တိုင်ရင်းသားလူမျိုးစုတွေ ယခုကဲ့သို့ ရွှေ့ပြောင်းနေထိုင်ရသော အကြောင်းရင်းမှာ ဒုက္ခအမျိုးမျိုးကြောင့်ဟုပင် ပြောရမည်ဖြစ်ပြီး ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်လာခဲ့သည်။
လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး၊ လုံခြံုရေး များအခက်တွေ့ပြီး ကိုယ့်မွေးရပ်ဇာတိမြေကို ကျောခိုင်း လာကြရသည်။
အများစုကတော့ တန်ဖိုးရှိပြီးသယံဇာတ ပေါကြွယ်ဝသော ချစ်မြေကို စွန့်ခွာရန် မတွေးဝံ့ချေ။ မတွေးခဲ့ဖူးချေ။ သို့သော်လည်း ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခ များကရိုးသားဖြူစင်သည့် တိုင်းရင်းသားများကို အခြေအနေဆိုးများဆီသို့ တွန်းပို့ခဲ့လေသည်။
ထိုအထဲမှ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည့် မျိုးဆက်သစ်လူငယ်များသည် ဒုက္ခသည်စခန်းတွင် သုံးပုံနှစ်ပုံရှိပြီး ထိုသူများသည် ပညာရေးကောင်းမွန်ရန် ဆိုသည့် မျှော်လင့်ချက်ဖြင့်သာ ဆက်လျှောက်လှမ်းနေရသည်။
ရည်မှန်းချက်ပန်းတိုင်များ၊ အိပ်မက်များကို မြန်မာပြည်အတွင်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးသည့် အခြေအနေတွင် စိတ်ဓာတ်ကျခဲ့ရသော်လည်း ဒုက္ခသည်စခန်းတွင် ဆက်လက်ပညာဆည်းပူးခွင့်ရနေခြင်းကတော့ အဆိုးထဲက အကောင်းဟု ပြောရမည်။
ဒုက္ခသည်စခန်းမှ ကျောင်းသားများအနေဖြင့် ပြည်တွင်း ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် အတွေးအခေါ်ပိုင်းဆိုင်ရာများ၊ နိုင်ငံရေး ဗဟုသုတများ၊ လက်တွေ့ နည်းနာအတတ်ပညာနှင့် ဆိုင်သောဘာသာရပ်များကို သင်ကြားခွင့် ပိုရရှိကြသည်။
ရင့်ကျက်မှုပိုင်းဆိုင်ရာတွင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြသည်။ လူမှုရေးပိုင်းဆိုင်ရာတွင် ပိုမိုသိကျွမ်းပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် လက်တွေ့နှင့်ဆိုင်သော သိပ္ပံစမ်းသပ်ချက်များ၊ ကိုယ်တိုင်လေ့လာ၍ ရှာဖွေရသော ဘာသာရပ်များအပြင် နိုင်ငံခြားသားဆရာများနှင့် လက်တွေ့ပြောဆိုသင်ကြားခွင့်များ ရရှိနိုင်သောကြောင့်ဟု ပြောရမည်။
Karenni Community College မှ ဒုတိယနှစ်ကျောင်းသူ မပန်းခေတ်လမင်းက “ဒီဖက်မှာ ကွန်ပြူတာ လက်တွေ့ပိုင်းဆိုင်ရာ၊ အင်္ဂလိပ်ပိုင်းတွေမှာ ပိုပြီး တိုးတက်မှုရှိတယ်။ ဟိုဖက်မှာ (မြန်မာပြည်တွင်း)မှာ ငွေကြေးအဆင်မပြေတာကြောင့် အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဒီဖက်ရောက်တော့ ကိုယ့်လို ဒုက္ခရောက်တဲ့ သူတွေလည်း အများကြီးရှိတာပဲဆိုပြီး ကိုယ့်စိတ်တွေပိုပြီး ကြံ့ခိုင်လာတယ်။ ရည်မှန်ချက်တွေလည်း ခိုင်မြဲလာတယ်”ဟု ဆိုသည်။
ဒုက္ခသည်စခန်းတွင်းမှ ကျောင်းသားတွေကတော့ စခန်းတွင်း အနေအထိုင်ဆင်းရဲခြင်း၊ စားဝတ်နေရေး မလုံလောက်ခြင်း၊ မိသားစုများအလုပ်မဲ့ဖြစ်ခြင်းများ ရှိသော်လည်း ပညာဆက်လက်သင်ကြားရေး ကိုသာ မျှော်လင့်ထားကြသည်။
မြန်မာပြည်တာဝန်ရှိသူများအနေဖြင့် ဒုက္ခသည် ပညာရေးကို အတိအလင်း အသိမှတ်မပြုသေး သော်လည်း ကျောင်းသားလူငယ်တွေကတော့ အဆင့်မြင့် ပညာများရရှိဖို့ကိုသာ ကြိုးစားနေကြပြီး ကိုယ့် မိခင်အဖွဲ့အစည်းနှင့် ပြည်တွင်းထဲတွင် ပြန်လည်ကူညီိနိုင်ရေးသာ မျှော်မှန်းထားကြသည်။
အပစ်အခတ်ရပ်စဲရေး နှင့် ပြည်ပ ဒုက္ခသည်ပညာရေးများကို အသိအမှတ်ပြုရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ နှင့် KNPP လက်အောက်ရှိ ကရင်နီပညာရေးဌာန (KnED) တို့က ကြိုးစား၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။

ကျောင်းသားအများစုကတော့ ပြည်တွင်းထဲမှာ အလုပ်များ ပြန်လည်လုပ်ကိုင်ရန် မလွယ်ကူကြောင်း သိနေကြသော်လည်း အကောင်းဆုံး ကူညီနိုင်ရန်ဆိုသည့် မျှော်လင့်ချက်ဖြင့် ရှေ့ဆက်လှမ်းသွားမည်ဟု ဆိုကြသည်။
“ကျွန်တော်က ကွန်ပြူတာပိုင်းဆိုင်ရာတွေမှာ စိတ်ဝင်စားခဲ့တယ်။ ကိုယ့်အသိုင်းအဝိုင်းမှာ ကွန်ပြူတာ မတတ်သူတွေက အများကြီးရှိတယ်။ ပြီးတော့ ကျွန်တော် တစ်ထောင့်တစ်နေရာကနေ ကွန်ပြူတာ ပိုင်းဆိုင်ရာတွေ သင်ပေးဖို့ရှိတယ်။ ပထမခြေလှမ်းအနေနဲ့ ဒီဖက် (ဒုက္ခသည်စခန်း)မှာ စမယ်။ ပြီးတော့ ပြည်တွင်းထဲမှာ သင်တန်းတွေ ပြန်ဖွင့်ပေးမယ်။ ကျွန်တော်ရင်နာတာ တစ်ခုက ဘာကြောင့် ပြည်တွင်းထဲမှာ ကျွန်တော်တို့သင်ထားတဲ့ ပညာတွေကို အသိအမှတ်မပြုတာလဲ။ ကျွန်တော်ကတော့ မခံချင်စိတ်နဲ့ ကြိုးစားမှာပဲ ဇွဲမလျှော့ဘဲ မျှော်မှန်းထားတာကိုဆက်လျှောက်လှမ်းမယ်”ဟု KnCC တတိယနှစ်ကျောင်းသား မူးရယ်က ဆိုသည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့် ၎င်းတို့၏ မျှော်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရန် Resources(အင်အားများစွာ) လိုအပ်နေသည်။ အဆင့်မြင့်ပညာရေးစနစ်များ သင်ကြားနိုင်ရန် လိုအပ်သည်။ သို့သော် လူဦးရေ အကန့်အသတ်ဖြင့် ရွေးချယ်လေ့ရှိ သည့် ကျောင်းများကြောင့် လူငယ်များမှာ ပညာဆက်သင်ကြားနိုင်ရေး အခက်တွေ့နေရသည်။
