မွန်အမျိုးသားခေါင်းဆောင်နိုင်ဟံသာသဘောထားအမြင်များ

မွန်အမျိုးသားခေါင်းဆောင်နိုင်ဟံသာသဘောထားအမြင်များ
by -
ကေအိုင်စီ
‘’AA, MNDA,TNLA ကိုသွားမတိုက်ဘူးဆိုရင်.၊ NCA ထိုးဖို့မထိုးဖို့ကိစ္စကအဲဒီ Framework ညှိနှိုင်းတဲ့အပေါ်မှာမူတည်တယ်။ဒီကြားထဲမှာFramework ညှိနှိုင်းမယ်။တကယ်လို့ Framework ညှိနှိုင်းလို့သဘောကျပြီးလက်ခံနိုင်ပြီးအချိန်မရွေးထိုးမယ်’’

၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး နေပြည်တော်ရှိ(MICC 2)ခန်းမတွင် သြဂုတ်၃၁ရက်မှ စက်တင်ဘာ၃ရက်နေ့အထိကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အစိုးရ၊တပ်မတော်၊ လွှတ်တော်အစုအဖွဲ့များအပါအဝင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့ပေါင်း ၁၈ဖွဲ့ကတက်ရောက်ခဲ့ကြသလို နိုင်ငံရေးပါတီများ၊အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများမှတာဝန်ရှိသူများ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် ဖိတ်ကြားထားသူများအပါအဝင် လူပေါင်း၁၈၀၀ခန့်တက်ရောက်ခဲ့ကြသည်။

အစိုးရသစ်၏ ပထမဆုံးငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ်အစည်းအဝေးနှင့်ပတ်သက်၍လည်းကောင်း၊NCA စာချုပ်တွင်လက်မှတ်ရေးထိုး၊မထိုး၊ NCA လက်မှတ်မထိုးရသည့်အကြောင်းအရင်းများနှင့် အစိုးရသစ်အပေါ်သဘောထားများကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုဆိုင်ရာ သဘောတူစာချုပ် (NCA )ကို လက်မှတ်မရေးထိုးခြင်းမရှိသေးသော မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနိုင်ဟံသာ၏ သဘောထားအမြင်ကိုကောက်နုတ် ဖော်ပြလိုက်ပါသည်။

----

မေး။  ။၂၁ရာစုပင်လုံညီလာခံအပေါ်ဘယ်လိုသဘောထားအမြင်ရှိပါသလဲ။

ဖြေ။  ။ဒီပွဲမှာတော့သူ့အမြင်သူတင်၊ကိုယ့်အမြင်ကိုယ်တင် အားလုံးတင်လိုက်ကြတယ်ပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်အမြင်ကိုပွင့်ပွင့်လင်းလင်းတင်ပြတယ်။ အစိုးရဘက်၊ ဟိုတပ်မတော်ဘက်ကလည်း သူတို့အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြတယ်။ အခြေအနေကတော့ တစ်ခုကောင်းတာက ကျွန်တော်တို့နိုင်ငံမှာ ပြဿနာဘယ်လိုရှိနေလဲ။ အုပ်စုတစ်ခုနဲ့တစ်ခုကြားမှာ အမြင်ဘယ်လိုရှိနေလဲဆိုတဲ့ဟာကို တော့ဒီပွဲမှာမြင်လိုက်ရတယ်။ ပြည်သူတွေလည်း သိလိုက်ရတယ်ပေါ့။ အဲဒီတက်နေတဲ့ အဖွဲ့တွေအားလုံးလည်းသိသွားတယ်။

