နှစ်ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားရသည့်အကြောင်းအရင်းကို ပြန်ကြည့်မည်ဆိုလျှင် တိုင်းရင်းသားလူမျိုးစုံရှိသည့် မိမိတို့နိုင်ငံသည် မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ တစ်ပြည်ထောင်စနစ် တည်ထောင်ခဲ့ခြင်းကြောင့် နိုင်ငံရေးအရပြေလည်မှုမရဘဲ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။
အမှန်စင်စစ် တိုင်းရင်းသားများအနေဖြင့် အမိနိုင်ငံတော်ကြီးတွင် ရှေးပဝေသဏီထဲက အတူတကွနေထိုင်လာကြပြီး လွတ်လပ်ရေးအတွက် အတူတကွတိုက်ပွဲဝင်ခဲ့သူများဖြစ်ကာ နိုင်ငံတော်၏မူလပိုင်ရှင်များသာဖြစ်သည်။
မူလပိုင်ရှင်များအနေဖြင့် မိမိအခွင့်အရေး၊ တနည်းတန်းတူရည်တူအခွင့်အရေးမရရှိခဲ့ခြင်းကြောင့် တော်လှန်ရေးလမ်းစဉ်ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ယင်းက ပြည်တွင်းစစ်ဖြစ်ပွားရသည့် အခြေခံအကြောင်းအရာဖြစ်သည်။
ပြည်တွင်းစစ်ဒဏ်ကို အထူးသဖြင့်တိုင်းရင်းသားပြည်နယ်များတွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများသာ အများဆုံးခံစားခဲ့ရပြီး အချို့မှာစစ်ပြေးဒုက္ခသည်အဖြစ် အခြားနိုင်ငံများတွင် မျက်နှာငယ်စွာနေထိုင်နေရသလို တိုင်းပြည်သည်လည်း အဖက်ဖက်မှချွတ်ခြံုကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့ရောက်ရှိသွားကာ တိုင်းရင်းသားပြည်သူအားလုံး ဆင်းရဲကြပ်တည်းဒုက္ခမျိုးစုံကြံုတွေ့ နေရဆဲပင်ဖြစ်သည်။
အဆိုပါပြည်တွင်း စစ်ပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့သည်မှာ ပြဿနာအရင်းခံ နိုင်ငံရေးအရ မူလပိုင်ရှင် တန်းတူအခွင့်အရေးပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ ထို့အပြင် အစိုးရအဆက်ဆက်အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို နာမည်ဖျက်ခြင်း၊ ခွဲထွက်ရေးသမားများဟု ပုံဖော်ဝါဒဖြန့်ခြင်း၊ အချင်းချင်းသွေးခွဲသပ်လျှိုခြင်း၊ မက်လုံးပေးမြူဆွယ်ခြင်း အမျိုးစုံသုံးဖြေရှင်းခဲ့သော်လည်း အနာတခြားဆေးတခြားဖြစ်ပြီး အောင်မြင်မှုမရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ဆိုခဲ့ပါအတိုင်း တိုင်းရင်းသားများစုပေါင်းနေထိုင်ခဲ့သည့် နိုင်ငံတော်တွင် မူလပိုင်ရှင်တိုင်းရင်းသားများအား တန်းတူရည်တူရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်မှသာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်သည်ကို နိုင်ငံရေးဦးဆောင်သူများအားလုံး ဖြစ်ရပ်မှန် သမိုင်းသင်ခန်းစာယူတက်ရန် လိုသည်။
ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်မည်ဆိုမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ကို သိနားလည်ထားပြီးဖြစ်သလို ယင်းအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပြဿနာအကြောင်းအရင်းခံ တိုင်းရင်းသားများ၏ မူလပိုင်ရှင်အခွင့်အရေးကို အသိအမှတ်ပြု တန်းတူရည်တူ သဘောထားရန် လိုသည်။
ဆိုလိုသည်မှာ အမိနို်င်ငံတော်ကြီးကို အတူတကွပိုင်ဆိုင်ခဲ့သည့် တိုင်းရင်းသားများအနေဖြင့် တောင်းစရာ မရှိသလို ပေးစရာလည်းမရှိကာ မူလပိုင်ရှင်များသာဖြစ်သည်ကို နားလည်အသိအမှတ် ပြုရန်လိုသည်။ ထိုသို့ မဟုတ်လျှင် ခုတ်ရာတခြား ရှရာတခြား ဆက်ဖြစ်နေပြီး ငြိမ်းချမ်းရေးခရီးအလှမ်းဝေးကာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးသည်လည်း ရွှေပြည်တော်မျှော်လေတိုင်းဝေး ဆိုသလိုဖြစ်နေဦးမည်။
အချုပ်အားဖြင့်ပြောရမည်ဆိုလျင် ငြိမ်းချမ်းရေးကို စစ်ဒဏ်သင့်တိုင်းရင်းသားပြည်သူများသာ အလိုချင်ဆုံးဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်တခုတည်းသော နည်းလမ်းလည်းဖြစ်သည်။ ထို့ကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် တိုင်းရင်းသားပြည်သူရေရှည်အကျိုးကိုသာ ရှေးရှုလုပ်ကိုင်သွားရန် ကရင်သတင်းစဉ်ကတိုက်တွန်းလိုပါသည်။