ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ရေးရာလုပ်ငန်းဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ရေးရာလုပ်ငန်းဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း

“ကျမတို့ကရင်တွေက ရိုးသားတယ်။အဲ့ဒီရိုးသားတဲ့အပေါ်မှာ ဖိနှိပ်ခံကြရတာကို ကိုယ့်ကိုယ်ကို မသိကြဘူး။”

– တိုင်းဒေသကြီးရဲ့ ကရင်ရေးရာဝန်ကြီးအနေနဲ့ သက်တမ်း(၂)နှစ်ကာလအတွင်းမှာ ဘာတွေလုပ်ဆောင်ခဲ့ပြီးပါပြီလဲ။

ဒီ (၂) နှစ်အတွင်းမှာ ကရင်တွေနဲ့ပတ်သက်ပြီး တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သွားလာ ရေးအတွက် ဧရာဝတီတိုင်းတစ်ခုလုံးမှာ ကျမမှာတာဝန်ရှိတယ်။ အဲ့ဒါကြောင့် အလိုအပ်ဆုံးဖြစ်တဲ့ စာသင်ကျောင်းတွေ လိုအပ် တဲ့ ငွေကြေးတွေကို အစိုးရဘတ်ဂျက်ထဲကနေ ထုတ်ပေးနိုင်ခဲ့တယ်။

နောက်ပြီး ကျမတို့ ကရင်တွေ အကြောက်တရားရှိနေတုန်းအခါကျတော့ ဘုရားကျောင်းတွေကို မတည်ဆောက်ရဲကြ ဘူး။ ဘာသာရေးနဲ့ပတ်သက်ပြီး၊ စာသင်ကျောင်းနဲ့ပတ်သက်ပြီး မတောင်းဆိုရဲကြဘူး။ တချို့ဆိုရင် ကိုယ့်ကိုယ်ကို ကရင်လို့ တောင် မပြောနိုင်ကြတော့တာကြောင့် အမှောင်လောကထဲကနေ အလင်းရောင်ပေါ်ထွက်လာပြီး ဖြစ်တဲ့အတွက် မကြောက်ရွံ့ ကြဖို့ ကျမအနေနဲ့ သူတို့ကို တိုက်တွန်းခဲ့ရတယ်။ နောက်ပြီး ကျောင်းသားကလေးသူငယ်တွေအတွက် ကရင်မူကြိုတန်း၊ ပထမ တန်းအတွက် စာအုပ်တွေကို တစ်တိုင်းလုံးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်တယ်။ နောက်ပြီး ကရင်ကျောင်းဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးဆိုင်ရာ အထောက်အကူပြု (Teaching assistance) အတွက် တင်ပေးထားပြီးပြီဖြစ်တယ်။

– ဒီ(၂)နှစ်တာ ဆောင်ရွက်ချက်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲစိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

အခက်အခဲတွေကတော့ ကျမတို့ကရင်တွေ ကိုယ့်တန်ဘိုး၊ ကိုယ့်ဂုဏ်သိက္ခာရှိမှုကို မသိကြဘူး။ စာပေစကားသင်ကြား မှုနဲ့ပတ်သက်ပြီး သူတို့ကိုယ်သူတို့ တန်ဖိုးရှိမှန်းမသိကြဘူး။ ဒီကရင်စာသင်ကြားခြင်းဖြင့် အင်ဂျင်နီယာ၊ ဒေါက်တာ ဖြစ်နိုင်လို့ လားဆိုပြီး မေးဖူးတာခံရတဲ့အတွက် တနည်းအားဖြင့်တော့ ကျမတို့ကရင်တွေမှာ အမြင်ကျဉ်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်တော့ ကျမပြောချင်တာက အခု ကရင့်သက္ကရာဇ် ၂၇၅ရရှိပြီး။ တကယ်တော့ ကျမတို့ကရင်တွေ မြန်မာပြည်ထဲကို ဆင်း လာတာက အဲ့တုန်းက မှတ်သားထားတဲ့ စာပေ အထောက်အထားမရှိတဲ့အတွက် မသိခဲ့ရဘူး။