အဲဒီအနေအထားမျိုးမှာ တစ်ခုကောင်းတာက ရောဂါတစ်ခုကိုကုချင်ရင် ရောဂါရဲ့လက္ခဏာ အချက်အလက်တွေအားလုံးကို သိရတယ်ပေါ့။ သိပြီးတော့မှ အဲဒါကိုဆက်ကုနိုင်ဖို့အတွက်ကတော့ ဒါအခြေခံနည်းလမ်းတွေရှာရမယ်ပေါ့လေ။ အရင်ကဖုံးထားတဲ့ အနေအထားကလူတွေမသိဘူး။ အခုကတော့ပွင့်ပွင့်လင်းလင်းနဲ့ လူထုတွေပါသိသွားပြီ။ အဲဒါကိုဘယ်လိုနည်းနဲ့ဖြေရှင်းမလဲ။ အများဘယ်လိုလက်ခံမလဲ။ နောက်ဆုံးကတော့ အများလက်ခံတဲ့ပုံစံကိုသွားမှာလား။ အဲဒီအနေအထားတွေလည်းရှိပါတယ်။

မေး။  ။NCA မှာဘာကြောင့်လက်မှတ်မထုုိးခဲ့တာလဲ။

ဖြေ။  ။NCA ရရှိဖို့က NCCT(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့)ကို ဖွဲ့စည်းပြီးတော့မှ ဆွေးနွေးလာတာတစ်နှစ်နဲ့ငါးလရှိသွားပြီ။ အဲ့ဒီမှာမူကြမ်းတစ်ချို့ နားလည်မှုရတယ်။ ၂၀၁၅မတ်လကုန်မှာ လက်မှတ်တွေထိုးကြတယ်။ မူကြမ်းတွေမှာ အန်ကယ်တို့ပါဝင်လက်မှတ်ထိုးခဲ့တယ်။ အဲ့ဒီမူကြမ်းက အန်ကယ်တို့ဘက်က ထိပ်သီးခေါင်းဆောင်တွေကို တင်ပြပြီးတော့ ဘယ်ဟာတွေကိုထပ်ဖြည့်ချင်လဲဆိုတာ တင်ပြပြီးတော့မှ ပြန်ယူလာမှာမယ်။ ပြီးရင်ပြန်ညှိမယ်ပေါ့။ သူတို့ဘက်ကလည်း UPWC (ပြည်ထောင်စုငြိမ်ချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ) အနေနဲ့က  UPCC (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ)ကို တင်ပြပြီးတော့မှ ထပ်ပြင်လည်းသူတို့ပြင်မယ်။ နောက်ပြီးတော့ပြန်ညှိမယ်ဆိုတဲ့ မူကြမ်းတွေနဲ့ပဲ သဘောတူထားကြတယ်။ သဘောတူထားပြီးတော့ အန်ကယ်တို့က အဲ့လိုပဲထိပ်သီးခေါင်းဆောင်အစည်းအဝေးလုပ်လိုက်တယ်။ နောက်ပြင်ချင်တဲ့ အချက်အလက်တစ်ချို့ကို စုလိုက်တယ်။ ပြီးတော့တင်လိုက်တယ်။

အဲ့လိုတင်ပြဖို့ကအန်ကယ်တို့ NCCTက ဆွေးနွေးထားတယ် သဘောတူထားတယ်ဆိုတဲ့အနေအထားမှာ အန်ကယ်တို့ ထပ်ပြင်ရင်နည်းနည်းပြောရခက်မယ်။ အဲ့တော့အန်ကယ်တို့က SD(Senior delecation) ဆိုပြီးတော့မှ ဖွဲ့စည်းပြီးတော့ အဖွဲ့သစ်အနေနဲ့ထပ်ပြီးတော့ လာဆွေးနွေးတယ်။ အဲ့ဒီဆွေးနွေးတဲ့အခါကြတော့ အဲ့ဒီပြင်ဆင်ချက်တွေကို သူတို့ကအဲ့ဒီစာတမ်းမှာ ပြင်ခွင့်မပေးတော့ဘူး။ နှစ်ဘက်အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ပဲထားပါ။ ဒါကသမ္မတရှေ့မှာ လက်မှတ်ထိုးထားတဲ့စာတမ်းဖြစ်တယ်။ ဒါကိုတော့ သူတို့အပြင်မခံချင်တော့ဘူးဆိုပြီးတော့ အဲ့ဒါတွေပြောလာတယ်။ အဲ့ဒါမကျေနပ်ချက်ကတစ်ချက်။

