“ရောဂါဝေဒနာကို ကုသဖို့ထက် အိမ်ပြန်ဖို့ကိုပဲ မျှော်လင့်နေတဲ့ ဒေါ်နျားမြာ”

“ရောဂါဝေဒနာကို ကုသဖို့ထက် အိမ်ပြန်ဖို့ကိုပဲ မျှော်လင့်နေတဲ့ ဒေါ်နျားမြာ”

“တခါတခါ ရင်ကြပ်ပြီဆိုရင် ကျောတပြင်လုံးပါ နာတယ်။ သူများတွေလိုသာ ကျန်းမာရေးကောင်းနေရင် ထင်းခွေ၊ ရေခပ် နည်းနည်းပါးပါး ဟင်းဖိုးလေး၊ ဘာလေး ရှာစားမယ်။ အရမ်းလုပ်ချင်တယ်”

နံနက်မိုးလင်းတိုင်း အိမ်ရှေ့မျက်နှာစာမှာ အမြဲထိုင်နေရင်း စားဝတ်နေရေးအတွက် တွေးတော ပူပန်နေတတ်တဲ့ အသက် ၇၀ အရွယ် ဒေါ်နျားမြာက စာရေးသူကို ရင်ဖွင့်လာတဲ့ ရင်တွင်းစကားလေး ဖြစ်ပါတယ်။

သူဟာ ပန်းနာရင်ကြပ် ဝေဒနာသည်တဦးပါ။ သူများတွေ သွားလာလှုပ်ရှားနေတာကိုမြင်ပြီး သူကိုယ်တိုင် မလှုပ်ရှားနိုင်တော့တာကြောင့် ခံပြင်းနေသူပါ။

ဒါ့အပြင် အသက်အရွယ်ရလာပြီဖြစ်တာကြောင့် မျက်စိမှုန်ဝါးတဲ့ ဝေဒနာကိုပါ စတင်ရင်ဆိုင်ကြုံတွေ့ နေရပြီပဲ ဖြစ်ပါတယ်။ အိမ်ရှေ့မျက်နှာစာမှာ အမြဲထိုင်ပြီး သွားလာနေသူတွေကို ငေးနေကြည့်နေခဲ့ပေမယ့် အခုဆိုရင် ဘယ်သူဘယ်ဝါ ဆိုတာကိုတောင် သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သူနေထိုင်ရာ ကျေးရွာအတွင်းကို လက်နက်ကြီး မကြာခဏ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ ကျေးရွာကို စွန့်ခွာပြီး လေးညတာ ခရီးကို ဖြတ်ကျော်ကာ နယ်စပ်တနေရာမှာ သားငယ်လေး နှစ်ယောက်နဲ့အတူ နေထိုင်နေပါတယ်။

သုံးနှစ်ကျော်ကာလအတွင်း နယ်စပ်တနေရာမှာ စစ်ရှောင်နေရတဲ့ ဒေါ်နျားမြာတို့ မိသားစုအတွက် စားဝတ်နေရေး ကြပ်တည်းလာတာကြောင့် သားကြီးတယောက်တော့ ဝင်ငွေလေးတခုရဖို့အတွက် ပြင်ပတနေရာမှာ သွားရောက်အလုပ် လုပ်ကိုင်နေပါတယ်။

“ဒီမှာက ပုံမှန်တော့ အထောက်အပံ့ရတယ်။ ဒါပေမဲ့ တခါတလေဆို စားမလောက်ဘူး။ သူများနား သွားယူစားရတယ်” လို့ ဒေါ်နျားမြာက သူမတို့မိသားစုရဲ့ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေကို ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

ဒေါ်နျားမြာမှာ သား၊ သမီး ငါးယောက်ရှိပါတယ်။ သူနဲ့အတူ စစ်ရှောင်မှာ နေထိုင်နေတဲ့ သားငယ် နှစ်ယောက်ကလွဲပြီး ကျန်တဲ့ သားသမီး အကြီးတွေကတော့ အိမ်ထောင်ကျပြီး ဒေါ်နျားမြာကို စွန့်ခွာကုန်ကြပါပြီ။