နောက်ဒုတိယအကြိမ် ဆင်းလာပြန်တော့လည်း ရေးသားမှတ်သားထားတာ မရှိတဲ့အတွက် မသိရပြန်ဘူး။ နောက်မှ သုံးဖွဲ့မြောက်မှာမှ သူတို့ဆင်းလာတဲ့အပေါ်မှာ စာတတ်တဲ့အတွက် ရေးမှတ်သားထားတာကြောင့် ကျမတို့ ကရင်တွေ မြန်မာ ပြည်ထဲကို အရင်ဆုံးဆင်းလာတာ အခုဆို သက္ကရာဇ် ၂၇၅ရရှိပြီးဖြစ်တာကို သိရတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုသိရမှာက ကိုယ့်စကားကို မပြောတတ်ဘူး။ ကိုယ့်စာပေကိုမသိဘူးဆိုရင် လူမျိုးပျောက်လိမ့်မယ်။ ဘာကြောင့် ကျမ အဲ့လိုပြောရလဲဆိုရင် ၂၀၁ဝခုနှစ်တုန်းက စာရင်းအရ ကျမတို့ ဧရာဝတီတိုင်းမှာ ကရင်လူဦးရေ ၁၆သိန်းကျော်ရှိတယ်။ ဒါပေမဲ့ ဒီ ၂၀၁၄ခုနှစ် စာရင်း အရ လေးနှစ်အတွင်းမှာ ၁၁သိန်းကျော်ပဲ ကျန်တော့တယ်။

ကိုယ့်တန်ဘိုး၊ ကိုယ့်ဂုဏ်သိက္ခာရှိတာကို မသိကြတာကြောင့် လူမျိုးပျောက်သွားတယ်။ ဒါကြောင့် ကိုယ့်စာပေ၊ ကိုယ့် စကားကို တတ်ကိုတတ်ရမယ်။ အခုဆို ကျမတို့ ကရင်တွေမှာ အကြောက်တရား တအားကြီးနေသေးတယ်။ ကိုယ့်ကိုယ်ကို ကရင်ပြောရမှာ ကြောက်နေကြတုန်းပဲ။ ဘာဖြစ်လဲဆိုတော့ သူတို့ကို နှိပ်စက်ထားတာတွေ၊ သတ်ဖြတ်ခဲ့တာတွေက အများကြီး ကြုံခဲ့ရဖူးတာကြောင့် ကြောက်နေကြတုန်းပဲ။

– ကျန်ရှိတဲ့ တာဝန်သက်တမ်းကာလမှာကော ဘာတွေကို လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ကရင်စာပေတိုးတက်မြင့်မားဖို့ ကျမတို့ ကြိုးစားလုပ်ဆောင်နေခဲ့ပြီးဖြစ်တယ်။ စာပေမြင့်မှ ပညာမြင့်မှ ကိုယ့်လူမျိုး တိုး တက်မယ်ဆိုတာကို ပြောဆိုထားခဲ့တယ်။ ဘာဖြစ်လဲဆိုတော့ ကျမတို့ကရင်တွေ အသောက်အစား တအားများနေပြီး ပညာရေး ကိုလိုက်စားမှု အားနည်းနေသေးတယ်။ အရင်တုန်းက အသိပညာ ဗဟုသုတခေတ် အခုကျတော့ Information and Techno-logical (IT) ခေတ်ဆိုတဲ့အခါကျတော့ ကရင်တွေ ဒါတွေကို တတ်ကိုတတ်ရမယ်။

အခု စီးပွားရေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်မှုဇုံတွေ ရှိဖို့အတွက် ကရင်ဒေသတွေမှာ ကြိုးစားပြီး လုပ်ထား တယ်။ သူတို့တွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့အတွက်နဲ့ အလုပ်သမားနေရာ၊ အလုပ်သမား ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမား နားနေဆောင်တွေနေရာရှိလား၊ လုပ်နိုင်မလား ဆိုတာကို ရင်းနှီးမြှုပ်နှံမှု လာလုပ်မဲ့သူတွေကို ပြောဆိုထားတာ ရှိတယ်။ အခုလည်း လုပ်နေပြီးဆိုတဲ့အခါကျတော့ ကျမတို့ မူဝါဒထုတ်ဖို့ရှိတယ်။ ကျမတို့ကရင်တွေ သူများအိမ်တွေမှာသွားပြီး အိမ်ဖော်အနေနဲ့ သွားမလုပ်ရဖို့အတွက် သူများအိမ်အလုပ်တွေသွားလုပ်တဲ့အခါ ညှင်းပန်းနှိပ်စက်ခံရပြီး ကျမတို့ကရင်ဆိုရင် လူ တွေသိတာက အိမ်ဖော်လို့ပဲ သိတယ်။

ကရင်ဆိုတာ မြင့်မြတ်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ ကရင်တွေဆိုရင် သူများအလုပ်တွေလုပ်ရပြီး အိမ်ဖော်အနေနဲ့သွား လုပ်ရတာကို ကျမအနေနဲ့ မကြိုက်ဘူး။ ပြီးတော့ ကရင်တွေက တောချုံအုံကြားနဲ့ မြစ်ကမ်းတွေမှာနေကြတာကြောင့် အသိ ပညာ ဗဟုသုတနည်းကြတယ်။ ဒါကြောင့် သူတို့တွေ အလုပ်ရနိုင်ဖို့အတွက် အသိပညာ၊ အတတ်ပညာ နေထိုင်ကျန်းမာမှု တိုးတက်လာဖို့အတွက် လုပ်ဆောင်သွားဖို့ ကျမမှာ အစီအစဉ်တွေရှိထားတယ်။ အခု မအူပင်မှာ စက်မှုဇုံနဲ့ ညောင်တုန်းမှာ ငါးမွေးနဲ့သားဖောက်လုပ်ငန်းကို အခု ကျမတို့လုပ်ဆောင်နေပြီ။ အခု ငါးသားဖောက်လုပ်ဖို့အတွက် လိုအပ်တဲ့ပညာရှင်ကို ဖိတ် ခေါ်သွားဖို့ တင်ပြထားပြီးဖြစ်တယ်။ အဲ့ဒါကလည်း မွေးမြူရေးလုပ်ငန်းလုပ်နေတဲ့ ကရင်တွေကို မြှင့်တင်သွားဖို့အတွက် ဖြစ်တယ်။

ဒီလိုလုပ်ဆောင်ဖို့ဆိုတာကလည်း အစိုးရဘက်က တွန်းအားပေးရမယ်။ ငွေကြေးရှိတဲ့သူလည်းရှိတယ်။ ကရင်တွေအ တွက် စိတ်အားထက်သန်တဲ့ ကရင်ခေါင်းဆောင်တွေလည်းရှိတဲ့အတွက် ကျမတို့စုပေါင်းလုပ်ဆောင်ကြရလိမ့်မယ်။ နောက်ပြီး ကျမအနေနဲ့ ရည်ရွယ်ချက်တစ်ခုရှိတာက ကရင်နဲ့ပတ်သက်ပြီး ကရင်တွေအတွက် ဒီတိုင်းထဲမှာ စုစည်းဖို့ ခန်းမမြေနေရာ မရှိ သေးဘူး။ တကယ်လို့ အဲ့နေရာရှိပြီးဆိုရင် ကရင်လူငယ်တွေအတွက် စုစည်းပြီးတော့မှာ အသိပညာသင်တန်းတွေအတွက်၊ စည်းဝေးပွဲတွေအတွက် စသည်ဖြင့်ပေါ့။ အမျိုးမျိုးလုပ်နိုင်တာပေါ့။ ဒါကတော့ ကျနော်တို့ ရည်ရွယ်ချက် အကြီးကြီးတစ်ခုပေါ့။

– ကရင်လူမျိုးတွေကို ဘာများ တိုက်တွန်းပြောဆိုချင်သလဲ။

အခု ကျမတို့ကရင်လူမျိုးအချို့ ကရင်စကားမပြောတတ်ဘူး။ ကရင်စကား နားမလည်တာကြောင့် စကားနဲ့ ပတ်သက် ပြီး မိဘ၊ မိသားစုတွေမှာ အဓိက တာဝန်ရှိတယ်။ စာပေနဲ့ပတ်သက်ရင်တော့ ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်။ အခု စာပေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျမတို့ခေါင်းဆောင်တွေ စုပေါင်းကြိုးစားလုပ်ဆောင်နေကြပြီး ဖြစ်တယ်။ ကျမတို့ ကရင်လူမျိုးထဲမှာ စာပေနဲ့စကားက အဓိကအရေးကြီးဆုံးဖြစ်တယ်။ မဟုတ်ရင် စကားပျောက်ရင် စာပေပျောက်မယ်။ စာပေပျောက်ရင် လူမျိုး ပျောက်သွားနိုင်တာကြောင့် စာပေနဲ့ စကား လိုအပ်သလို ယဉ်ကျေးမှုကလည်း တိုးတက်မြင့်မားဖို့ ထိန်းသိမ်းထားဖို့ တကယ် လိုအပ်တယ်။

