ရခိုင်ပြည်၊ စစ်တွေမြို့ကို အဝင်/အထွက်ပြုလုပ်သည့် လမ်းပေါက်ဟူသမျှကို စစ်ကောင်စီက ပိတ်ထားသည့်အပြင် စက်လှေ၊ သမ္ဗာန်များကိုပါ ထိန်းချုပ်ထားသဖြင့် မြို့ခံများ ထွက်ပေါက်မရဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ လက်နက်ပစ်ခတ်သံများထွက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ မြို့တွင်းမှ မြို့နယ်များကိုသွားသည့် ရေလမ်းကြောင်း အဝင်၊ အထွက် လမ်းပေါက်များတွင် စစ်ကောင်စီတပ်သားများက အစောင့်ချထားပြီး စက်လှေ၊ သမ္ဗာန်များကိုပါ ထိန်းချုပ်ထားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အများအားဖြင့် ချောင်းစပ် စက်လှေ၊ သမ္ဗာန်ထွက်လို့ရတဲ့နေရာတွေကို စစ်သားတွေကို အုပ်စုလိုက် တပ်ခွဲလိုက်၊ တပ်စိပ်လိုက် ခွဲပြီးချထားတယ်။ လှေတွေကိုထိန်းချုပ်ထားတယ်။ ဒေသခံတွေကို လုံးဝထွက်ခွင့်မပေးတော့ဘူး" ဟု ပြောသည်။
စက်လှေ၊ သမ္ဗာန်များထွက်ပါက ပစ်မိန့်ပေးကာ ဖမ်းဆီးခိုင်းထားသဖြင့် မြို့တွင်းနေဒေသခံများမှာ လေကြောင်းမှလွဲ၍ ပြေးစရာနေရာမရှိတော့ဘဲ ပိတ်မိနေပြီး အခက်ခဲရောက်နေကြသည်ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"အခုက ဒေသခံတွေ လှုပ်လို့မရတဲ့အနေအထားပါ။ ရပ်ကွက်တခုကနေတခုတောင် ဝေးရင် သွားခွင့်မပေးထားဘူး ။အရင်ကဆို ထွက်လို့ရတဲ့နေရာတွေရှိသေးတယ်။ အခု စစ်ကောင်စီက အကုန်လုံးကိုပိတ်လိုက်ပြီ။ လေကြောင်းတခုပဲရှိတယ်။ မရှိဆင်းရဲတဲ့သူတွေလည်း မပြေးနိုင်ဘူး။ ရန်ကုန်မှာလည်း ဖမ်းတယ်လေ" ဟု ပြောသည်။
လက်ရှိ ဆတ်ရိုးကျ၊ ကုလားချောင်း၊ ကယ်ဆယ်ရေးချောင်းဝ၊ နာဇီရွာချောင်း၊ သင်္ဘောဆိပ်ချောင်းအတွင်းတွင် ရပ်နားထားသည့် စက်လှေ၊ သမ္ဗာန်များကို စစ်ကောင်စီက ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ သူလျှိုလွှတ်ထားသည့် စက်လှေ၊ သမ္ဗာန်များကိုသာ သွားလာခွင့်ပြုထားသည်ဟုလည်း မြေပြင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီသည် မြို့ခံများ ထွက်ပြေးမည်ကိုစိုးရိမ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် မြို့တွင်းရှိ ဒေသခံပြည်သူများကို ဝင်/ထွက်သွားလာခွင့်ပိတ်ထားပြီး လူသားဒိုင်းကာအဖြစ် ထားရှိနေခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။
စစ်တွေရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်းနေပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးရုံသာမက စစ်ဘေးရှောင်ရန်သွားသူများကိုလည်း ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုပါမကျန် ဖမ်းဆီးနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုလုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
ဖေဖော်ဝါလ ၅ ရက်နေ့ကလည်း စစ်တွေမြို့မှ နယ်ဘက်သို့ တိမ်းရှောင်ရန်ပြင်ဆင်ထားသည့် တစ်နှစ်အရွယ်ကလေးနှင့်မိခင်အပါအဝင် အရပ်သား ၁၀ ကျော်သည် အိမ်တစ်အိမ်တွင် လူစု၍ တည်းခိုနေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ညဉ့် ၁၁ နာရီကျော်ခန့်၌ ထိုအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
စစ်တွေတွင် ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် အာရက္ခတပ်တော် (AA) ရှိနိုင်သည့်နေရာဟူသမျှကို မှန်းဆကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။