ရွေးကောက်ပွဲနည်းဥပဒေ အခန်း(၉) အပိုဒ်(၃၈)၊(ခ)တွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံ နှင့် အထက်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေ ကို ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း ကြေညာပြီးနောက် ယင်းတို့အား သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်အား ပုံစံ(၆-ဃ)ဖြင့် ပြန်လည် ထုတ်ပေးရမည် ဟု ပြဌာန်းပါရှိသည်။
“မွန်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်များထဲက ၁၁၅ ဦးဟာဆိုရင် သူတို့ ရွေးကောက်ပွဲ ဝင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် ကို ပေးသွင်းခဲ့တဲ့ သွင်းငွေ သုံးသိန်းကို ပြန်လည်ထုတ်ယူခွင့်ရှိထားပါတယ်။ ရွေးကောက်ပွဲ ခုုိင်လုုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရရင် အဲ့ဒီ ကိုယ်စားလှယ်ပေးသွင်းခဲ့ ငွေ သုံးသိန်းကို ပြန်လည် ထုတ်ပေးရမှာ ဖြစ်ပါတယ်။အခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်”ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တစ်သီးပုဂ္ဂလများ၊အပါအဝင် တခြားသော ပါတီများမှ ကိုယ်စားလှယ်လောင်း ၂၀၈ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် မှတ်ပုံတင်ကြေးအဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ငွေကျပ် သုံးသိန်းစီ ပေးသွင်းရကြောင်း ရွေးကောက်ပွဲ နညး်ဥပဒေများတွင် ပြဌာန်းထားသည်။