“ရွာကလူတွေက မဲထည့်ရမလား မထည့်ရဘူးလား မဲထည့်ရင် ဘယ်လိုထည့်ရမလဲမသိလို့ စိုးရိမ်နေကြတယ်”ဟု ဦးနဲရယ်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ကြသည့် ကျေးရွာတိုင်းသည် နယ်မြေမအေးချမ်းသည့် ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအတွေ့အကြံုမရှိသည့်အတွက် စိုုးရိမ်နေကြခြင်းလည်း ဖြစ်သည်။
ယခင်က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေသတစ်လျှောက်လုံးမဲပေးခွင့်မရခဲ့သော ဧရိယာတွင် မဲပေးခွင့်ရှိစေရန်နှင့် မဲထည့်ချင်သောသူများ လွတ်လွတ်လပ်လပ် မဲထည့်ခွင့်ရှိစေရန် အသိပညာပေးသည့်သင်တန်းများကို လူမှုအသင်းအဖွဲ့များ မှ ပြုလုပ်ပေးခဲ့သော်လည်း ဒေသခံများ တက်ရောက်မှု အားနည်းသည်ဟု သိရသည်။
“ပြည်သူတွေမအားလို့ အသိပညာပေးသင်တန်းကို လာမတက်နိုင်ကြတာကအရမ်းဝမ်းနည်းဖို့ကောင်းတယ်”ဟု ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဦးရယ်ကပြောပါသည်။
တစ်အိမ်တက် တစ်အိမ်ဆင်း ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းများ ပေးနိုင်စေရန်လည်း ဒီးမော့ဆိုဒေသခံလူငယ်များကိုခေါ်ပြီး အစီစဉ်ဆွဲထားကြောင်း၊ ဤကဲ့သို့ လုပ်မှသာလျှင်လည်း ပိုမိုထိရောက်လိမ့်မည်ဟုထင်ကြောင်း ဦးဦးရယ်က ပြောသွားသည်။
ပြည်သူများသည် မဲပေးချင်သော်လည်း မဲပေးပုံပေးပေးနည်းကိုမသိတာကတစ်ကြောင်း၊ ပထမအကြိမ် မဲပေးမှာ့ဖြစ်တဲ့အတွက် အခက်ခဲ တွေ့နေရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု သင်တန်းများ ပြုလုပ်သော မောဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးလော်ရယ်က ကန္တရဝတီတိုင်းသို့ပြောသွားသည်။
“ရွေးကောက်ပွဲဆိုင်ရာ သင်တန်းမျိုးကို ပေးခြင်းဖြင့် ပြည်သူများပိုမို စိတ်ဝင်စားလာစေမယ် ဒီအကြောင်းကို ပိုသိလာမယ် သူတို့အခွင့်အရေးနှင့်ဆိုင်တယ် ဆိုပြီးတော့ ပါ၀င်လာမယ်. မဲပေးနှုန်းလည်း တက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်” ဟု ဆရာ ဦးလော်ရယ်ပြောသွား သည်။
ဒီးမော့ဆိုမြို့ မော့ဒူကလားမေးခန်းမဆောင်တွင် စက်တင်ဘာလ ၁၇ ရက်က မောဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းမှ ကျင်းပခဲ့သော သင်တန်းတွင် ဒေါသမကြီးကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာအုပ်စု၊ ထီးပုကလိုးကျေးရွာအုပ်စု၊ ဒေါကလိုခူ ကျေးရွာအုပ်စု စသည့် ကျေးရွာ အုပ်စုများမှ ဒေသခံများ တက်ရောက်ခဲဲ့ပြီး သင်တန်းတွင် မဲပေးပုံပေးနည်းနှင့် ပယ်မဲမဖြစ်အောင်အဓိကထားသင်ပေးသွားကြောင်း သိရသည်။