မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးရင်း သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုထက်မနည်း တွေ့ရှိ၊ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၏ အရိုးစုများ ပါဝင်

မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးရင်း သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် အရိုးစု ၁၅ စုထက်မနည်း တွေ့ရှိ၊ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၏ အရိုးစုများ ပါဝင်
မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများ။ Photo Credit: (မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်)
မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများ။ Photo Credit: (မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်)

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများကို ၈ လအကြာမှာ ရှာဖွေ့တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစု ၁၅ စုထက်မနည်းကို တွေ့ရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲတွင် မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့ မိသားစုဝင်များ၊ Non-CDM ဝန်ထမ်များ အင်အားရာချီသည် စခန်းစွန့်ခွာထွက်ပြေးကြရာ ၎င်းတို့ထဲမှ သေဆုံးသူများ၏ အရိုးစုများကို ၂၀၂၅ မတ်လ ၁၁ ရက်က မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်စပ်က တိုက်နယ် ၁၄ ထဲတွင် အစုလိုက် နေရာအများအပြားမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အရိုးစုတွေ ကျနော်ကိုယ်တိုင် မျက်မြင် မြင်တွေ့ခဲ့တာက ၁၅ ခုလောက် တွေ့ခဲ့ပါတယ်။ ဒေသခံတွေပြောတာကတော့ ၁၂၀ လောက် ရှိနိုင်တယ်ပေါ့။ ရှာဖို့ကလည်း ခက်သွားပြီ။ အချိန်ကလည်း ကြာသွားပြီးဆိုတော့ တချို့က တောမီးလောင်တဲ့အထဲ ပါတယ်။ တချို့က ချောင်းထဲမှာရှိတယ်။ ရေထဲမှာ တွေ့ရှိတယ်။ တချို့က စခန်းဘေးနားက တွေ့ရှိခဲ့တာတော့ ပုံစံမျိုးစုံပေါ့” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။

တောထဲတွင်‌ သောက်စရာရေမရှိခြင်း၊ စားစရာများပြတ်လပ်ပြီး တလကျော် ထွက်ပြေးနေရင်း ဝမ်းရောဂါများဖြင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု သိရသည်။

မြင်တွေ့ရသည့် အရိုးစု ရုပ်အလောင်းများတွင် ကလေးငယ် ရုပ်အလောင်း ၂ ခု၊ အမျိုးသမီးဟူ၍ သေချာသော ရုပ်အလောင်း အရိုးစု ၁ ခု၊ တချို့အရိုးစုများမှာ အမျိုုးသား၊ အမျိုးသမီး ခွဲခြားရန် ခက်ခဲခဲ့ကြောင်း၊ အရိုးစုရုပ်အလောင်း အများစုသည် ၎င်းတို့စခန်းချခဲ့သော ဘေးအနားတွင် အများဆုံးတွေ့ရှိရသည်ဟု သိရသည်။

“ကျနော်တွေ့ခဲ့တဲ့အထဲမှာ ကလေးလေးတွေလည်း ပါတယ်။ ကလေးရုပ်အလောင်းက ၂ ခုတွေ့ခဲ့တယ်။ အမျိုးသမီး သေချာတဲ့ ရုပ်အလောင်းက ၁ ခု တွေ့ခဲ့တယ်။ တော်တော်များများက မသိသာတော့ဘူး။ ဆံပင်တွေ တချို့ ကျန်ခဲ့တယ်။ အရိုးခေါင်းခွံတွေပဲ ကျန်တော့တယ်ဆိုတော့ တော်တော်များများက မသိသာတော့ဘူး” ဟု ကိုလောရင့်စ်က ပြောသည်။

အခင်းဖြစ်ရပ်နေရာသည် တောင်စွယ်တွေများပြားသောကြောင့် ချောက်ထဲပြုတ်ကျပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း၊ တောမှာ အလွန်နက်သောကြောင့် ကျားမျိုးနွယ်ဝင်များ၊ ဝက်ဝံ၊ တောခွေးများလည်းရှိကြောင်း သိရသည်။

