အဆိုပါ ဝမ်းရောဂါမှာ အစိုးရကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသည့် နယ်စပ်ကျေးရွာများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ယခုအထိ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ရှိနေဆဲဖြစ်ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHW ၏ Monitoring evaluation staff နော်ချာ့အယ်ဖောက ပြောသည်။
သူမက “ရောဂါဖြစ်ပွားတာတော့ တချို့ရွာတွေမှာ နည်းသွားပြီးတချို့ရွာတွေကျတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင်လတွေထက်စာရင် နည်းနည်း လျော့ကျသွားတဲ့ အခြေအနေ ရှိတယ်။ ဒီလအတွင်းမှာ အခုထိ သေဆုံးသူတစ်ဦး ရှိသေးတယ်”ဟု ပြောသည်။
လက်ရှိ အခြေအနေများအရ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားရာနေရာတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို လုပ်ဆောင်နေပြီး လာမည့် နှစ်လအထိ အဆိုပါ ကျန်းမာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နော်ချာ့အယ်ဖောက ပြောသည်။
အဆိုပါ မြို့နယ်နှစ်ခုအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့မှစတင်ကာ လူဦးရေ ၂၁၇ဦး ဝမ်းပျက်ဝမ်း လျှောဖြစ်ကာ သေဆုံးသူ ၁၂ဦးရှိကြောင်း KDHW ၏ အောက်တိုဘာလ ၁၆ရက်နေ့က နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ သိရသည်။
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHWနှင့်အတူ BMA၊ BPHWT၊ PRAD၊ PU-AMI (Thai and Myanmar)၊ Solidarity International (SI)၊ Thai Hospital Public Health၊ Unicef (Myanmar) စသည့် ပြည်တွင်း၊ နယ်စပ် နှင့်ထိုင်း နိုင်ငံရှိ ကျန်းမာရေးအဖွဲ့ (၉)ဖွဲ့ဖြင့် ၀မ်းရောဂါဖြစ်ပွားသည့်နေရာများအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။