(၁) ဦးကျော်ကျော်ဦးအနေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ချီဖွေ၊ဆော့လော်၊အင်ဂျန်းယန် မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။
ကျွန်တော်ဒီဒေသတွေမှာ ဘာဖြစ်လို့ ဝင်ပြိုင်ဖြစ်တာလဲဆိုတော့ အဲ့ဒီဒေသတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာ အများကြီးပဲရှိနေသေးတာတွေ့ရပါတယ်။ နောက်တစ်ချက်က ကျွန်တော့်ကို ရုံးချုပ်ကနေ တာဝန်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင် ခိုင်းတဲ့အတွက်လည်း ဖြစ်ပါတယ်။
(၂) ဦးကျော်ကျော်ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေအတွက် ဘယ်လိုအခြေအနေတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင် ရွက်သွားပေးဖို့ ရှိပါသလဲ။
ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ အဲ့ဒီပြည်နယ်က မဲဆန္ဒရှင်တွေအတွက် ဆိုတာထက် တစ်တိုင်းပြည်လုံး တိုင်းရင်းသားတွေ တန်းတူညီမျှ အခွင့်အရေး ရကြဖို့ဆိုတာကို သွားမှာဖြစ်ပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးရရှိဖို့ပါ။
နောက်ထပ် အရေးကြီးတဲ့အချက်က အကြောက်တရားနဲ့ နေရတာမျိုးမဟုတ်ဘဲ မကြောက်တရားနဲ့ နေရဖို့ ဆိုတာမျိုးကို ကျွန်တော်တို့ အဓိကထားပြီး ဆောင်ရွက်မှာပါ။
နောက်ဆုံးတစ်ချက်ကတော့ လမ်းပန်းဆက်သွယ်ရေးပါ။ အဲ့ဒီဒေသဟာ လမ်းပန်းဆက်သွယ်ရေး အင်မတန်
ခက်ခဲနေဆဲ အနေအထားပါပဲ။ အဲ့ဒီလို ဘာလို့ဖြစ်နေရသလဲ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ စဉ်းစားပြီး နောင်လာမယ့် လွွှတ်တော်သက်တမ်းမှာ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။
(၃) ကိုယ်တိုင်လည်း ဒေသကိုယ် မဲဆွယ်စည်းရုံးဖို့ သွားခဲ့တယ့်အနေအထားမှာ ဒေသခံတွေရဲ့လိုအပ်ချက်တွေ၊ ဒေသရဲ့ လိုအပ်ချက်တွေက ဘာတွေများရှိနေသလဲဆိုတာ ပြောပြပေးနိုင်မလား။
ချီဖွေဒေသအတွက် လိုအပ်ချက်ဆိုတဲ့နေရာမှာ သူတို့တွေရဲ့ လူနေမှုတွေဟာ နိမ့်ပါးနေကြတုန်းပါပဲ။ ခုဆိုရင် အိုင်တီခေတ်ပါ။ ဒါပမေယ့် အဲ့ဒီဒေသမှာ ဖုန်းတောင် ခေါ်လို့မရ ဆက်လို့မရပေါ့ဗျာ။ ဆက်သွယ်ရေး တောင်မရှိသေးပါဘူး။
ချီဖွေကနေ ဆက်သွားရင် ပန်ဝါ၊ ကန်းဖန့် အဲ့ဒီနေရာလေးတွေဆို တစ်ဖက်ကချောင်းလေးကို ကျော်လိုက်တာနဲ့
တရုတ်ပြည်ရောက်ပြီ။
အဲ့ဒီတရုတ်ပြည်ဘက်မှာတော့ စလောင်းတွေနဲ့၊ ဖုန်းတွေနဲ့ လမ်းတွေဆိုလည်း ကောင်းမှကောင်း။ ဒီဘက်မှာကျတော့ သွားလို့လာလို့ တောင်အဆင် မပြေဘူး။
