပြန်လည်တောင်း ပန်ရန်စာရေးခဲ့ပြီး ဆန္ဒထုတ် ဖော်ပွဲလုပ်ဖို့ရန်ပါ ပြုလုပ်ခဲ့သဖြင့် နိုင်ငံပိုင်သတင်းစာမှ ချင်းလူမျိုးအား တောင်းပန်ကြောင်း တောင်းပန်စာပြန် လည်ရေးသားခဲ့သည်။ ထို့အပြင် သမိုင်းအဆက်ဆက် နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ခဲ့သည့် ချင်းသူရဲကောင်းများ၊ နိုင်ငံအတွက် ရဲရဲဝံ့ဝံ့တာဝန်ထမ်းဆောင်ခဲ့သည့် သူရဘွဲ့ရချင်းသူရဲကောင်းများ၏ ရဲစွမ်းသတ္တိများစွာကို ပြန်လည်အာရုံသွင်းရန်လိုပိုပိုလိုအပ်လာပါသည်။
အဆိုပါကိစ္စထက်ပို၍ ဆိုးရွားမှုများရှိသေးသည်။ ချင်းလူမျိုးများနေထိုင်ရာ ချင်းပြည်နယ်၌ပင် လူမျိုးခြားများလာရောက်စော်ကားမှုများစွာရှိသည်။ အပြစ်ပေးခံ နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်များမှ အပြစ်ပေးသူများကို ချင်းတောင်ကိုပို့လာကြသည်။ ထိုကဲ့သို့ အပြစ်ပေးခံရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သို့စေတနာရှိရှိ အဝေးချင်းတောင်တွင် တာဝန်ထမ်းဆောင်မည်၊ ဒေသအကျိုးသယ်ပိုးပေးမည်ဆိုသည်မှာ သံသယများစွာ ရှိပါသည်။ အပြစ်ပေးခံရသူဖြစ်သည့်အတွက် ရောက်ရာနေရာတွင် ထပ်မံသောင်းကျန်းခြင်း၊ လက်အောက် ငယ်သားများအား မထီမဲ့မြင်ပြုစော်ကားခြင်း၊ ဗမာစကားရည်ရည်လည်လည်မပြောတတ်သည့် ချင်းများကို နှိမ်ခြင်း၊ သရော်ခြင်း၊ ဧည့်ဝတ်ကျေတတ်သည့် ချင်းလူမျိုးများအား ခိုင်းဖော်အဖြစ်သဘော ထားခြင်းစသည့် မတရားမှုများစွာရှိသည်မှာ ယခင်ကတည်းကပင်ဖြစ်သည်။ မိမိဆုံဖူးသည့် ချင်းလူမျိုးအချို့မှာလည်း ဧည့်သည်ကို အထင်ကြီးစိတ်၊ ဗမာစကားပြောဆိုသူများကို အထင်ကြီးခြင်း၊ ဝေယာဝစ္စလုပ်ပေးသည်နှင့်ပင် ဂုဏ်ယူနေခြင်းစသည့် အနေအထား၊ စိတ်ဓာတ်များကို ပစ်ပယ်ရန်လို အပ်လှပါသည်။ မိမိလူမျိုးအချင်းချင်းကြားတွင်မှု လေးစားမှုမရှိခြင်း၊ ရန်လိုခြင်းများလုပ်ပြီး လူမျိုးခြား၏ မတရားပြုမူမှုများကိုမူ မပြောရဲ၊ မဆိုရဲသည့် အနေအထားများကို ပြုပြင်ရန်လည်းလိုပါသည်။ ဧည့်သည်မှ အိမ်ရှင်လာဖြစ်ပြီး အိမ်ရှင်သည် ဧည့်သည်ပြန်ဖြစ်ရသည့် အနေအထားမျိုးလုံးဝအဖြစ်မခံသင့်ပါ။ မိမိတို့ပြည်နယ်၊ လူမျိုး၊ ဂုဏ်သိက္ခာကို မိမိတို့ ကိုယ်တိုင်နင်းခြေရာရောက်ပါသည်။
ကျွန်တော်တို့တိုင်းပြည်သည် လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်ဖြစ်သလို လူမျိုးအချင်းချင်းကြား၊ နယ်မြေတစ်ခုနဲ့တစ်ခုကြားသွားလာရောနှောနေထိုင်လျက်ရှိပါသည်။ သမိုင်းကြောင်းမတူသည့် လူမျိုးအချင်း ချင်း၊ နယ်နိမိတ်အချင်းချင်းပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်ဝေါကာ ကမ္ဘာ့စာမျက်နှာတွင် နိုင်ငံတစ်ခုအဖြစ်ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။ လူမျိုးပေါင်းစုံနေထိုင်သော်လည်း လူဦးရေအရ ပို၍များပြား သည့်အုပ်စု၊ နည်းသည့်အုပ်စု စသည်ဖြင့်တော့ကွဲပြားပါသည်။ သို့သော် ပြည်ထောင်စုကြီးကို တန်းတူတည်ထောင်ခဲ့သူများဖြစ်ကြသည့်အတွက် လူဦးရေနည်းသည်ဖြစ်စေ၊ နယ်နိမိတ်ပို၍ကျယ်သည်ဖြစ်စေ အားလုံးသည် တန်းတူဖြစ်သည်။ ဇာတ်နိမ့်ဇာတ်နိမ့်ဟူ၍မရှိ၊ အားလုံးသည် အိမ်ရှင်များဖြစ်ကြသည်။ မည်သူမျှ ဧည့်သည်မရှိပါ။
တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ခုတွင်ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်၊ လူဦးရေဒုတိယ အနည်းဆုံးပြည်နယ်၊ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဟုအများကသိရှိထားသည်။ အခြားနိုင်ငံများတွင် ထိုသို့သော ပြည်နယ်များကို ပြည်ထောင်စုအစိုးရမှပင် ထောက်ပ့ံကြေးများစွာပေးထားသည်။ မည်သည့် သယံဇာ တမျှမထွက်ရှိသည့်အတွက် ပြည်ထောင်စုထောက်ပ့ံငွေအနည်း အကျဉ်းသာရရှိသင့်သည် စသည်ဖြင့် ယူဆသူများလည်းရှိသည်။ မိမိတို့ချင်းလူမျိုးအကြီးအကဲများကိုယ်တိုင်ကပင် မိမိပြည်နယ်၌ မည်သည့် သယံဇာတမရှိခြင်းကြောင့် ပြည်ထောင်စုကို လိုအပ်ချက်ရန်ပုံငွေစသည်ဖြင့် တောင်းရန် အခက်အခဲ ဖြစ်ကြောင်း၊ တောင်းရမှာအားနာကြောင်း ပြောဆိုသူများပင်ရှိသည်။ မိမိမိတ်ဆွေတစ်ဦးမှ ထိုသို့ပြော ဆိုလေ့ရှိသည့် အကြီးအကဲများကို ပြန်တုံ့ပြန်သည်မှာ နေပြည်တော်ကို ဘတ်ဂျတ်ဘီ လီယံချီ အသုံးပြုပြီး သွားလာသူပင်သိပ်မရှိသည့် ရှစ်လမ်းသွားလမ်းမကြီးများကိုပင် ဖောက်လုပ်ထားပေးကြောင်း၊ ထို့သို့ဆိုလျှင် နေပြည်တော်၌ မည်သည့်သယံဇာတမျှ ထွက်ရှိခြင်းမရှိဟုပြန်တုံ့ပြန်ခဲ့သည်။
ချင်းလူမျိုးများအနေဖြင့် လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ စီးပွားရေးသမားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ မသန်စွမ်းဖြစ်ဖြစ်၊ နိုင်ငံဝန်ထမ်းဖြစ်ဖြစ် အတွေးအာရုံနှင့် အသွေးအသားတွင်းက မည်သည့်နေရာ ရောက်ရှိ နေပါစေ မမေ့မပျောက်ခံယူရရန်မှာ မိမိတို့လူမျိုးမှာ မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြသူများ(Founder)ဖြစ်ကြောင်း၊ မည်သည့်အချိန်အခါ၊ နေရာ၌မဆို အိမ်ရှင်များဖြစ်နေပြီး အိမ်ရှင်စိတ်ဓာတ်မွေးထားရန်လိုအပ်ကြောင်း၊ မိမိတို့၌ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ်ပိုင်ရိုးရာ၊ စာပေဖြင့် ဘိုးဘွားစဉ်ဆက် အောက်ကျမခံနေထိုင်ခဲ့သည့် လူမျိုးများဖြစ်ကြောင်းကို သတိချပ်ခံယူရင်း မတရားမှု၊ လူမျိုးဂုဏ်ဝိသေသများအစော်ကားခံရမှုများကို သတ္တိရှိရှိ ပူးပေါင်း တုံ့ပြန်ဖြေရှင်းနိုင်ရန် အရေးကြီးပါသည်။