သျှမ်းပြည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသော ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းအမျိုးမျိုးကို အခွန်အခ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းရှိ ကုန်စုံဆိုင်အမျိုးမျိုး၊ ဟိုတယ် (Hotel) နှင့် KTV စသည့် ဆိုင်ခန်းနှင့် လုပ်ငန်းအမျိုးမျိုးကို အခွန်ကောက်သွားမည်ဟု ထုတ်ပြန်လာသည်။
“ဖေဖော်ဝါရီလ အစတုန်းကတော့ ကားဂိတ်ဖွင့်ဖို့ ဈေးသွားမေးကြည့်တာ ၉ သိန်းတဲ့။ ဈေးအရမ်းကြီးလို့ မဖွင့်ဖြစ်ဘူး။ ကုန်စုံဆိုင် အခွန်အခတွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ လာပြောသွားတယ်။ သူတို့ဆီမှာ အခွန်ဆောင်ဖို့ပေ့ါ။ ၁ လကို အနည်းဆုံး ၅ သိန်းပေးရမယ်လို့ပြောတယ်။ တချို့ကလည်း သွားပေးပြီးပြီ၊ တချို့ကလည်း မပေးရသေးဘူး” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မြို့ပေါ်တွင် ဖွင့်ထားသည့် အလှပြင်ဆိုင်၊ KTV ၊ Hotel တို့သည် အခွန်အခများကို လစဉ်ပေးဆောင်ရမည်ဖြစ်ပြီး အခြားသော ဆိုင်ခန်းနှင့် ကုန်စုံဆိုင်များသည် အခွန်အခကို ၁ နှစ်တစ်ကြိမ် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လားရှိုးမြို့အတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းနှင့် ကုန်စုံဆိုင်အမျိုးမျိုးတို့၏ အခန်းအခများကို ဆိုင်ခန်းပေါ် မူတည်၍ တစ်လလျှင် အခွန်အခ မည်မျှကောက်ခံမည်၊ ၁ နှစ်လျှင် အခွန်အခ မည်မျှပေးဆောင်ရမည်ကို MNDAA တာဝန်ရှိသူများက ပြန်လည်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်လများတွင် အခွန်ပေးဆောင်ထားသည့် ဒေသခံများကိုလည်း လာမည့် ဇွန်လတွင် ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများမှ အခွန်အခဈေးနှုန်းအသစ် ပြန်လည်သတ်မှတ်မည့်ဖြစ်သည့်အတွက် ပြန်လည်သတ်မှတ်သည့် ဈေးနှုန်းအတိုင်း အခွန်အခများကို ပေးဆောင်ရမည်ဟု ဆိုသည်။
အလားတူ လားရှိုးမြို့မှ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ဟိုပန် စသည့်မြို့တို့ကို တင်သွင်းသည့် စက်သုံးဆီတင်ယာဉ်များကို မတ်လ ပထမပတ်မှစ၍ သိန္နီမြို့ အဝင်/အထွက် Aisa World ဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်နေရကြောင်း သိန္နီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ စက်သုံးဆီတင်တဲ့ ကားတွေကို အဲ့ Asia World မှာ ကောက်နေတာ။ ပန်လော့ကနေ ကွတ်ခိုင်သွားတဲ့ လမ်းပေါ့။ သိန်းနဲ့ချီပြီး တောင်းနေတာ။ အဲ့လိုတွေ ဂိတ်ဖွင့်ပြီး ကောက်နေတော့ တခြားမြို့ကို စက်သုံးဆီတင်ပို့တဲ့ ယာဉ်တွေက အဲ့သိန္နီတံတားတွေနားမှာ ရပ်ထားနေရတာလည်း ရှိတယ်။ ဂိတ်တွေကလည်း များတယ်။ တချို့ နေရာမှာဆို သူတို့ကို စက်သုံးဆီပေးရတယ်။ ပုံးအဝါနှစ်ပုံး” ဟု သိန္နီမြို့ ဒေသခံ၎င်းအမျိုးသားက ပြောသည်။
ယခုကဲ့သို့ သျှမ်းမြောက်လမ်းပိုင်းတကြောတွင် လက်နက်ကိုင်အဖွဲ့များမှ ဂိတ်ကြေးများတောင်းခြင်း၊ အခွန်များ တောင်းခံခြင်းတို့ကြောင့် စက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ်မြှင့်တက်နေရကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့၊ သိန္နီမြို့တွင်းတွင် MNDAA ထံ အခွန်ပေးဆောင်ကာ လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားပြီး လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV နှင့် မာဆက်အနှိပ်ဆိုင်များ ပိုမိုပေါများလာကြောင်း ဒေသခံများက ပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင်လည်း ဆိုင်ခန်း၊ ကုန်စုံဆိုင်အမျိုးမျိုးနှင့် ဆေးခန်းတို့ကိုလည်း အခွန်ကောက်ခံခြင်းကြောင့် ဒေသခံများ ပေးဆောင်နေရကြောင်း သိရသည်။