အခြေခံဥပဒေထဲမှာ ရှိပါတယ်။ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ ဒါပေမဲ့ ကျမတို့ကရင်တွေ မသိကြဘူး။ နောက်ပြီး ဌာနေတိုင်းရင်းသားများ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေးထဲမှာလည်း ရှိတယ်။ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ အခြေခံဥပဒေထဲမှာလည်း အစိုးရကတောင်မှ ကူညီပေးရမယ်။ ဓလေ့ထုံးတမ်းတွေကို မဖျက်ဆီးရဘူး။ အရင့်အရင် အဖိုးအဖွားတွေ လက်ထက်ကတည်းက ယုံကြည်လာခဲ့တဲ့ ထုံးတမ်းအစဉ်အလာတွေကို သွားပြီး မဖျက်ဆီးရဘူး ဆိုတာ ပါရှိပြီးသား။

ကျမတို့ကရင်တွေက ရိုးသားတယ်။ အဲ့ဒီရိုးသားတဲ့အပေါ်မှာ ဖိနှိပ်ခံကြရတာကို ကိုယ့်ကိုယ်ကို မသိကြဘူး။ ဒါကြောင့် ကျမ ပြောတာက ကရင်တွေ ပင်ကိုယ်ဂုဏ်သိက္ခာအရ ရိုးသားသည်၊ ဒါပေမဲ့ မရိုးအပါနဲ့။ နောက်ပြီး ကရင်လူငယ်တွေ အသောက်အစား မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးကြရတာ တစ်ယောက်ပြီးတစ်ယောက် မိသားစုဝင်တွေတောင် မသိဘဲ သေခဲ့ရတာတွေ အများကြီးရှိတယ်။ ဒီမူးယစ်ဆေးဝါး အသောက်အစားကြောင့် ကိုယ့်တာဝန်၊ ကိုယ့်တန်ဖိုး၊ ကိုယ့်ဂုဏ်သိက္ခာ ကို မသိကြတော့ဘူး။ ကရင်လူငယ်တွေမှာ တစ်နေ့ကျရင် ကိုယ့်ကရင်လူမျိုးရဲ့ ဂုဏ်သိက္ခာ၊ တာဝန်တွေကို ထမ်းဆောင်ဖို့အ တွက် တာဝန်ရှိတာကြောင့် ဒီမူးယစ်ဆေးဝါး အသောက်အစားတွေကို ကရင်လူငယ်တွေအနေနဲ့ ရှောင်ရှားပြီးတော့ ပညာရေးကို ကောင်းစွာသင်ယူပြီး ပညာရှင်တစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာဖို့ အရေးကြီးဆုံးဖြစ်တယ်။

– အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ကရင်အမျိုးသမီးတွေကို ဘယ်လိုတိုက်တွန်းပြောကြားချင်ပါသလဲ။

အမျိုးသမီးတွေက ကိုယ့်ကိုုယ်ကို နှိမ့်ချလွန်းတယ်။ အမျိုးသမီးတွေက ပိုပြီးလုပ်နိုင်တယ်။ ဘာဖြစ်လဲဆိုတော့ အမျိုး သားတွေ လုပ်တာကို ကျမတို့ အမျိုးသမီးတွေ လုပ်နိုင်တာပဲ။ ဒါပေမဲ့ ကွာတာကတော့ equal နဲ့ quality မတူဘူးပေါ့နော်။ အမျိုးသမီးတွေ ကိုယ့်ရဲ့ equal(တန်းတူမှု) နဲ့ quality(အရည်အသွေး)တွေကို မသိကြဘူး။ အခုချိန်ထိတော့ ကျမတို့ တိုက် တွန်းနေတုန်း။ သူတို့က ကိုယ့်ကိုယ်ကို ကျောက်ချထားတုန်းပဲ။ ကျမတို့မှာ Convention of Economic, Social, Culture and Right – CESCR အခွင့်အရေးရှိတယ်။ ဒါကို အစိုးရက လက်မှတ်ထိုးထားပြီးဖြစ်တယ်။ ဒါကို ကျမတို့ တိုက်တွန်းနေတုန်းပါပဲ။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...