စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာကားများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုများလာသည့်အတွက် ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဒေသခံများပိုင်ဆိုင်သည့် အရပ်ဘက်ကုန်တင်ကားများကို ပစ်မှတ်ထားဖမ်းဆီးကာ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုမှု ပိုများလာနေကြောင်း သတင်းရရှိသည်။
ပန်းတောင်းသတင်းအရင်းအမြစ်တစ်ဦးက "ဥသျှစ်ပင်မြို့မှာလိုပဲ ပန်းတောင်းမြို့မှာလည်း ဒီလိုလုပ်တယ်။ ဒီအရပ်သားကုန်တင်ကားတွေကို ရိက္ခာပို့တာနဲ့ စစ်သားအင်အားပို့တာတွေမှာ လိုအပ်သလို အသုံးချတာတွေကို ပိုလုပ်လာတယ်။ စစ်ကားတွေဆိုရင် မိုင်းဆွဲခံရလို့ ဒေသခံတွေပိုင်တဲ့ အရပ်ဘက်ကားတွေကို ပစ်မှတ်ထားတာ ဖမ်းဆီးတာတွေ များလာတယ်။ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရရင် ပြည်သူတွေထိခိုက်အောင်လို့ လုပ်နေတယ်ထင်တယ်" ဟု နိရဉ္စရာကိုပြောသည်။
ပဲခူးတိုင်း၊ ပန်းတောင်မြို့နှင့် ဥသျှစ်ပင်မြို့အကြားတွင် ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများပိုင်ဆိုင်သည့် ကုန်တင်ကားကြီးများသည် စစ်တပ်၏ အဓိကပစ်မှတ်ဖြစ်လာသည်ဟု ပန်းတောင်းဒေသခံကားသမားတစ်ဦးက ပြောသည်။
"အရင်လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်းက နေဒီလိုဖြစ်စဉ်တွေတောက်လျှောက်ဖြစ်နေတာ။ အခုနောက်ပိုင်းက ဖမ်းတာ။ချောဆွဲတာတောင်မဟုတ်တော့ဘူး။ နယ်ကနေဥသျှစ်ပင်မြို့ကိုဟင်းသီးဟင်းရွက်လာပို့တဲ့၁၆ပေ ကုန်ကားကြီးတွေအဖမ်းခံရတယ်။ ပိုက်ဆံလျော်ရတဲ့ဟာလည်းရှိနေတယ်။ ဒီကားတွေကိုစစ်ကောင်စီက စစ်ဖက်ရေးရာမှာ အသုံးပြုပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ" ဟု ပြောသည်။
စစ်ကောင်စီတပ်မ (၈၈) မှ စစ်ကောင်စီတပ်သားများသည် ပန်းတောင်မြို့မှ ဥသျှစ်ပင်ကိုသွားသည့် ပန်းတောင်း (၉၂) လမ်းဆုံတွင် ကားများကို ဖမ်းဆီးပြီး ဆင်တဲကပစတွင်ထားရှိကာ ထိုနေရာမှတစ်ဆင့် စစ်ရေးဆိုင်ရာကိစ္စရပ်များတွင် အဆိုပါကားများကို အသုံးပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် ပန်းတောင်းမြို့နယ်ရှိ အရပ်သားပိုင်ကားများနှင့် ပိုင်ရှင်များစာရင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကောက်ယူနေပြီး အဆိုပါစာရင်းများကို စစ်ကောင်စီစစ်တပ်အရာရှိများကို ပေးပို့ရသည်ဟု ဆိုသည်။
စစ်ကောင်စီက စာရင်းအလိုက် ကုန်တင်ကားများကို ပန်းတောင်းမြို့ရှိ စစ်ကောင်စီစခန်း၊ တပ်ရင်းများသို့ခေါ်ယူကာ လိုအပ်သလို အသုံးချနေသည်ဟု ပြောဆိုသည်။
ဥသျှစ်ပင်မြို့တွင်လည်း အိမ်စီးကားအပါအဝင် ကုန်ကားများ၊ ခရီးသည်တင်ကားများနှင့် ပိုင်ရှင်များ၏ နေအိမ်များကို ဇန်နဝါရီ ၂၆ ရက်နေ့မှစပြီး အုပ်ချုပ်ရေးမှူး၊ စစ်သား၊ ရဲသားများက စာရင်းကောက်ယူပြီးကားများကို အလှည့်ကျချောဆွဲကာ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ရိက္ခာ၊ လက်နက်နှင့် စစ်သားများကို ပို့ဆောင်နေသည်ဟု သိရှိရသည်။