အရိုးစုအလောင်းများ တွေ့ရှိရသောနေရာသည် လူနေရပ်ရွာများနှင့် ဝေးကွာသောကြောင့် မီးရှို့သဂြိုလ်ပေးရန် ဆန္ဒရှိသော်လည်း ခက်ခဲနေကြောင်း၊ အရိုးစုများကို ရှာဖွေနိုင်ရန် လူင်အား ၂၀ ကျော်၊ ၃၀ နီးပါးဖြင့် တောနင်းရှာဖွေမှုကို ၂ ရက်၊ ၃ ရက် လုပ်ရမည့် အနေအထားဖြစ်သည်ဟု ကိုလောရင့်စ်က ပြောသည်။

“ရှိတဲ့ အရိုးစုတွေကို ကျနော် အချိန်ရလို့ရှိရင် မီးရှို့ပေးဖို့ ဆန္ဒရှိခဲ့တာပါ။ သို့သော် သွားရတဲ့ခရီးရဲ့ မြေပြင်အနေအထားကို အရင်ဆုံး သိချင်တာပေါ့။ ဖြစ်နိုင်၊ မဖြစ်နိုင် သွားကြတော့ အဲဒါ လိုက်လုပ်ဖို့က တော်တော်လေး ခက်ခဲတယ်။ ဝေးတယ်။ အရိုးစုတော်တော်များများကလည်း ပြန့်ကျဲနေတယ်။ နောက်ဆုံးပြောချင်တာကတော့ သူတို့ကို ဂုဏ်သိက္ခာရှိရှိ သူတို့ကို အဆုံးသတ်ပေးချင်တာပေါ့။ သူတို့က သေဆုံးသွားပြီဖြစ်သော်လည်း ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် အဲလို ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်ပေးတာဖြစ်ဖြစ်၊ မြေမြုပ်ပေးတာဖြစ်ဖြစ် လုပ်ပေးချင်ပါတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။

အရိုးစုများ အနီးဝန်းကျင်တွင် ကြယ် ၃ ပွင့်ပါသော အရာရှိအမှတ်တံဆိပ်၊ ဦးပိုင်ကုမ္ပဏီမှ စစ်သားများ စုဆောင်းထားသော အစုရှယ်ယာငွေရပြေစာများ၊ ကျည်ကာအင်္ကျီများအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများကို ရုပ်သံဖိုင်များတွင် တွေ့မြင်ရသည်။

ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များသည် ပူးတွဲစစ်ဆင်ရေးတရပ်အဖြစ် မတူပီမြို့ရှိ ခမရ - ၃၀၄၊ ခလရ - ၁၄၀ နှင့် မတူပီ အခြေချ စစ်ဗျူဟာတို့ကို ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ဇွန်လ ၂၉ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မတူပီမြို့သိမ်းတိုက်ပွဲများမှ စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ ရာချီသည် စခန်းစွန့်ခွာ ထွက်ပြေးကြရာ သုံးပတ်နီးပါးအကြာ ၂၀၂၄ ဇူလိုင်လ ၁၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုဝင်များ၊ အရပ်ဘက်ဝန်ထမ်းများ ၁၂၀ ဝန်းကျင်ကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယအသုတ်အဖြင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF - မတူပီ၊ တပ်မဟာ ၂ တို့လည်း စစ်ကောင်စီတပ်သား၊ တပ်မိသားစုဝင်များအပါအဝင် စစ်သုံ့ပန်း ၈၀ ဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့မိသားစုဝင်များလည်း ရှိနေခဲ့သည်ဟု သိရသည်။

March 14, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အသက်မပြည့်သေးသူအပါအဝင် လူငယ်များကို စစ်ကောင်စီက...
March 13, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်...
March 6, 2025
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း မြို့နယ်၏ ၉၉% တွင်...
March 3, 2025
ပုံစာ - စားစရာမရှိ၍ အသီးအရွက်ကိုသာ တနှစ်ခန့်အကြာ စားသောက်နေရသည့် မင်းတပ်ဒေသခံ အဘွားအိုတစ်ဦး...