ဒေသဖွံ့ဖြိုးမှုဟာ နှောင့်နှေးနေဆဲပဲလို့ ပြောရမှာပါ။ အဲ့ဒါတွေအပြင် ကျွန်တော်တို့ ချီဖွေကို သွားတဲ့လမ်း တစ်လျှောက်မှာ ဂိတ်ကြေးကြီးပဲ ပေးရတာ သုံးသောင်းခွဲရှိတယ်။
ဆော့လော်၊ ပန်ဝါဘက်ဆက်သွားရင် ထပ်ပေးရဦးမှာ။ အဲ့ဒီတော့ ပြောချင်တာ ကုန်စည်တွေနဲ့ သွားကြလာကြတဲ့အခါ ဒီဂိတ်ကြေးတွေကြောင့် ကုန်စျေးနှုန်းတွေက မတက်သင့်ဘဲ တက်သွားတယ်။
နောက်ပြီး ကျေးလက်ဆေးပေးခန်းတွေမရှိသလောက်ပဲ။ ဆရာဝန်တွေရောပဲ။ အဲ့ဒီဘက်ကိုဆို သွားကို မသွားချင်ကြဘူးဆိုတဲ့ အနေအထား ဖြစ်လာတော့ အဲ့ဒီဒေသက လူတွေက မသေသင့်ဘဲ သေကြရတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ပါတီအနေနဲ့ အစွန်အဖျားဒေသက လူသားတွေကိုလည်း သူတို့ရဲ့ အခြေခံ ဘဝ တွေကို မြှင့်တင်ပေးချင်ပါတယ်။
(၄) ဦးကျော်ကျော်ဦးတို့ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ပါတီစည်းရုံးရေး ဆင်းတဲ့အခါ သုံးမဲ့ ပစ္စည်းတွေ ရိုက်နှက်ဖျက်ဆီးခံရပြီး လူတွေလည်း ရိုက်နှက် ခံရတာတွေ ဖြစ်ခဲ့တယ် ဆိုတာတော့ ဒေသခံတွေကရော NLD ပါတီအပေါ်မှာ ဘယ်လိုအနေအထားနဲ့ သိရှိထားကြတာ များရှိပါသလဲ။
ကျွန်တော်တို့ပါတီကိုအကုန်လုံးကတော့ သိပြီးသာဖြစ်ပါတယ်။ ပါတီအလံသွားတာနဲ့ သိနေပြီးသားပေါ့ဗျာ။ ကျွန်တော်တို့ ခရီးစဉ်တွေမှာ ဒေသခံတွေကအစ ကြိုဆိုကြတာ တွေအများကြီးပါ။
နောက်ပြီး အဲ့ဒီဒေသမှာရှိနေတဲ့ ပြည်သူ့စစ်တွေကိုယ်တိုင်က ကျွန်တော်တို့ပါတီအပေါ်လိုလားမှုရှိတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကိုယ်တိုင် ကျွန်တော်တို့ ပါတီ လိုဂိုတွေတောင်းတယ်။
စတစ်ကာတွေတောင်းတယ်။ ပါတီအလံတွေတောင်းတယ်။ ဆိုင်ကယ်တွေမှာ ကပ်ပြီး သွားလာနေကြတာလည်း
ကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့ခဲ့ကြတာပါ။
နောက်ပြီး နယ်ခြားစောင့်တပ်တွေကိုယ်တိုင်ကလည်း ကျွန်တော်တို့တွေကို ဝမ်းပန်းတစ်သာနဲ့ ကြိုဆို ကြပါတယ်။ လိုလိုလားလားရှိကြပါတယ်။ ကျွန်တော်တို့ပါတီကို မဲဆွယ်စည်းရုံး ခွင့်မရအောင် လုပ်တယ်ဆိုတာ ကလည်း လူတစ်စုအနေအထား နဲ့ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
(၅) အကယ်၍များလာမယ့်ရွေးကောက်ပွဲမှာ ဦးကျော်ကျော်ဦးအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ဘယ်လိုကတိကဝတ် တွေပေးပြီး ဘယ်လိုအချက်တွေကို လွှတ်တော်မှာ အရင်ဆုံး တင်ပြဆွေးနွေး အကောင်ထည် ဖော်သွားပေး မလဲဆိုတာ သိချင်ပါတယ်။