ဥပမာအနေဖြင့် ကြည့်လျှင် ကရင်နီဒုက္ခသည်စခန်းမှ အထက်တန်းကျောင်းပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် ရှေ့ဆက်၍ အဆင့်မြင့်ပညာရေးရှိရန် Karenni Community Callege ၊ Social Development Center နှင့် အခြား Post X ဆယ်တန်းလွန်ကျောင်းများသို့ ဆက်သွားရန်သာ ရှိသည်။
သို့သော်လည်း ထိုကျောင်းများက လူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံသောကြောင့် ကျောင်းဆက်တက်ရန် အခွင့်အရေးနည်း ပါးပြီး မျှော်လင့်ချက်များပျောက် ကွယ်သွားမည်ကို စိုးရိမ်ပူပန်နေကြသည်။ အချို့သော ကျောင်းသားကျောင်း သူများသည် ကျောင်းဝင်ခွင့်များ မရရှိသော်လည်း နောက်လာမည့် နှစ်တွင် အခွင့်အရေးရရန် စောင့်မျှော်ကြရင်း ကျောင်းဆရာ၊မ များအဖြစ် ဝင်ရောက်ကူညီကြသည်။
စိတ်ဓာတ်ကျလာသည့် ကျောင်းသားအချို့ကတော့ ဒုက္ခသည်စခန်းအပြင်သို့ ထွက်၍စက်ရုံ၊ အလုပ်ရုံ များတွင် အလုပ်လုပ်ကို်င်ရင်း အိမ်ထောင်ကျကုန်သည်။ မူးယစ်ဆေးဝါးများစွဲကာ ပျက်စီးကုန်ကြသည်။
POST X (ဆယ်တန်းလွန်ကျောင်း)ကို တက်ခွင့်ရသောကျောင်းသားများအနေဖြင့်မူ ၎င်းတို့၏ Academic ပညာသင်နှစ်သုံးနှစ်ပြီးဆုံးလျှင် ကျောင်းဆရာ၊ ဆရာမအဖြစ် တစ်နှစ်ပြန်လည်ကူညီ ပေးရသော အာမခံစာချုပ် Policy ရှိသည်။
ထိုသို့ ပြန်လည်ကူညီပြီးလျှင်မူ ထိုင်း-မြန်မာ နယ်စပ်ရှိ ဖွင့်လှစ်ထားသော Minmahaw Higher Education Program( MHEP)၊ Wide Horizon (WH) နှင့် English Immersion Program (EIP) တို့တွင် ဆက်လျှောက်ကြရပြီး ၎င်းကျောင်းများသည်တစ်နှစ်လျှင် ကရင်နီဒုက္ခသည်စခန်း၂ ခုစလုံးမှ ၁၅ ရာနှုန်းကိုသာ ရွေးချယ်သည်။
ထိုကျောင်းများ၏ အဓိက ရည်ရွယ်ချက်မှာ အဆင့်မြင့်အင်္ဂလိိပ်စာ တိုးတက်ရေးနှင့် အခြားသော community development များသင်ကြားပို့ချပေးပြီး နိုင်ငံကာတက္ကသိုလ်များသို့ တက်ရောက်နိုင်အောင် ပို့ဆောင်ပေးသော တံတားများ ဖြစ်ကြသည်။
ထိုကျောင်းများအောင်မြင်စွာ ပြီးဆုံးသောလူငယ်များသည် Scholarship(ပညာသင်ဆု) ရရှိရန် Child Dream နှင့် Process Burma ကဲ့သို့ ပညာသင်ဆုပေးသော အဖွဲ့အစည်းများဆီသို့ လျှောက်ကြသည်။
ထိုပညာသင်ဆုရရှိသွားပြီး နိုင်ငံတကာသက္ကသိုလ် တက်ရောက်နေသော လူငယ်များမှာ ရာခို်င်နှုန်း အလွန်ပင်နည်းပါးလှသည်။
