ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်း လူထုဆန္ဒနှင့်အညီ ဖြစ်ရန်လိုသည်

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်း လူထုဆန္ဒနှင့်အညီ ဖြစ်ရန်လိုသည်

ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဝတ်ကြီးကျေးရွာ အုပ်စု၊ သုံးအိမ်ကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် ဒေသခံ ရဟန်းရှင်လူ ပြည်သူများက စီမံကိန်းအလိုမရှိဟု ထုတ်ဖော်ပြောဆိုသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသကဲ့သို့ ယခုရက်ပိုင်း အတွင်း ယင်းစီမံကိန်းကြောင့် နစ်နာမှုရှိသူများအား လျော်ကြေးပေးအပ်သည်ကိုလည်း တွေ့မြင်ကြားသိနေရသည်။

ယင်းစီမံကိန်းသည် NLD ပြည်နယ်အစိုးရ တာဝန်ယူသည့် တစ်နှစ်ပြည့်ပြီးနောက်တွင် ထွက်ပေါ်လာသည့် စီမံကိန်းဖြစ်သည်။ ပြည်နယ်အစိုးရသစ်လက်ထက် ပထမဆုံး ကြီးမားသည့််စီမံကိန်းတစ်ခုဟုလည်း ဆိုနိုင်သည်။ စီမံကိန်းကို ၂၀၁၇ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လျာထားပြီး အမေရိကန်ဒေါ်လာ ၃ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ မဂ္ဂါဝပ် ၁၂၈၀အထိ ထုတ်ယူမည်ဖြစ်ကာ ကုမ္ပဏီအနေ ဖြင့် ယင်းစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုဘဝ စိတ်ချလုံခြုံမှုဖြစ်သည့် USC (Ultra-Super Critical) နည်း ပညာဖြင့် အာမခံချက်ရာနှုန်းပြည့် တည်ဆောက်မည်ဖြစ်သည်ဟု ပြောဆိုထားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက သဘာဝပတ်ဝန်းကျင် လူမှုဘဝ ထိခိုက်သည့် ကျောက်မီးသွေးဓာတ်အား ထုတ်စက်ရုံ စီမံကိန်းအစား၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် အခြားနည်းဖြင့်သာ ထုတ်ယူစေလိုကြသည်။ ဒေသခံများက လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်နေရာ ဆုံးရှုံးပြီး ရွှေ့ပြောင်းပေးရမှု၊ လူမှုဘဝ၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုရှိသည့် အတွက် စီမံကိန်းကို ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းစီမံကိန်း ဖြစ်တည်လာမှုကို ပြန်ဆန်းစစ်ကြည့်မည်ဆိုလျင် ပြည်နယ်အစိုးရ၏ ကိုင်တွယ်ပုံ၊ ချဉ်းကပ်မှု အားနည်းချက်များ စွာ ရှိနေသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်သည့် TTCL (Toyo Thailand Company Ltd.,)တို့ နားလည်မှုစာချွန်လွှာ(MOU) ထိုးရာတွင် မည်သည့်သဘောတူညီချက်များပါ၀င်ကြောင်း သက်ဆိုင်ရာ စီမံကိန်းဒေသမှ လူထုနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများထံ အချိန်မီ အသိပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ထို့အပြင် TTCL ကုမ္ပဏီ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံရှိ သန့်စင်ကျောက်မီးသွေးစက်ရုံများသို့ သွားရောက်လေ့လာသည့်ခရီးစဉ်တွင် သတင်းမီဒီယာသမားများကို ပြည်နယ်အစိုးရ ခေါ်ယူသွားစဉ်ကလည်း သက်ဆိုင်ရာ သတင်းဌာနများသို့ ကိုယ်စားလှယ် စေလွှတ်ပေးရန် တရားဝင် ဖိတ်ခေါ်သည့် ပုံစံမျိုးမဟုတ်ဘဲ နီးစပ်သူများကို တစ်ဦးချင်း ရွေးချယ်ခေါ်ယူသွားသည့်သဘောမျိုး တွေ့ရသည်။ ထို့အ ပြင် စီမံကိန်းအတွက် ဝတ်ကြီးရွာသို့ ကုမ္ပဏီတာဝန်ရှိသူများ၊ အစိုးရတာဝန်ရှိသူများက ကွင်းဆင်းလေ့လာ တိုင်းတာမှု ပြုလုပ်ရာတွင်လည်း ဒေသခံများကို အလေးမထားမှု၊ အထက်စီးဆန်ဆန်ပြုမူခြင်း၊ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ခြိမ်းခြောက်ပြောဆိုမှုရှိသည်ဟု ဒေသခံများက သက်သေသာဓကများဖြင့် ပြောသည်။ ထို့အ တွက် ပြည်နယ်အစိုးရနှင့် ကုမ္ပဏီတို့ စီမံကိန်းအပေါ် ချဉ်းကပ်လုပ်ဆောင်မှုများသည် မေးခွန်ထုတ်စရာများစွာ ဖြစ်ပေါ်လာပြီး အကျိုးဆက်အနေဖြင့် စိုးရိမ်မှုများကို ပိုမို တိုးပွားသွားစေခဲ့သည်။