ကျန်းမာရေးနဲ့ တရားဥပဒေစိုးမိုးရေးပါပဲ။ သူတို့ကို တစ်ပြေးညီဖြစ်ဖို့ ကျွန်တော့်ဘက်က လုပ်သွားမှာပါ။ တကယ်ကိုဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာမျိုးပါ။ နောက်တစ်ချက်က လမ်းပန်းဆက်သွယ်ရေးပါ။ လမ်းပန်းဆက်သွယ်ရေးဆိုတာမှာလည်း ချထားပေးတဲ့ ဘဏ္ဍာငွေထဲက တကယ်ဖြစ်သင့်ဖြစ်ထိုက်တာမျိုး သုံးစေဖို့ပါ။
ဘတ်ဂျက်က ၁၀၀ ဖိုးချပေးရင် ၁၀၀ ဖိုးလုံးသုံးနိုင်ဖို့ကိုရည်ရွယ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း စေ့စေ့စပ်စပ် တင်ပြပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
(၆) ဒေသခံတွေက သိရှိထားပေမယ့် ကိုယ်တိုင်ကိုယ်ကျ မဲဆွယ်စည်းရုံးခွင့်မရခဲ့တာကြောင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၅ မှာ ရွေးကောက်ပွဲအောင်နိုင်ဖို့ မျှော်လင့်ချက် ရာခိုင်နှုန်း ဘယ်လောက်များ ရှိပါသလဲ။
ကျွန်တော့်အနေနဲ့ကတော့ အနိုင်ရဖို့ ရ၀ ရာခိုင်နှုန်းမျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုလည်း ကျွန်တော်တို့သွားတာနဲ့ ဒေသ ခံတွေက သိရှိပြီးသားပါ။ နောက်ပြီး ယှဉ်ပြိုင်ရတာ ကလည်း ပါတီ(၄)ခုနဲ့ တစ်သီးပုဂ္ဂလ ၂ ခုပဲဆိုတော့ နိုင်ဖို့များတယ်လို့ထင်ပါတယ်။
(၇) အခြားပါတီတွေအနေနဲ့ ဒီဒေသမှာ အနိုင်ရခဲ့မယ်လို့ရော ထင်ပါသလား။
တစ်ခြားပါတီတွေ အနိုင်ရသွားရင်လည်း လက်ခံပါတယ်။ တိုင်းရင်းသားပါတီတွေ အနေနဲ့ ယှဉ်ပြိုင်လို့ နိုင်သွားခဲ့မယ် ဆိုရင်လည်း ကျွန်တော်တို့ဘက်က လက်ခံရမှာပါ။
ဒါပေမယ့် အဲ့ဒီဒေသမှာ ဘယ်ပါတီကိုမဆိုတော့ လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ရစေချင်ပါတယ်။ အဲ့ဒီလိုသာ မဲဆွယ်ခွင့်ရမယ်ဆိုရင်တော့ ဘယ်ပါတီနိုင်သွားနိုင်သွား လက်ခံရမှာပါ။
အဲ့ဒီလိုမှ မဟုတ်ဘဲ ဘယ်သူမှလည်း မဲမဆွယ်ရဘူး။ အကြောက်တရားတွေနဲ့ အုပ်ချုပ်မယ်။ လက်နက်ကိုင်မယ် ဆိုရင်တော့ ဒါဟာမဖြစ်သင့်တဲ့ အနေအထားပါ။
အဲ့ဒီလိုဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ပါတီဘက်က ရွေးကောက်ပွဲဥပဒေတွေအရတိုင်းတန်းသွားဖို့ရှိပါတယ်။
အမည် - ဦးကျော်ကျော်ဦး
အသက် - (၄၆) နှစ်
ပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
လွှတ်တော် - အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ် (၅)
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး - ဗမာ
အလုပ်အကိုင် - သတင်းမီဒီယာလုပ်ငန်း