မိုင်ဂျာယာန် မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်ပြီး CNF G.S. (3) ပူးထက်နီနှင့် တွေ့ဆုံမေးမြန်းခြင်း

မိုင်ဂျာယာန် မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်ပြီး CNF G.S. (3) ပူးထက်နီနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ခိုနူမ်းထုန်
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၂၆) ရက်နေ့မှ (၃၀)ရက်နေ့အထိ ကချင်ပြည်နယ် (KIA) ထိမ်းချူပ်နယ်မြေ မိုင်ဂျာယာန်တွင်ကျင်းပခဲ့ကြသည်။

ယင်း မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၈) ဖွဲ့၊ ညီညွတ်သောတိုင်းရင်းသားလူမျိူးများမဟာမိတ်(UNA)၊ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၊ အမျိူးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)၊ ကုလသမဂ္ဂအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ် စာလှယ် Mr. Sun Guoxiang အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော လေ့လာသူများစုစုပေါင်း(၂၀၆) ဦးတက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းအရာများဆွေးနွေးကြသလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချမှတ်နိုင်ခဲ့သလဲ၊ စသည့်အကြောင်းကိစ္စများသိရှိနိုင်ရန် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ချင်းအမျိူးသားတပ်ဦး CNF မှ အထွေထွေအတွင်းရေး မှူး (၃) ပူးထက်နီကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်။

မေး။      ။  မိုင်ဂျာယာန်ဆွေးနွေးပွဲမှာ အဓိက ဘာတွေဆွေးနွေးကြလဲ။

ဖြေ။       ။ ဒီမိုင်ဂျာယာန်အစည်းအဝေးမှာ အချက်လေးချက်ပေါ့ – ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအခြေခံမူ၊ နိုင်ငံရေးမူဘောင် ကိစ္စ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံရမည့်မူ နဲ့ ၂၁ ရာစု ပင်လုံအပေါ် ကိုင်စွဲရမည့် ပင်လုံလက်စွဲ စာတမ်း ဆိုပြီး အဓိကဆွေးနွေးခဲ့ပါတယ်။

မေး။      ။ အဲဒီဆွေးနွေးပွဲမှာ ဘာရလဒ်တွေထွက်လာလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချနိုင်ခဲ့လဲ။

ဖြေ။       ။ ရလဒ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ်အဖွဲ့ရယ်၊ အပစ်မရပ်နိုင်သေးတဲ့အဖွဲ့ရယ် ဆိုတာမရှိဘဲ အချက်လေးချက်အတွက် ဘုံသဘောထားတွေ စုစည်းနိုင်ခဲ့တယ်၊ အဓိက ဆုံးဖြတ်ချက်တွေကို ပြောရမယ်ဆိုယင် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရာမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ကိုင်စွဲ ရမည့် အခြေခံမူ(၈) ချက် ချမှတ်ခဲ့တယ်၊  ပြီးတော့ အခြေခံမူထဲက ဥပဒေ ပြုရေးနဲ့ပါတ်သက်ပြီး အာဏာတူတဲ့ လွှတ်တော်နှစ်ရပ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွတ်တော် ထားရှိဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကဏ္ဍ (၅)ခုဖြစ် တဲ့ နိုင်ငံရေး ကဏ္ဍ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ မြေပေါ် မြေ အောက် သယံဇာတ ကဏ္ဍ တွေကို

ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ကြတယ်၊ နောက်ပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေမှာကိုယ် စားပြုမှု၊ စုဖွဲ့မှုကို အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်၊ နိုင်ငံရေး ပါတီ ဆိုပြီး သုံးပွင့်ဆိုင်မူအပေါ် ရပ်တည်ဖို့ စတာတွေကို ဆုံးဖြတ်ခဲ့ပါ တယ်၊ နောက်ပြီး ဆုံးဖြတ်ချက် အရရှေ့လုပ်ငန်းစဉ်တွေချမှတ်ခဲ့တယ်ပေါ့။

မေး။      ။  CNF အနေနဲ့ မိုင်ဂျာယာန်ညီလာခံမှာ ဘာတွေတင်ပြဆွေးနွေးဖြစ်ခဲ့လဲ။

ဖြေ။       ။ ဒီအစည်းအဝေးမှာ CNF အနေနဲ့ သီးသန့်တင်ပြတာမရှိပါဘူး၊ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ကျတော်တို့လိုပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မိုင်ဂျာယာန် အစည်းအဝေးမတိုင်ခင် ဇူလိုင် ၁၇- ၁၈ မှာ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တွေ့ဆုံပြီး အချက်လေးချက်ကိုသာဆွေးနွေးဖို့ ချမှတ်ခဲ့ပြီးဖြစ်လို့ တဖွဲ့ချင်းစီ တင်ပြ တာမျိုးမလုပ်တော့တာပါ။

မေး။      ။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် CNF အမြင်ကိုသိချင်ပါတယ်။