အမှန်အားဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့မည်သည် ထိလွယ်ရှလွယ်သည့် အမျိုးအစားဖြစ်သည်။ မွန် ပြည်နယ်တွင် တည်ဆောက်ရန် ပြင်ဆင်ချိန်ကတည်းက ဝိုင်းဝန်းကန့်ကွက်ခံရပြီး စီမံကိန်းရပ်နားလိုက်ရသည်အထိ ဖြစ်ပွားခဲ့ သည်။ ယင်းအပေါ် စီမံကိန်းဖော်ဆောင်မည့်သူများအနေဖြင့် ဒေသခံများ နားလည်လက်ခံလာနိုင်သည့်အထိ အချိန်ယူ ပြင်ဆင် ရှင်းလင်းပြောကြားရန် လိုသည်။ စင်စစ် ယနေ့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ် အခြေခံလိုအပ် ချက်တစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နေ့စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာ မြင့်မားနေသည်မှာ မငြင်းသာ ပေ။ ကမ္ဘာ့နိုင်ငံများ၏ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုကို ပြန်ဆန်းစစ်လျှင် ၄၀ရာခိုင်နှုန်းခန့်သည် ကျောက်မီးသွေးဖြင့် ထုတ်ယူ နေခြင်း ဖြစ်သည်။ သို့သော် အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်နိုင်သည့် နည်းလမ်းများလည်း ရှိသည်ကို တွေ့နိုင်သည်။

လတ်တလော အခြေအနေတွင် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် နည်းလမ်းရှာပြီး အကောင်အထည် ဖော် ဆောင်ရွက်ရမည်ကို နားလည်နိုင်သော်လည်း “ပြည်သူနှင့်အတူ” ဆောင်ပုဒ်နှင့်အညီ အများအကျိုးအတွက်ဟု သတ် မှတ်ယူဆလျှင် ပေးဆပ်မှုနှင့် ရယူမှုကို ပြန်လည် ချိန်ဆနှိုင်းယှဉ်ရင်း လူထုလက်ခံလာနိုင်စေရန် အလေးထား အချိန်ယူ ဆွေး နွေးစည်းရုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ စီမံကိန်းကို ဇွတ်အတင်းသာ ဖော်ဆောင်မည်ဆိုလျှင် လူထု၏ယုံ ကြည်ကိုးစားမှုများ ပျောက်ဆုံးကာ ဆိုးကျိုးများသာ ရင်ဝယ်ပိုက်ဝေဒနာဖြစ်လာနိုင်သဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ဆောင်ရန် ကိုလည်း တိုက်တွန်းလိုပါသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...