နောက်တစ်ချက်က နောက်ဆုံး အဲ့ဒီဆုံးဖြတ်ပေးရမယ့်ပွဲကြတော့ ဒီNCCTထဲမှာ တလျှောက်လုံး အန်ကယ်တို့နဲ့အတူပါဝင်ဆွေးနွေးလာတဲ့ရခိုင်က AA(ရခိုင်တပ်မတော်)၊နောက်ပလောင်TNLA (တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊နောက်ကိုးကန့် MNDAA(မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတာ်)၊အဲ့ဒီသုံးဖွဲ့ကိုအစိုးရဘက်ကလက်မခံဘူး။လက်မှတ်ထိုးရမယ့်ထဲမှာ မပါရဘူးဆိုပြီးတော့ အစိုးရကလက်မခံဘူး။ အဲ့လိုအနေအထားမျိူးဖြစ်နေတယ်။ ဒါကြောင့်အန်ကယ်တို့က အတန်တန်တောင်းဆိုတယ်။ အဲ့အပေါ်မှာ အစိုးရအဖွဲ့ကလက်မခံတော့ နောက်ဆုံးတော့လည်း အန်ကယ်တို့ ဒီအပစ်ရပ်စဲရေး လက်မှတ်ကိုမထိုးတော့ဘူး။ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး လိုလားတာမျိုးမဟုတ်ဘူးဆိုတော့ လက်မှတ်မထိုးတာ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးတွေပွဲမှာ အန်ကယ်တို့လိုလားတဲ့ သုံးပွင့်ဆိုင်ဆိုတာ ဘယ်လိုမျိုးလဲ။

အန်ကယ်တိို့ အဓိကထားတာကတော့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်။ အဲဒီနိုင်ငံရေး ဆွေးနွေးရေးမူဘောင်နဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ NCCT ကာလတစ်လျှောက်လုံးက ဆွေးနွေးလာတာကတော့ သုံးပွင့်ဆိုင် စနစ်ကိုလက်ခံဖို့။ နိုင်ငံရေးဆွေးနွေးပွဲကို သုံးပွင့်ဆိုင်စနစ်နဲ့လုပ်မယ်။ သုံးပွင့်ဆိုင်ဆိုတာအစိုးရ၊ လွှတ်တော်၊တပ်မတော်တစ်စု၊တိုင်းရင်းသား လက်နက်ကိုင်အင်အားစုက တစ်စု၊ နိုင်ငံရေးပါတီတွေက တစ်စု အဲဒီသုံးစုနဲ့ လုပ်သွားမယ်။ ကျန်တဲ့ CSO( အရပ်ဖက်လူမှုအဖွဲ့)၊ CBO(လူထုအခြေပြုအဖွဲ့)၊တခြားပညာရှင်တွေကတော့ သူတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ သူတို့ဆီက အကြံဉာဏ်တွေရယူပြီးတော့(လုပ်မယ်)ပေါ့လေ။