ဖြေ။       ။ အစိုးရသစ်က သမ္မတ ဦးသိန်းစိန်လက်ထက်က NCA Process ကိုဆက်လက်သယ်ဆောင် တာဖြစ်ပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထိပ်ဆုံးက ဦးဆောင်တာဟာ ထူးခြားချက်တခုပဲ၊ ဒီတော့ ခင်းကျင်းပုံမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတယ်လို့ ပြောလို့ရပါတယ်၊ နောက်တခုက အပစ်မရပ်သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထံ ချဉ်းကပ် ဆွေးနွေးမှုတွေ လုပ်လာတာက အကောင်းဖက်ကို ဦးတည်လိုမှုဖြစ်မယ်လို့ မြင်ပါတယ်။

မေး။      ။ မိုင်ဂျာယာန်မှာ ရခိုင့်တပ်မတော်နဲ့ ပလက်ဝ အရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့သိရတယ်၊ ဘာတွေဆွေးနွေးဖြစ်ကြလဲ။

ဖြေ။       ။ ဟုတ်ကဲ့ ဆွေးနွေးပါတယ်၊   CNF အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် နယ်စပ်ဒေသ တစ်လျှောက်မှာ ရခိုင့် တပ်မတော် (AA) ၏ စစ်ရေးလှုပ်ရှားမှုကြောင့် လူမှုဒုက္ခအထွေထွေ ကြုံတွေ့နေရတဲ့ ချင်းစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အထူးစိုးရိမ်ပူပန်ပါတယ်၊ ဒါကြောင့်ရခိုင့်တပ်မတော် (AA) အနေနဲ့ ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ဖို့ နဲ့ ဒေသခံပြည်သူလူထုကို နှောင့်ယှက်ခြင်း မပြုဖို့အလေးအနက် တောင်းဆိုတဲ့ကြေညာချက်တွေလည်းထုတ်ပြန်ခဲ့ပါတယ်၊  ဒါပေမဲ့ မီဒီယာတွေမှာ AA ရဲ့ကောင်းပုံရိပ်က နည်းနည်း လာ ကြောင်း သိရတယ်၊ ဒါကြောင့် နှစ်ဖက်တွေ့ဆုံချိန်မှာ  ပွင့်ပွင့်လင်း လင်း ဆွေးနွေး ခဲ့တာပါ၊ သူတို့ဖက်ကလည်း သူတို့ရဲ့ အခက်အခဲ၊ ပြသာနာတွေကို ပြန်ပြောကြပါတယ်၊ စစ်ရေးကြောင့် မလွှဲမရှောင်သာလို့ လူထု ထိခိုက် နစ်နာမှုတွေ အပေါ်စိတ်မကောင်းကြောင်း၊ လူထုနစ်နာ မှုတွေကို အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေး တောင်းပန် လိုကြောင်းတွေပြောပါတယ်၊ အဓိက က  လူထုထိခိုက်နစ်နာစေတာမျိုးတွေ မဖြစ်ဖို့နဲ့ အတတ်နိုင်ဆုံး  စစ်ရေးရှောင်ရှားဖို့ ဆွေးနွေး ခဲ့ကြပါတယ်။

မေး။      ။ နောက်တစ်ခုက ပလက်ဝဟာ ရခိုင်ပြည်နယ်ပိုင်ဖြစ်တယ်ဆိုပြီး ပြောဆိုနေမှုအပေါ် အမြင်ကိုလည်းသိချင်ပါတယ်။

ဖြေ။       ။ ဒီလိုကိစ္စမျိုးက အထောက်အထားနဲ့ ပြောရမယ့်ကိစ္စတွေမို့လို့ရှည်သွားလိမ့်မယ်၊ CNF မှာ  သမိုင်းအထောက် အထား တွေရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ပလက်ဝဟာ ရခိုင်ပြည်နယ်ပိုင် မဟုတ်ခဲ့ပါဘူး လို့ပဲပြောချင်ပါတယ်။

မေး။      ။ မကြာခင် ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံအပေါ် CNF ရဲ့ အမြင်ကိုသိချင်ပါတယ်။

ဖြေ။       ။ ၂၁ ပင်လုံညီလာခံပဲခေါ်ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပဲခေါ်ခေါ် ဒီကိစ္စကို မိုင်ဂျာယာန်မှာ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်၊ ၂၁ ရာစုပင်လုံဟာ ၄၇ ပင်လုံရဲ့ စိတ်ဓါတ်ကို အခြေခံပြီး ခေတ်နိုင်ငံရေးဖြစ်နေမှု၊ ရှိနေမှုအရ ပြည်ထောင်စုကို အသစ်တဖန် တည်ဆောက်မည့် ငြိမ်းချမ်းရေး ညီလာခံလို့ပြောနိုင်သလို  တိုင်းရင်းသား လူမျိုးစုတွေပါ၀င်မှုမှာ သမ္မတ ဦးသိန်းစိန်တုန်းက ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာထက်အားနည်းသွားမယ်၊ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ပါ၀င်မှုကပိုအားကောင်းလာလိမ့်မယ်၊  ဖြစ်သင့်တာက အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေ အညီအမျှ ကိုယ်စားပြုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးသောညီလာခံ မျိုးဖြစ်သင့်ပါတယ်။

မေး။      ။ ခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ဖြေ။       ။ ကျနော်လည်း ခိုနူမ်းသုန်သတင်းဌာနကို ကျေးဇူးတင်ပါတယ်။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...