ဟားခါးမြို့မှာ ဆန်နှင့် အခြေခံစားကုန်များ ဈေးမြင့်တက်နေ

ဟားခါးမြို့မှာ ဆန်နှင့် အခြေခံစားကုန်များ ဈေးမြင့်တက်နေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ကုန်တင်ကားများ ပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် အခြေခံစားကုန်များ ဈေးမြင့်တက်နေပြီး ဆန်တအိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားသည်ဟု သိရသည်။

“ကုန်ဈေးနှုန်းကတော့ အကျပိုင်းတော့ မရှိဘူး၊ အကုန်လုံး တက်နေတာပဲ။ အခု ဆန်က အများသုံးက ကာနန်ဧရာမင်းက တအိတ်ကို နှစ်သိန်း၊ တချို့တွေလည်း နှစ်သိန်းခွဲ အဲ့လို အမျိုးအစားပေါ်မူတည်တယ်။ လမ်းဖွင့်တဲ့လမ်းတွေက ကားသေးတွေပဲ အများအားဖြင့် ထွက်တယ်။ ဆန်တွေက ကားကြီးတွေပဲ တင်တာလေ။ အဲ့တာကြောင့် အဲလောက်ထိ ဈေးတက်တာ ပုံမှန်လမ်းအတိုင်း မမောင်းတော့ဘူးလေ ကားကြီးတွေက ပတ်ပြီးတော့မောင်းရတာ။ ဆီဈေးတက်တာ၊ ပြီးရင် လမ်းတွေကလည်း အရင်က ဟားခါးနဲ့ ကလေးကို နေ့ချင်းရောက်ရင်တောင် အခု နှစ်ည၊ သုံးည ကြာတဲ့သူတွေလည်းရှိတယ် အဲဒါတောင် ပုံမှန်မဟုတ်တော့ဘူး။ ဖလမ်းမြို့ပေါ်မှာလဲ ပတ်ရသေးတယ်၊ ဟားခါးမြို့အဝင်မှာလဲ ပတ်ရသေးတာကိုး” ဟု ဟားခါးမြို့ပေါ်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်က တရက်ခရီးသာရှိသော ကလေး-ဟားခါး ကားလမ်းသည် ဖလမ်းမြို့တိုက်ပွဲကြောင့် ပုံမှန်ပြေးဆွဲ၍မရတော့ဘဲ ရှောင်ကွင်းလမ်းမှ ကွေ့ပတ်သွားနေရသည့်အတွက် လမ်းခရီးတွင် အချိန်ကြာမြင့်လေ့ရှိပြီး ဟားခါးမြို့ တွင် ကုန်တင်ကားများ ပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံက ပြောသည်။

ထို့ကြောင့် ဆန်အပါအဝင် အခြားစားကုန်များလည်း ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ လုံးသွယ်မွှေးဆန် တအိတ်လျှင် နှစ်သိန်း သုံးသောင်းကျပ်၊ ကာနန်ဧရာမင်းတအိတ်လျှင် ၂ သိန်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းရှစ်သောင်းကျပ်၊ ပဲဆီ တပုံးလျှင် နှစ်သိန်းငါးသောင်းကျပ်၊ နေကြာပုံးဝါ (၁၀) ပိဿာ တစ်ပုံးလျှင် နှစ်သိန်းသုံးသောင်းကျပ်၊ အားလူး တစ်ပိဿလျှင် ရှစ်ထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ခုနှစ်ထောင်ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် နှစ်သောင်းသုံးထောင်ကျပ်၊ ငရုတ်သီးစိမ်း နို့ဆီတစ်ဗူးလျှင် တစ်ထောင့်ငါးရာကျပ်၊ အမဲသားနှင့် ဝက်သား တစ်ပိဿာလျှင် နှစ်သောင်းကျပ်၊ ကော်ဖီမစ် တစ်ပါကင်လျှင် တစ်သောင်းရှစ်ထောင်ကျပ်တို့ဖြင့် ဝယ်ယူသုံးစွဲနေကြရသည်ဟု သိရသည်။

“ကုန်ဈေးနှုန်းတက်တာကတော့ ဒီနှစ်ဆန်းပိုင်းကနေ ပိုပြီးတော့ ဈေးတက်သွားတာ အဲ့တာကြောင့် စိတ်ညစ် နေရတာ။ ဟားခါးမှာတောင်မှ နေလို့ရပါ့မလား မသိတော့ဘူး။ ဒီမှာပဲ ကုန်ဈေးနှုန်း တက်တာလားလို့ပဲ တွေးနေရတယ်။ ဒီမှာက အများအားဖြင့် ခက်ခဲရင်တောင်မှ ဆန်ကတော့ အိတ်လိုက်ဝယ်ကြတယ်၊ ပိုက်ဆံမလောက်ရင် အသိအချင်းချင်းဆိုရင် အကြွေးနဲ့ ယူလို့တော့ရတယ်။ ဆန်ဈေးတွေတက်တာကတော့ ဖလမ်းလမ်း ပိတ်တဲ့အချိန်တုန်းကစပြီးတော့ အခုလိုမျိုး တက်လာတာ” ဟု ဟားခါးမြို့က အိမ်ရှင်မတဦးက ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့အဝင် ခြောက်လမ်းစုံတွင် တပ်စွဲထားပြီး မြို့တွင်း ဆိုင်ကယ်လိုင်စင်အပါအဝင် လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုများရှိသည်ဟု သိရသည်။

Most read this week

March 14, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များကို စစ်ကောင်စီက...
March 13, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်...
March 6, 2025
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း မြို့နယ်၏ ၉၉% တွင်...