အခုက ငါးပွင့်လိုလို၊ ဒါမှမဟုတ်ခုနစ်ပွင့်လား။ အဲဒါလည်းမသေချာဘူးဖြစ်နေတယ်လေ။ အနည်းဆုံးကတော့ ငါးပွင့်ဆိုင်ဖြစ်သွားပြီ။ အစိုးရကလည်း သပ်သပ်၊ လွှတ်တော်ကသပ်သပ်၊ တပ်မတော်က သပ်သပ်ဆိုပြီးတော့မှ သူတို့ကသုံးစုယူလိုက်တယ်။ အဲဒီမှာ အန်ကယ်တို့ကတော့ ဒါကိုလက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတရားမျှတမှုမရှိဘူးလို့ အန်ကယ်တို့မြင်တယ်။ တစ်ခုခုဆုံးဖြတ်ရင် သူတို့သုံးမဲရသွားတာပေါ့နော်။ အန်ကယ်တို့ကတစ်မဲ၊ နိုင်ငံရေးပါတီကတစ်မဲပဲဖြစ်သွားတယ်။ လုပ်နည်းလုပ်ဟန်မှာ သူတို့က အပေါ်စီးရအောင် တမင်တကာကိုဖန်တီးယူလိုက်တဲ့သဘောပဲ။ တွန်းအားနဲ့ လုပ်လိုက်တဲ့သဘော။ အဲလိုတရားမျှတမှုမရှိတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့က ဝင်ပြီးယှဉ်ပြိုင်ရင် ကျနော်တို့နာမှာပဲလို့ ကျနော်တို့မြင်တယ်။ မှန်ကန်တဲ့ပုံစံနဲ့ ပြဿနာတစ်ရပ်ကို မဖြေရှင်းဘူးဆိုရင် မှန်ကန်တဲ့တရားသူကြီးက မဆုံးဖြတ်ဘူးဆိုရင် အဲဒီတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကလည်း တကယ့်မှန်ကန်တဲ့ အဖြေမထွက်လာဘူး။ အန်ကယ်တို့အနေနဲ့ အဲဒီကိစ္စကိုအကြီးအကျယ်ဆွေးနွေးရဦးမယ်။ အန်ကယ်တို့ ဆွေးနွေးရင် တစ်ဖက်ကအဲ့ဒီသုံးဖွဲ့(AA,MNDA,TNLA)ကိုလည်း ပါဝင်နိုင်အောင်ဆက်ပြောရမှာပဲ။ တကယ်လို့မပါဘူးဆိုရင် ဒီကိစ္စကမပြီးပြတ်ဘူး။

မေး။ ။အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ပါ၀င်ခွင့်မရရင်ဘာဆက်လုပ်မလဲ။

ဖြေ။ ။NCAလက်မှတ်မထိုးရင် ပါဝင်ခွင့်မပေးဘူးဆိုတဲ့ကိစ္စက လက်အောက်ခံပြဿနာလို့တွက်တယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အခြေခံအားဖြင့်သုံးမျိုးရှိတယ်။ ဒေသအလိုက်ရှိတယ်။လူမျိုးအလိုက်ရှိတယ်။ဘာသာရပ်အလိုက်ရှိတယ်။ဥပမာ-ဒေသအလိုက်ဆိုရင် ညှိနှိုင်းဆွေးနွေးတဲ့ကိစ္စ၊ နောက်သူ့လူမျိုးအလိုက် ဆွေးနွေးတဲ့ကိစ္စ ဆွေးနွေးဖို့အဲ့လိုသဘောထားမျိုးရှိတယ်။ အခုအနေအထားမျိုးမှာ ကိစ္စတစ်ခုကိုဆွေးနွေးတော့မယ်ဆိုရင် တစ်ကယ်လို့ အမျိုးသားအဆင့်မှာ ပါဝင်ခွင့်မရှိဘူးဆိုရင် တစ်ဘက်က အန်ကယ်တို့အမျိုးသားရေးကို လွတ်မြောက်တဲ့ဘက်မှာ သွားလုပ်မှာပေါ့။ ကိုယ့်လမ်းနဲ့ကိုယ်လုပ်မှာပေါ့။ လုပ်စရာရှိရင်မထူးဘူး၊ ပါဝင်ခွင့်လည်းမရှိဘူး၊ ဒီကိစ္စသပိတ်မှောက်လိုက်မယ်ဆိုတဲ့ကိစ္စ ရှိရင်လည်းရှိမယ်။ ဒါကတော့မပြောနိုင်ဘူး အဓိကအားဖြင့် framework(နိုင်ငံရေးမူဘောင်)ကိုညှိနှိုင်းတဲ့ကိစ္စမှာ အန်ကယ်တို့ကိစ္စကတော့ အဖြေပေးရမယ့်ကိစ္စဖြစ်တယ်။ အမှန်ကတော့ အန်ကယ်တို့လည်းဖြစ်စေချင်တယ်။ ဒါပေမဲ့တရားမျှတမှုရှိတဲ့ Framework မျိုးဖြစ်၊မဖြစ်ဆိုတာကတော့ အများကြီးထည့်တွက်ရမယ့်ကိစ္စဖြစ်တယ်။