အာဏာရှင်စစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ဒေါ်နျားမှာတို့ အခုမှ ကြုံတွေ့ကြရတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက ကြုံတွေ့ခဲ့ကြရတာပါ။

ဒေါ်နျားမြာရဲ့ ခင်ပွန်းဖြစ်သူဟာ မတရားအသင်းဆက်သွယ်မှုနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံ့ခဲရပါတယ်။ အဲဒီအချိန်မှာတော့ ဒေါ်နျားမြာရဲ့ အငယ်ဆုံးသားလေးမှာ လသားအရွယ်ပဲ ရှိပါသေးတယ်။

“ထောင်ဒဏ် ဆယ်နှစ်တဲ့။ ထောင်ထဲမှာတော့ ငါးနှစ်ပဲ နေလိုက်ရတယ်။ သူတို့ ဘယ်လောက်ထိတောင် နှိပ်စက်ထားလည်း မသိဘူးကော။ ငါးနှစ်ပြည့်တဲ့အချိန်မှာ သူပြန်လွတ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေးက လုံးဝမကောင်းတော့ဘူး။ ဝမ်းသွားရင်လည်း သွေးတွေကြီးပဲ။ ဒါနဲ့ သူ ငါးရက်ပဲ ခံတယ်။ ပြီးတော့ ဆုံးသွားတာပေါ့”

မျက်ရည်ဝဲလျှက် ရင်ကွဲဝမ်းနည်းစွာနဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ရင်ဖွင့်လာတာပါ။ ခုတော့ စစ်အာရှင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို နောက်တဖန်ကြုံတွေ့ရပြန်ပါပြီ။

ကလေးတွေရဲ့ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ဒေါ်နျားမြာတယောက် ကျန်းမာရေးကို ဂရုမစိုက်နိုင်တော့ပဲ သား၊ သမီးစားဝတ်နေရေးအတွက် အလုပ်ကိုသာ ရှေ့တန်းတင်ခဲ့ပါတယ်။

သား၊ သမီး ဝမ်းစာအတွက် အလွန်စိုးရိမ်ပူပန်နေတာကြောင့် နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နေခဲ့ရတာပါ။

အခုချိန်မှာတော့ သူဟာ ကျန်းမာရေးကို လစ်လျူရှု့ခဲ့ရတဲ့ အကျိုးဆက်ကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။

ဝင်ငွေမရှိတဲ့ ဒေါ်နျားမြာတို့ မိသားစုအတွက် စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းနေရတဲ့အချိန်မှာ သူ့ရဲ့ ကျန်းမာရေးကို ကုသဖို့အတွက် ခက်ခဲနေမှာတော့ အမှန်ပါပဲ။

ဒါပေမဲ့ အခုတော့ ဒေါ်နျားမြာ တယောက် သူ့ရဲ့ကျန်းမာရေးကို ကုသဖို့ထက် တော်လှန်ရေးအောင်မြင်တဲ့ တနေ့ကို စောင့်မျှော်လင့်နေရင်း ဇာတိမြေကို ပြန်လည်နေထိုင်ချင်တဲ့ သူ့ရဲ့ စိတ်က ပိုမိုပြင်းပြနေပါတယ်။

ဒေါ်နျားမြာတယောက် နံနက်မိုးသောက် အာရုံတက်တိုင်း အိမ်ရှေ့မျက်နှာစာမှာ ထိုင်ငေးနေရင်း အိမ်ပြန်ရမယ့် တနေ့ကို စောင့်မျှော်လင့်နေမိပါတော့တယ်။

Most read this week

March 19, 2025
ဦးစော (နာမည်လွှဲ) တို့ မိသားစုဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုမှာ...
March 17, 2025
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာ လူဦးရေသောင်းနဲ့ချီရှိနေပေမဲ့...
March 13, 2025
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက အိမ်ခြေ ၃၂၀ ရှိတဲ့ စစ်ရှောင်စခန်း တစ်နေရာမှာ အိမ်ခြေ ၁ ရာ...
March 12, 2025
ယမန်နေ့ (မတ်လ ၁၁ ရက်) မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို...