အမျိုးသမီးများအားလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေး ပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက်တရားမျှတမှုရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးများအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။
အဆိုပါ တောင်းဆိုချက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည် မတ် (၈)ရက်တွင် အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့အစည်းများဖြစ်ကြသော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) အပါအဝင် အဖွဲ့အစည်း (၂၅) ဖွဲ့တို့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့မှ အမျိုးသမီးများအပေါ် ကျား၊မ အခြေပြု အကြမ်းဖက်မှုများ အပါဝင် နည်းမျိုးစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများလည်း ရှိနေကြောင်း သိရသည်။
ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှု မြောက်ကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရးပိုင်း၊ ရိုးရာဓလေ့ ထုံးစံတမ်းများနှင့် နည်းပညာအရ အကြမ်းဖက်ခြင်းတို့သည် လူ့အခွင့်ရေး ချိုးဖောက်မှုများ ဖြစ်သည်။
အကြမ်းဖက်မှုဆိုင်ရာ ကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရရှိနိုင်အောင် အမျိုးသမီးအဖွဲ့အစည်းများမှ အလေးပေးဆောင်ရွက်သွားမည် ဖြစ်ပြီး တော်လှန်ရေးကို အကြောင်းပြ၍ လုပ်ပိုင်ခွင့်၊အာဏာပါဝါ အလွဲသုံးစားလုပ်ပြီး အမျိုုးသမီးများ၏ လုံခြုံရေးရေးနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေသူများသည် လွန်စွာစိတ်ပျက်ဖွယ်ရာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တော်လှန်ရေးကာလအတွင်း တရားဥပဒေ လမ်းကြောင်းအရ တရားမျှတမှုရယူရန် စိန်ခေါ်မှုများရှိနေသော်လည်း အမျိုးသမီးအဖွဲ့အစည်းများက နည်းလမ်းပေါင်းစုံဖြင့် တရာမျှတမှု ရယူသွားမည်ဖြစ်ကြောင်းနှင့် ကျူးလွန်သူများကို လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေဘဲ တာဝန်ယူမှု ၊ တာဝန်ခံမှုများ ရှိလာစေရန် စောင့်ကြည့်တိုက်တွန်း သွားမည်ဟု ဖော်ပြထားသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်အနေဖြင့် လုပ်ငန်းအတူတွဲလုပ်ခြင်း၊ဟောပြောပွဲများတွင် ဖိတ်ကြားခြင်း၊နေရာပေးခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနှင့် အသိမှတ်ပြုခြင်းအား လုံးဝ မပြုလုပ်ကြရန် အမျိုးသမီး အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလိုက်သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာရခြင်းမှာ အမျိုးသမီးထုမှ လုပ်ငန်းခွင်အတွင်း မညီမျှမှုများကို ဖော်ထုတ်ပြီး တရားမျှတမှုနှင့် တန်းတူညီမျှ အခွင့်ရေးကို ၁၈၅၇ခုနှစ်တွင်အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန္ဒပြတောင်းဆိုရာမှ စတင်ခဲ့သည်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှူကို အသိမှတ်ပြုသည့်အနေဖြင့် ၁၉၁၁ ခုနှစ်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ်လ (၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ တနန်းတူညီမျှမှု အတွက် လိုအပ်ချက်များကို ဖော်ထုတ်ကာ အမျိုးသမီးများ၏ စွမ်းဆောင်နိုင်ရည်နှင့် စွမ်းဆောင်နိုင်ခွင့်တို့ကို အလေးထား ဂုဏ်ပြုသော နေ့ဖြစ်ပါသည်။