မေး။  ။ရှေ့ဆက် အန်စီအေကိုထိုး၊မထိုးသိချင်ပါတယ်။

ဖြေ။  ။အန်ကယ်တို့ဘက်က လက်မှတ်ထိုးမယ်။ မထိုးဘူးဆိုတဲ့ကိစ္စက ခုနပြောသလိုပေါ့လေ။ အဓိကကတော့ အဲဒီသုံးပွင့်ဆိုင်ကျမှ၊ ကျဆိုတဲ့ကိစ္စပေါ်မှာ အများကြီးမူတည်တယ်။ နောက်ပြီးတော့မှ အန်ကယ်တို့အတတ်နိုင်ဆုံးကြိုးစားမယ်။ နောက်ဆုံးတော့ သုံးပွင့်ဆိုင်ကိုခဏလောက်ချန်ထား။ ရှေ့တိုးပြီးတော့မှ ရှေ့မှာဖြေရှင်းလို့ရသွားနိုင်တဲ့ အနေအထားမျိုးရှိရင်၊ဟိုသုံးဖွဲ့(AA, MNDA,TNLA)ကို သွားမတိုက်ဘူးဆိုရင် ဒါအန်ကယ်တို့လက်ခံသင့်ရင်လည်း လက်ခံသွားမယ်လေ။

Framework(နိုင်ငံရေးမူဘောင်)မှာ ပြင်ဖို့ကအဓိကကတော့ အဲဒီငါးပွင့်ဆိုင်၊ ခုနစ်ပွင့်ဆိုင်ကိုပယ်ဖျက်ပေးဖို့။ အဲဒါပါပဲ။အဓိကကတော့ အဲဒီကိစ္စပါဘဲ။ သုံးပွင့်ဆိုင်ကိုလက်ခံရင် အဲဒီမူဘောင်ကို အန်ကယ်တို့လက်ခံနိုင်တယ်။ NCA ထိုးဖို့မထိုးဖို့ကိစ္စကအဲဒီ Framework ညှိနှိုင်းတဲ့အပေါ်မှာ မူတည်တယ်။ဒီကြားထဲမှာ  Frameworkညှိနှိုင်းမယ်။တကယ်လို့Framework  ညှိနှိုင်းလို့ သဘောကျပြီး လက်ခံနိုင်ပြီး အချိန်မရွေးထိုးမယ်။

မေး။ ။ဒေါ်အောင်ဆန်းစုကြည်၏အစိုးရအပေါ်သဘောထား

ဖြေ။  ။အစိုးရသစ်ရဲ့အနေအထားက အမှန်ကတော့သူတို့လည်း တပ်ကိုအမိန့်မပေးနိုင်ဘူး။ သူတို့ကလည်း တပ်ကိုမလွှမ်းမိုးနိုင်သေးတော့ အချိန်တွေယူပြီးတော့မှ တဖြည်းဖြည်းချင်းလုပ်ဆောင်နေရတဲ့ ပုံစံမျိုးလို့အန်ကယ်တို့မြင်တယ်နော်။ အဲဒါကြောင့်ပဲ အခုအစိုးရကဒီရက်(၁၀၀)အတွင်းမှာ ဘာမှထိထိရောက်ရောက်မလုပ်နိုင်ဘူး။ အဲဒီလိုမလုပ်နိုင်တဲ့အပေါ်မှာလည်း ဝေဖန်ခံနေရတယ်။ သိက္ခာကျနေတယ်။ အဲဒီအပေါ်မှာ ဒါကြောင့်တစ်ဖက်က (၂၁)ပင်လုံကို အမြန်လုပ်လိုက်တာလည်း ပါကောင်းပါနိုင်တယ်။ အန်ကယ်တို့မြင်တာလေ။ အစိုးရဆိုတာကသူ့မှာ တကယ့်ကိုအရေးကြုံလာရင် သူတို့မှာခိုင်မာတဲ့အာဏာမရှိဘူး။ အာဏာသိမ်းလိုက်မယ်ဆို လွယ်လွယ်လေးပါပဲ။ သူတို့ခံရသွားမှာကြောက်တယ်လေ။

အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...