သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက်မလုံလောက်မှုနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ကြောင့် ဒေသခံများ ရေလုံလောက်စွာ မရကြောင်း သတင်းရရှိသည်။
ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးကို လုံလောက်စွာ မရရှိသည့်အပြင် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ဘတ်ဂျက် မလုံလောက်မှုများကြောင့် ရေသွယ်တန်းခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းနှင့် ရေတင်ရန် အခက်အခဲများ ဖြစ်နေပြီး ရပ်ကွက်နေပြည်သူများအတွက် ရေများကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခြင်းမရှိကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လျှပ်စစ်မီးက လုံလောက်အောင် မရတော့ အရင်ကလို တစ်မြို့လုံးကို ရေမဖြန့်ဝေ ပေးနိုင်တော့တာ။ မြို့က ရေမရှားပါဘူး၊ သဘာဝက ပေးထားတဲ့ ရေထွက်ကြီးရှိတယ်။ မြို့နယ်စည်ပင်ကလည်း ဘတ်ဂျက်မရှိတော့ ရေပေးဝေတာကို စနစ်တကျ မလုပ်ပေးနိုင်ဘူး။ ရေကို စနစ်တကျ အသုံးမချတတ်တာကြောင့် အခုလို ဖြစ်နေတာပါ။ သဘာဝရေထွက်ကနေ တိုက်ရိုက်သွယ်ယူတဲ့ စနစ်နဲ့ဆိုတော့ အနိမ့်ပိုင်းရပ်ကွက်တွေကိုပဲ ရေသွယ် တန်းပေးနိုင်တာ၊ ရက်တိုင်းလည်း မပေးနိုင်ဘူး” ဟု ဆီဆိုင်မြို့ဒေသခံ ၎င်းအမျိုးသားက ပြောသည်။
ထိုအပြင် ရေတင်မှုကို ဆိုလာစနစ်ဖြင့် အစားထိုးထားသော်လည်း လုံလောက်စွာ မရရှိသည့်အတွက် မြို့ပေါ်ရှိ ရပ်ကွက်များကို အလှည့်ကျ ရေပေးဝေနေရကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရေတင်တာကို ဆိုလာစနစ်နဲ့ အစားထိုးထားပေမဲ့ ရေဂါလံ တစ်သိန်း ဆန့်တဲ့ ရေသိုလှောင်ကန်ကို တစ်နေ့လုံး တင်မှ ရေဂါလံ နှစ်သောင်းလောက်ဘဲ တင်နိုင်တော့ ရပ်ကွက်တိုင်းကို ရေမပေးနိုင်တာ။ ဆိုလာစနစ်က စည်ပင်က တပ်ပေးတာ မဟုတ်ပါဘူး၊ ဒေသဦးစီးရဲ့ အစီအစဉ်နဲ့ပါ အဲ့တာက” ဟု ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့တွင်းရှိ ရပ်ကွက်များတွင် ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသည့်အတွက် ဒေသခံအချို့သည် ရေများကို ဝယ်ယူသုံးစွဲနေရကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ရေတင်ကားကတော့ ဖုန်းဆက်ရင်တော့ အိမ်ထိ ပို့ပေးပါတယ်။ ရေဂါလံ ၁၅၀ လောက်ကို နှစ်သောင်းကနေ သုံးသောင်းလောက်အထိ ပေးရပါတယ်။ စစ်ပြီးစ အချိန် ဖြစ်နေတော့ တချို့က ဝင်ငွေမရှိတော့ ရေဝယ်ဖို့က သူတို့အတွက် အရမ်းခက်ခဲတာပေါ့။ အချို့ရပ်ကွက်ထဲမှာကြတော့ ရေတွင်းရှိတယ်။ အဲ့မှာ ရေချိုး၊ အဝတ်လျှော်၊ သုံးရေတွေ ခပ်ယူကြတယ်” ဟု ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့တွင် ရေပေးဝေသည့် စနစ်နှစ်မျိုးရှိနေပြီး သဘာဝရေထွက်မှ တိုက်ရိုက်သွယ်ယူသည့်စနစ်နှင့် ဂျပန်နိုင်ငံမှ လှူဒါန်းကူညီခဲ့သည့် ရေဖြန့်ဝေသည့် စနစ်တို့ဖြစ်ကြောင်း သိရသည်။
ရေထွက်မှ တိုက်ရိုက်သွယ်ယူသည့်စနစ်သည် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့သာ ရေရရှိကြပြီး၊ ဂျပန်နိုင်ငံ အကူအညီဖြင့် ရေဖြန့်ဝေသည့် စနစ်သည် လျှပ်စစ်မောင်းနှင်သော ရေတင်စက် (Pump) ဖြင့် အမြင့်ပိုင်းသို့ တွန်းတင်၍ မြို့တွင်းကို ရေဖြန့်ဝေကြောင်း သိရသည်။
ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ ယမန်နှစ် ၂၀၂၄ မတ်လကုန်ပိုင်းတွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် တစ်နှစ်နီးပါး ကြာသည်အထိ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုသည်။