ထိုသို့သော အခြေအနေတွင် ကရင်နီလူငယ်များအတွက် ပညာသင်ဆုရရှိရန် ပံ့ပိုးပေးသောအစီအစဉ် Karenni Education Support Network (KnESN) ကို ၂၀၁၄ သြဂုတ်လတွင် ကရင်နီလူငယ်များ စတင်တည်ထောင်နိုင်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ကရင်နီလူငယ်များအနေဖြင့် လူထုကို ဦးဆောင်ပြီး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယခုနှစ်တွင် ပညာသင်ဆု ၂ ဦးရွေးချယ်ပြီး အိန္ဒိယ တက္ကသိုလ်တွင် ပညာဆည်းပူးရန် ရွေးချယ်စေလွှတ်ပေးသည်။
ကရင်နီဒုက္ခသည် လူငယ်များအတွက်မူ ထိုကဲ့သို့သော အဖွဲ့အစည်းများစွာလိုအပ်နေပြီး လူငယ်များ မျှော်လင့်ချက် ပျောက်ကွယ်မသွားအောင် လမ်းစများဖွင့်ပေးရန် အရေးတကြီး လိုအပ်နေပေသည်။
ဤမျှပင်မကသေး အဆင့်မြင့် တက္ကသိုလ်ပညာကို လေ့လာပြီးသော ကျောင်းသားကျောင်းသူများ အတွက် မိမိဒေသတွင် ပြန်လည်ကူညီနိုင်ရန် ဒေသဆိုင်ရာအဖွဲ့အစည်း နှင့် လူထုအဖွဲ့အစည်းများ၏ အကူအညီများစွာ လိုအပ်နေပေသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်အသိမှတ် ပြုမခံရခြင်းကြောင့် ဖြစ်သည်။ NGO သို့မဟုတ် CBO နှင့်အခြားသော ပုဂ္ဂလိက အဖွဲ့စည်းများ၌သာ ကူညီဆောင်ရွက်ခွင့်ရပြီး ပြည်သူလူထုများ၏ လိုအပ်ချက်များ နှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင်သာ အစ်ိုးရ၏ အကန့်အသတ်ဖြင့် လုပ်ဆောင်ခွင့် ရရှိကြသည်။
ထိုနည်းတူ ပြည်သူလူထုများအနေဖြင့်လည်း မိမိပြည်နယ်ဒေသတွင် ကူညီဆောင်ရွက်နေသော မျိုးဆက်သစ်လူငယ်များနှင့် အဖွဲ့အစည်းများကို နေရာပေးပြီး ၎င်းတို့နှင့်အတူ ယုံကြည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်နေသေးသည်။
ဒုက္ခသည် လူငယ်များအနေဖြင့်မူ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပညာရေး ဆုံးခန်းတိုင်ရေးကို သာ မျှော်လင့်နေကြရပြီ။
ဆယ်တန်းလွန်ကျောင်းများနှင့် နိုင်ငံတကာ တက္ကသိုလ်များ ဆက်လက်တက်ရောက်ခွင့်ရရေးသည် အိပ်မက်၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။ Scholarship program များ ပိုမိုများပြားလာရေး၊ ကရင်နီကောလိပ်များမှ ကျောင်းသားဦးရေ ပို၍ လက်ခံနိုင်ရေး တို့သည်သာ လူငယ်များ၏ အိပ်မက်ကို ရှေ့တန်းရောက်အောင် တွန်းတင်ပေးနိုင်ပေလိမ့်မည်။
ထူးချွန်သည့် လူငယ်တွေကတော့ဖြင့် နေရာတိုင်းမှာ စောင့်နေကြပြီ။ သူတို့ကို အခွင့်အရေးပေးနိုင်ဖို့နှင့် သူတို့၏ အိပ်မက်များအတွက် ကူညီပေးနိုင်ဖို့သာ လိုပါသည်။
ဆောင်းပါးရှင်-သိင်္ဂီဝင်း







