ဘုရားသုံးဆူကို လျှပ်စစ်နှင့် လောင်စာဆီရောင်းချမှု ရပ်ဆိုင်းခြင်းသည် နှစ်ဘက်ထိခိုက်ဟု DKBA ပြော

ဘုရားသုံးဆူကို လျှပ်စစ်နှင့် လောင်စာဆီရောင်းချမှု ရပ်ဆိုင်းခြင်းသည် နှစ်ဘက်ထိခိုက်ဟု DKBA ပြော

KNU - ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ်နေသည့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အားနှင့် လောင်စာဆီများ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းသည် တရုတ်ရင်းနှီးမြှုပ်နှံသူများထက် နှစ်ဘက်ပြည်သူများသာ ထိခိုက်သွားသည်ဟု DKBA ဗိုလ်မှူးကြီးစောအေဝမ်းက ပြောသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်အခြေပြု တရုတ်လူမျိုးများ၏ ရာဇဝတ်လုပ်ငန်းများကို နှိမ်နင်းရန် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘုရားသုံးဆူမြို့သို့ လျှပ်စစ်ဓါတ်အားရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယခုလို ရပ်ဆိုင်းလိုက်ခြင်းအပေါ် မြို့လုံခြုံရေး တာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် - DKBA ၊ အမှတ် - ၂ စစ်ကွပ်ကဲရေး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယခုလို မှတ်ချက်ပြုပြောသည်။

“မီးဖြတ်၊ လောင်စာဆီတင်သွင်းမှု ဖြတ်လုပ်တာက မီးမသုံးရဘူး အဲဒါဘဲမြင်တာပေါ့။ တကယ်က လောင်စာဆီရောင်းတာကလဲ ထိုင်းဘဲ၊ လျှပ်စစ်ဓာတ်အားရောင်းတာလဲ ထိုင်းဘဲ။ နယ်စပ်ကုန်ပစ္စည်း တင်သွင်းမှုပိတ်ရင်လဲ သူတို့ဘဲ ပြန်ထိမှာ။ အမှန်ဆိုရင် ဒီလိုလုပ်တာ သူတို့ကြိုပြောထားဖို့လိုတယ်။ တရုတ်တွေကို ထိခိုက်မှုမရှိဘူး။ လုပ်လို့မရရင် သူတို့ပြန်သွားမှာဘဲ။ အများစုက မြန်မာပြည်မှတ်ပုံတင်ကိုင်ထားတဲ့ ကိုးကန့်တွေဘဲ အခုတောင်မှ ရှမ်းမြောက်မှာ အခြေအနေကောင်းလို့ တော်တော်များများ ပြန်သွားနေပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့၌ စက်ရုံအလုပ်ရုံများ မရှိသလို လုပ်ငန်းကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများလည်း မရှိ၍ ထိခိုက်မှု မကြီးမားသော်လည်း တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်သူများ ထိခိုက်မှုရှိသည်ဟု မြို့ခံများထံမှ သိရသည်။

ယခင် ထိုင်းဘက်က ဘုရားသုံးဆူမြို့သို့ လျှပ်စစ်ဓါတ်အား ရောင်းချမှုကို ဖြတ်တောက်ခြင်းမျိုး မရှိခဲ့ဘူးသလို ယခုလို ချက်ခြင်းဖြတ်တောက်ခံရ၍ အခက်အခဲများဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

“လောင်စာဆီက ကျနော်တို့ အရင်ကတည်းက ထိုင်းဆီ သိပ်မသုံးဘူး။ ထိုင်းဘက်ဝင်တဲ့ဆီတွေက စျေးပိုကြီးလို့။ အခုလောလောဆယ်တော့ ပြည်သူတွေ စိုးရိမ်ပြီး မီးစက်တွေ၊ ဆီတွေ လိုက်ဝယ်တော့ စျေးက ပိုတက်သွားတယ်။ ကျနော်တို့ကတော့ ပြောတယ်။ အရမ်းကြီးမစိုးရိမ်နဲ့ ကျနော်တို့လည်း နည်းလမ်းတစ်မျိုးမျိုး ပြန်ရှာပေးသွားမယ်” ဟု ဗိုလ်မှူးကြီး အေဝမ်းက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ခံများအနေဖြင့် တရုတ်တို့၏ လောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများကြောင့် ယခုလို ထိုင်းက လျှပ်စစ်မီး မရောင်းချတော့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်နေသည်ဟု မြို့ခံများထံမှ သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...