မေး။ ။ ဦးစိုင်းအောင် အနေနဲ့ လက်ရှိမှာ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေတာမျိုးတွေ ရှိပါသလား။ အဲ့ဒီလို စည်းရုံးရေး ဆင်းတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေများ ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော့် မဲဆန္ဒနယ်အမှတ် ၂ မှာတော့ ကျေးရွာတော်တော်များများပါဝင်ပါတယ်။ နေ့တိုင်း နေ့တိုင်းမှာလည်း မဲဆွယ်စည်းရုံးရေး တွေဆင်းနေပါတယ်။ အခက်အခဲဆိုတဲ့နေရာ မှာတော့ ကျွန်တော်တို့ဒေသက သွားရလာရခက်ခဲတာတွေ ရှိပါတယ်။ နောက်ပြီး ပါတီအနေနဲ့ ငွေကြေးအခက်အခဲ နည်းနည်းရှိတော့ စည်းရုံးရေးဆင်းတဲ့ နေရာမှာ နည်းနည်းခက်ခဲပါတယ်။
မေး။ ။ ဖားကန့်မဲဆန္ဒနယ်မှာ ပြည်နယ်အခြေစိုက်ပါတီတွေအပြင် လက်ရှိအာဏာရပါတီတွေ့ဖြစ်တဲ့ USDP ၊ NLD နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုလို ပါတီကြီးတွေ ပါနေတော့ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အခက်အခဲတွေ၊ အားနည်းချက်တွေနဲ့ အားသာချက်တွေရှိခဲ့ရင် သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့တော့ အားနည်းချက်မရှိပါဘူး။ အခက်အခဲမရှိဘူးလို့ ပြောရမှာပါ။ အားသာချက်ကတော့ ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်ဆောင်ချက်တွေကို ရှင်း ပြတဲ့နေရာမှာ မဲပေးမယ့် သူတွေက တော်တော်သဘောပေါက်နားလည်ပါတယ်။ ကချင်ပြည်နယ်မှာက တိုင်းရင်း သားပေါင်းစုံပါနေတော့ သူတို့တွေအတွက် မဲပေးဖို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ပါတီက လူငယ်တွေနဲ့ သူတို့နားလည်အောင် တတ်နိုင်သမျှ ရှင်းပြတာမို့ အဆင်ပြေပါတယ်။ အဲ့ဒီတော့ ကချင်ပြည်နယ်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ အောင်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော့် အမြင်နဲ့ ပြောရမယ်ဆိုရင် အောင်နိုင်ဖို့ ရ၀ ရာခိုင်နှုန်းလောက်ကျိန်းသေပါတယ်။
မေး။ ။ လက်ရှိမှာ ဖားကန့်ဒေသနဲ့ ပတ်သတ်လို့ ကေအိုင်အေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေပြန်ဖြစ်လာတာမျိုးရှိတော့ ဒီတိုက်ပွဲတွေက ရွေးကောက်ပွဲအပေါ်မှာ ထိခိုက်လာမဲ့ အပေါ် စိုးရိမ်နေတာမျိုးရှိပါသလား။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သတ်လို့ စိုးရိမ်မှု နည်းနည်းရှိနေပါတယ်။ မမျှော်လင့်ဘဲ တိုက်ပွဲပြန်ဖြစ်မှာမျိုးကို စိုးရိမ်ပါတယ်။ ခုချိန်ထိ စည်းရုံးရေးဆင်းတဲ့နေရာမျိုးမှာတော့ အခက်အခဲမရှိသေးပေမယ့် မဲပေးရမယ့် နေ့မျိုးမှာမှ တိုက်ပွဲကြောင့် ထိခိုက်လာမှာမျိုးတွေ စိုးရိမ်ပါတယ်။ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တိုက်ပွဲတွေပြန်ဖြစ်လာမယ့် အပေါ်မှာတော့ကျွန်တော်တို့ ဘက်က စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဖားကန့်ဒေသမှာရှိတဲ့ မဲပေးရမယ့် ပြည်သူတွေဘက်ကရော လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအပေါ် ဘယ်လိုများနားလည် ထားကြပါသလဲ။ သူတို့အတွက် မဲပေးဖို့
အခက်အခဲတွေရှိနေပါသေးလား။
ဖြေ။ ။ ခုချိန်ထိ သူတို့က မဲပေးရမယ့် စနစ်တွေနဲ့ ပတ်သတ်လို့ တော်တော်နားမလည်တဲ့ အပိုင်းရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့တွေ့ရပါတယ်။ တံဆိပ်တုံးရိုက်ရမယ်ဆိုတာမျိုး တွေကလည်း သူတို့အနေနဲ့ သိပ်မကျွမ်းကျင်ဘူးဆိုတော့ အခက်အခဲတွေရှိနေပါသေးတယ်။ နောက်ပြီး အိမ်ထောင်စုစာရင်းထဲမှာရှိနေပေမယ့် မဲစာရင်းထဲမှာ မပါတာမျိုးတွေလည်း ကျွန်တော်တို့ကို ပြောပြလာတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် မဲစာရင်း စိစစ်ပြီး ပြန်တင် တာတွေကလည်း ပိတ်သွားပြီဆိုတော့ ကျွန်တော်တို့ ဘက်ကလည်း မတတ်နိုင်တော့ဘူးပေါ့။
မေး။ ။ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သီးသန့်ပြန်လည် တင်ပြတာမျိုးတွေရော လုပ်ဆောင်ထားပါသလား။
ဖြေ။ ။ ပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးတင်ပြထားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေ ရှိမလဲဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး။
မေး။ ။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီအနေနဲ့ ဖားကန့်မဲဆန္ဒနယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ မှာ အောင်နိုင်ခဲ့မယ်ဆိုရင် ပါတီအနေနဲ့ ဒေသအတွက် ဘယ်လိုအချက်မျိုးတွေအဓိက လုပ်ဆောင်ပေး သွားမယ်ဆိုတာမျိုး ပြင်ဆင်ထားတာရှိပါသလား။
ဖြေ။ ။ အဓိကကတော့ ကျွန်တော်တို့ ဖားကန့်ဒေသဟာ လမ်းပန်းဆက်သွယ်ရေး တော်တော်ဆိုးပါတယ်။ အဲ့ဒီတော့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာဖို့ လုပ်ဆောင်သွား
မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ဒေသမှာ တိုင်းရင်းသား ပေါင်းစုံနေထိုင်နေကြ တာဆိုတော့ သူတို့အတွက် အရေးကိစ္စတွေကိုလည်း ဦးစားပေးသွားမှာပါ။ နောက်ပြီး ကျွန်တော်တို့ ဒေသက ရေကြီးတာ မြေပြိုတာတွေ ခဏခဏ ဖြစ်တတ်တော့ အဲ့ဒီအတွက်လည်း အဓိကထားပြီး ပြုပြင်ထိန်းသိမ်းတာတွေ၊ ကြိုတင်ကာကွယ်တာမျိုးတွေ ဆောင်ရွက်သွားမှာပါ။
အမည် - ဦးစိုင်းအောင်
အသက် - (၄၇) နှစ်
ပါတီ - ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
လွှတ်တော် - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
မဲဆန္ဒနယ် - ဖားကန့်မဲဆန္ဒနယ် (ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ )
ပညာအရည်အချင်း - သတ္တမတန်းအောင်
လူမျိုး - ကချင်
အလုပ်အကိုင် - နှစ်ခြင်း ခရစ်ယာန် အသင်းတော် အမျိုးသားဌာန တာဝန်ခံ
နိုင်ငံရေးနှင့် ပတ်သတ်ပြီး ယခင်က NDF ပါတီတွင် ကူညီဆောင်ရွက်သူအဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့ဖူးပြီး ယခုနှစ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။